ပရီးမီးယားလိဂ် title race မှာ မန်စီးတီး အပေါ် လီဗာပူးတို့ အသာရနေတဲ့ အရာကို ထောက်ပြလိုက်တဲ့ ဂယ်ရီနဗီး

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဖြစ်သူ ဂယ်ရီနဗီးက လီဗာပူးရဲ့ တိုက်စစ်ပိုင်းဟာ ပြိုင်ဘက်ခံစစ်တွေကို အထူး ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်လို့ ဆိုလိုက်ပြီး ဒါဟာ ပရီးမီးယားလိဂ် title race မှာ မန်ချက်စတာစီးတီးထက် အားသာနေတဲ့ အဓိက အချက်ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဆက်လက်ပြီး ယူနိုက်တက် နောက်ခံလူဟောင်းက ပရီးမီးယားလိဂ် title race ကို ဒီရာသီရဲ့ နောက်ဆုံး ရက်သတ္တပတ်တွေထိ မြင်တွေ့သွားရမှာ ဖြစ်တယ်လို့လည်း ခန့်မှန်းခဲ့ပါတယ်။

စီးတီးဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး လီဗာပူးက နိုင်ပွဲတွေ တောက်လျှောက် ဆက်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်က ပြန်လည် ရှင်သန်လာခဲ့ပြီး လီဗာပူးဟာ လက်ရှိမှာ ဂွာဒီယိုလာရဲ့ အသင်းနဲ့ ၆ မှတ် ကွာနေပေမယ့်လည်း လက်ကျန် တစ်ပွဲတော့ ကစားရဖို့ ရှိနေပါသေးတယ်။ ဒီနှစ်သင်း လာမည့် ဧပြီလ အစောပိုင်းမှာ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲစဉ်ဟာ အမှတ်ပေးဖလား အတွက် အဆုံးအဖြတ် တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

စီးတီးဟာ အမှတ်ပေးဖလားကို ကာကွယ်နိုင်ရန် ရေပန်းအစားဆုံး အသင်းအဖြစ် ရှိနေပေမယ့်လည်း နဗီးက ပြီးခဲ့တဲ့ ဇန်နဝါရီလက လူး၀စ်ဒီယက်ကို ခေါ်ယူအားဖြည့်ခဲ့တဲ့ လီဗာပူး တိုက်စစ်ပိုင်းဟာ စီးတီးထက် အားသာနေတဲ့ အဓိကအချက် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

နဗီးက “လီဗာပူးဟာ သူတို့ရဲ့ လူစာရင်း သူတို့ရဲ့ အသင်းမှာ မန်စီးတီးထက် ပိုကောင်းတဲ့ တိုက်စစ် ကစားသမားတွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဒီလိုပဲ တကယ် ယုံကြည်ထား ပါတယ်။ ခင်ဗျားတို့ မာနေး ဆာလား ဖာမီနို ဂျိုတာ ဒီယက် နဲ့ အိုရီဂီ တို့ရဲ့ တိုက်စစ်ပိုင်းကို ကြည့်လိုက်ပါ။ ဒီကစားသမား ၆ ဦးဟာ ပြိုင်ဘက်တွေကို ကြီးမားစွာ ခြိမ်းခြောက်နိုင်စွမ်း ရှိတဲ့သူတွေပါ။

သူတို့ထဲက ၃ ဦး ၄ ဦးလောက်ဟာ တကယ့်ကို ထိပ်တန်း အဆင့် ကစားသမားတွေ ဖြစ်ကြပြီး ကျန်ကစားသမား ၂ ဦးကလည်း ကမ္ဘာ့အဆင့် ကစားသမားတွေပါ။ ရာသီကုန်ထိ တိုက်ပွဲ၀င်သွားရဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် title race မှာ ဒါဟာ သူတို့ကို တကယ့်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်စေပါတယ်။” လို့ ဆိုခဲ့ ပါတယ်။

စီးတီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူနိုက်တက်ကို အီတီဟတ်မှာ ၄-၁ နဲ့ နိုင်ခဲ့တဲ့ ဒါဘီပွဲစဉ်မှာ သူတို့ရဲ့ တိုက်စစ်စွမ်းရည်ကောင်းကို ပြသနိုင်ခဲ့ပြီး ဒီဘရိုင်းနား နဲ့ မာရက်ဇ် တို့က ၂ ဂိုးစီ သွင်းယူခဲ့ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက အထောင်တိုက်စစ်မှုးစစ်စစ် မရှိဘဲ ပရီးမီးယားလိဂ်ဖလားကို ဗိုလ်စွဲနိုင်ခဲ့သလို ဒီရာသီမှာလည်း အထောင်တိုက်စစ်မှုးစစ်စစ် မပါတဲ့ ကစားကွက်နဲ့ပဲ အကောင်းဆုံး ကစားလျက် ရှိနေပါတယ်။

SM