ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ စီမံခန့်ခွဲမှု အညံ့ဖျင်းဆုံး ကလပ်ကို ပြောပြလိုက်တဲ့ ကာရေဂါ

လီဗာပူး ဂန္တ၀င် ဂျေမီကာရေဂါက အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ စီမံခန့်ခွဲမှု အညံ့ဖျင်းဆုံး ကလပ် ဖြစ်ပြီး ဥရောပရဲ့ စီမံခန့်ခွဲမှု အညံ့ဖျင်းဆုံး ကလပ်တွေ ထဲက တစ်ခု ဖြစ်တယ်လို့ ဆိုလိုက်ပြီး အသင်းပိုင်ရှင် နဲ့ ကစားသမားတွေ အတွက် ဒါဟာ တကယ့်ကို ရှက်စရာပဲလို့ သရော်သွားခဲ့ပါတယ်။

အဲဗာတန်ဟာ အရမ်းကို ခက်ခဲတဲ့ ရာသီ တစ်ခုကို ဖြတ်သန်းနေရပြီး နည်းပြ ရာဖေးဘင်နီတက်ဇ် ရာထူးကနေ ထုတ်ပယ်ခံခဲ့သလို ၎င်းရဲ့ နေရာမှာ ဖရန့်လမ်းပတ် အစား၀င်လာခဲ့ပေမယ့်လည်း the Toffees တို့ဟာ အဆင့် ၁၇ နေရာမှာပဲ ရှိနေသေးကာ တန်းဆင်းဇုန် တိုက်ပွဲကို အပြင်းအထန် ဆင်နွှဲနေရပါတယ်။ ကလပ်ဟာ ကွင်းပြင်ပ ပြသနာတွေလည်း ရှိနေကာ ကလပ်ရဲ့ ရင်းနှီးမြှပ်နှံသူ အူစမန်နော့ဟာ ယူကေအစိုးရက ဆန်ရှင်လုပ်မှုကို ခံခဲ့ရတာကြောင့် အဲဗာတန်ဟာ ရုရှားလူမျိုးနဲ့ လမ်းခွဲခဲ့ရကာ ရင်းနှီးမြှပ်နှံသူ အသစ် ရှာဖွေနေရပါတယ်။

ကလပ်ရဲ့ အဓိက ရှယ်ယာရှင် ဖြစ်သူ ဖာဟတ်မိုရှီရီဟာ အဲဗာတန် အတွက် ငွေသုံးစွဲမှုတွေ များစွာ လုပ်ပေးခဲ့ပေမယ့်လည်း အပြောင်းအရွေ့ လုပ်ဆောင်မှု အမှားအယွင်းတွေကြောင့် ငွေဖြုန်းတီးသလို ဖြစ်နေခဲ့ကာ ဝေဖန်မှုတွေ များစွာ ခံထားရပါတယ်။ ဒ့ါကြောင့် ဂျေမီကာရေဂါဟာ ကလပ်ရဲ့ အပြောင်းအရွေ့ ပေါ်လစီ အပေါ် အဓိက ထောက်ပြ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အကြောင်းရင်း များစွာကို အခြေခံကာ လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက အင်္ဂလန်မှာ အဲဗာတန်ထက် ကွင်းတွင်း ကွင်းပြင် စွမ်းဆောင်မှု ညံ့ဖျင်းထက် ကလပ် မရှိဘူးလို့ ဆိုခဲ့ပါတယ်။

ကာရေဂါက “ကျွန်တော် ကတော့ အဲဗာတန်ဟာ ဒီနိုင်ငံမှာ စီမံခန့်ခွဲမှု အညံ့ဖျင်းဆုံး ကလပ်လို့ ထင်ပါတယ်။ သူတို့ဟာ ဥရောပရဲ့ စီမံခန့်ခွဲမှု အဆိုးဆုံး ကလပ်တွေ ထဲက တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ သူတို့ ဖြစ်ကို ဖြစ်ရမှာပါ။ သူတို့ဟာ ငွေကြေးတွေ များစွာ သုံးစွဲခဲ့ပေမယ့် အလုပ် မဖြစ်ခဲ့တာကြောင့်ပဲ မဟုတ်ပါဘူး။ အခြား ကလပ်တွေလည်း ဒါမျိုးတွေ ဖြစ်ခဲ့ပါတယ်။

