ပရီးမီးယားလိဂ် သွင်းဂိုး 2000 ပြည့်မြောက်သွားတဲ့ လီဗာပူး

ပရီးမီးယားလိဂ် လို့ အမည် ပြောင်းလဲ သတ်မှတ်ပြီး နောက်ပိုင်း ဆုဖလား ဆွတ်ခူးနိုင်မှု အနေအထား အရကြည့်လိုက်မယ် ဆိုရင် လီဗာပူး က အအောင်မြင်ဆုံး အသင်းတွေထဲမှာ ပါဝင်နေခြင်း မရှိပါဘူး။ သို့သော် သူတို့ အသင်းဟာ တိုက်စစ်ကို အသားပေး ကစားဟန် နဲ့ သမိုင်းကြောင်း တစ်လျှောက် အစဉ်အဆက် တည်ဆောက်ခဲ့တယ် ဆိုတာ စုစုပေါင်း သွင်းထားတဲ့ သွင်းဂိုး အရေအတွက်က သက်သေပြလျှက် ရှိနေပါတယ်။

ပရီးမီးယားလိဂ် သမိုင်းမှာ သွင်းဂိုး 2000 ပြည့်မြောက်အောင် ပထမဆုံး သွင်းယူနိုင်ခဲ့တာက ယူနိုက်တက် ဖြစ်ကာ လက်ရှိမှာ သူတို့ရဲ့ သွင်းဂိုး က 2175 ဂိုး အထိ ရှိနေပြီ ဖြစ်ပါတယ်။

မနေ့ညက ဘရိုတ်တန် နဲ့ ကစားအပြီးမှာတော့ လီဗာပူး ကလဲ ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် သွင်းဂိုး 2000 ပြည့်မြောက်အောင် ရယူပြနိုင်တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာခဲ့ပါတယ်။ ဘရိုတ်တန် ဘက်ကို ပင်နယ်တီ ကနေ တဆင့် သွင်းယူခဲ့တဲ့ မို ဆာလာ ရဲ့ ဂိုးဟာ 2000 ပြည့်သွင်းဂိုး ဖြစ်ပြီး ၊ ဒီရာသီ သူ့ရဲ့ သွင်းဂိုး 20 ပြည့်မြောက်တဲ့ ဂိုးလဲ ဖြစ်ပါတယ်။

လီဗာပူး ဟာ အခုလို သွင်းဂိုးပေါင်း 2000 ပြည့်မြောက်ဖို့ အတွက် ပွဲပေါင်း 1143 ပွဲ ကစားလိုက်ရကာ ၊ စုစုပေါင်း နိုင်ပွဲ 601 ပွဲ ရရှိခဲ့ပြီး ၊ 261 ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ပြန်ပေးလိုက်ရတဲ့ ဂိုးအရေအတွက် 1141 ဂိုး အထိ ရှိခဲ့ကာ ၊ Clean Sheet ပွဲပေါင်း 437 ပွဲ ရယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် လီဗာပူး အတွက် ဂိုးအများဆုံး သွင်းထားသူက ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး ရော်ဘီ ဖောင်လာ ဖြစ်ပြီး စုစုပေါင်း 128 ဂိုး နဲ့ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ အဲဒီ နောက်မှာတော့ ဂျရတ် က 120 ဂိုး ၊ မိုက်ကယ် အိုဝင် က 118 ဂိုး ၊ လက်ရှိ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ မို ဆာလာ က 115 ဂိုး ၊ ဆာဒီယို မာနေး က 86 ဂိုး နဲ့ ဘော်ဘီ ဖာမီနို က 70 ဂိုးစီ အစဉ်လိုက် သွင်းယူပေးထားခဲ့ကြပါတယ်။

ပရီးမီးယားလိဂ် ကာလ အတွင်း လီဗာပူး အတွက် ဂိုးအများဆုံး ဖန်တီးပေးခဲ့သူက ဂန္တဝင် အသင်းခေါင်းဆောင်ဟောင်းကြီး စတီဗင် ဂျရတ် ဖြစ်ပါတယ်။ သူဟာ စုစုပေါင်း 92 ကြိမ် အထိ ဖန်တီးပေးခဲ့ကာ ၊ မက်နာမန် က 58 ကြိမ် နဲ့ ဒုတိယ မြောက် ဂိုးဖန်တီးမှု ကစားသမား အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ထူးခြားတာ က လက်ရှိ တိုက်စစ်မှုး ဖာမီနို က စုစုပေါင်း ဖန်တီးမှု 45 ကြိမ် နဲ့ တတိယမြောက် အများဆုံး ဖြစ်ပြီး ၊ သူ့ရဲ့ နောက်မှာတော့ အာနိုး နဲ့ ရော်ဘတ်ဆန် တို့က 44 ကြိမ်စီ နဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

ပြိုင်ဘက်ကွင်းတွေ ထဲမှာတော့ လီဗာပူး ဟာ နယူးကာဆယ် ရဲ့ စိန့်ဂျိမ်းပါ့ခ် ကွင်းထဲမှာ ဂိုးအများဆုံး သွင်းယူခဲ့ပြီး ၊ စုစုပေါင်း 43 ဂိုး အထိ ရှိနေပါတယ်။ ရာသီ အလိုက် သွင်းဂိုးတွေကို ကြည့်လိုက်မယ် ဆိုရင် 2013-2014 ဘောလုံးရာသီ သွင်းဂိုး က အမြင့်ဆုံး ဖြစ်ကာ ၊ စုစုပေါင်း ပရီးမီးယားလိဂ် သွင်းဂိုး 101 ဂိုး အထိ ရှိခဲ့ပါတယ်။

လီဗာပူး ဘက်ကို ဂိုးအများဆုံး သွင်းယူ ထားတဲ့ တိုက်စစ်မှုးဟာ အင်ဒို ကိုးလ် ဖြစ်ကာ စုစုပေါင်း 11 ဂိုး သွင်းယူခဲ့သလို ၊ အွန်နရီ နဲ့ ဗာဒီ တို့က စုစုပေါင်း 8 နဲ့ ဒုတိယ သွင်းဂိုး အများဆုံး ပြိုင်ဘက် ကစားသမားတွေ အဖြစ် ရပ်တည်နေကြပါတယ်။

SM