အဲဗာတန်တို့ လုပ်ဆောင်ခဲ့တဲ့ တစ်ချို့ အရာတွေဟာ တကယ့်ကို မယုံနိုင်စရာ ကောင်းပါတယ်။ ဇန်နဝါရီမှာ သူတို့ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်လိုက်ပါ။ နောက်တန်း အစွန်လူ ၂ ဦးကို ခေါ်ယူပြီး တစ်ပတ် အကြာမှာပဲ နည်းပြကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ အယ်ဂါဇီကို ခေါ်ယူခဲ့ပါတယ်။ ဘာကြောင့်များ သူ့ကို ခေါ်ယူခဲ့တာလဲ? သူတို့ဟာ တိုက်စစ်မှုး လိုအပ်နေတာ ဖြစ်ပေမယ့် တောင်ပံကစားသမားကို ခေါ်ယူခဲ့ပါတယ်။ ဘာကြောင့် သူ့ကို ခေါ်ယူခဲ့သလဲဆိုတာ ကျွန်တော် သိတောင် မသိတော့ပါဘူး။

ဒါ့ကြောင့် သူတို့ဟာ ကာလတို အတွင်းမှာ မန်နေဂျာ ၅ ဦး ၆ ဦးလောက် အပြောင်းအလဲ ဖြစ်ခဲ့တာပါ။ ဒီကလပ်ကို ရောက်သွားခဲ့တဲ့ ဘယ်မန်နေဂျာ မဆို ဒါတွေကို အလှည့်အပြောင်း လုပ်နိုင်မယ်လို့ ထင်ထားခဲ့ကြတာပါပဲ။ ဒါ့ကြောင့် ကျွန်တော် လမ်းပတ် အတွက် အနည်းငယ် စိုးရိမ်မိပါတယ်။ ဘာလို့လဲဆိုတော့ အဲဗာတန်ဟာ ခုချိန်မှာ မန်နေဂျာ တစ်ဦး အနေနဲ့ သွားရောက် ကိုင်တွယ်လို့ ကောင်းတဲ့ ကလပ် မဟုတ်လို့ပါ။ ကွင်းပြင်ပတွေမှာလည်း ပြသနာတွေ အများကြီး ရှိနေပါတယ်။ ဒါဟာ တကယ့်ကို ရှုပ်ထွေးနေတဲ့ ကလပ်ပါ။

ပိုင်ရှင်ကလည်း ဘောလုံး အကြောင်းကို ဘာမှ မသိပါဘူ။ ပြီးတော့ အခုချိန်မှာ အူစမန်နော့နဲ့ ပက်သက်တဲ့ အရာတွေလည်း ရှိနေပါတယ်။ ကစားသမားတွေ ဆိုရင်လည်း ကျွန်တော် လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ပြောခဲ့သလိုပဲ သူတို့ရဲ့ စွမ်းဆောင်မှုတွေဟာ တကယ့်ကို ရှက်ဖွယ်ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

အဲဗာတန်ဟာ တန်းဆင်းဇုန်ရဲ့ အထက် ၃ မှတ် အကွာမှာ ရပ်တည်နေကာ အဆင့် ၁၈ နေရာက ၀က်ဖို့ဒ်ထက် ၂ ပွဲလျော့ ကစားထားခဲ့တာကြောင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တော့ ရှိနေပါတယ်။ အဲဗာတန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ အရေးပါတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး လာမည့် တနင်္ဂနွေနေ့မှာ ၀က်ဟမ်းနဲ့ ပွဲကျပ် ကစားသွားရမှာ ဖြစ်ပါတယ်။

SM