ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားကို ကလော့ ရောင်းချခဲ့တယ်လို့ ယုံကြည်နေတဲ့ မီကာရစ်ချက်

မီကာရစ်ချက်က ဖိလစ်ပီကော်တင်ညိုဟာ သူ လီဗာပူးမှာ နောက်ဆုံး ကစားခဲ့တဲ့ ၂၀၁၇-၁၈ ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ဘရာဇီး ကွင်းလယ်ဖန်တီးရှင်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွေ့မှာ လီဗာပူး ကနေ ဘာစီလိုနာကို ပြောင်းရွေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွေ့ခဲ့သူ ဖြစ်ပြီး ကော်တင်ညိုဟာ ၂၀၁၇ ခုနှစ် နွေရာသီမှာ ကလပ်ကနေ ထွက်ခွာခွင့် တောင်းဆိုခဲ့ကာ ဇန်နဝါရီ အပြောင်းအရွေ့မှာ အန်ဖီးကနေ ထွက်ခွာခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ကော်တင်ညိုဟာ နူးကမ့်မှာတော့ လီဗာပူးမှာတုန်းကလို ကစားပုံမျိုး မပြသနိုင်ခဲ့ဘဲ ရုန်းကန် ခဲ့ရပြီး ဒီအတွက် ပွဲထွက် ကစားသမား စာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အပြင် ဘိုင်ယန်မြူးနစ် အသင်းထံ တစ်ရာသီ အငှားချခြင်းကိုလည်း ခံခဲ့ရပါတယ်။ ကော်တင်ညိုဟာ လီဗာပူး ကနေ မထွက်ခွာမီ သူ့ကစားသမား ဘ၀ရဲ့ အကောင်းဆုံး ပုံစံကို ပြသခဲ့ပြီး အန်ဖီးကလပ် အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ဂိုး ၂၀ အထိ ပါ၀င်ပက်သက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကော်တင်ညိုဟာ ဘာစီလိုနာ ကနေ အက်စတွန်ဗီလာကို အငှားလာရောက် ကစားလျက် ရှိနေပြီး အင်္ဂလန်မှာ နောက်ထပ် တစ်ကြိမ် သူ့ရဲ့ အရည်အသွေးတွေကို ပြသလျက် ရှိနေပါတယ်။ BBC Match of the day ရဲ့ top 10 postcast အစီအစဉ်မှာ အလန်ရှီးယားရား နဲ့ ရစ်ချက် တို့ဟာ ကော်တင်ညိုကို ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး နံပါတ် ၁၀ ကစားသမား ၁၀ ဦးစာရင်းမှာ ထည့်သွင်း သွားခဲ့ပါတယ်။

ဂယ်ရီလိုင်နီကာ ကလည်း ဒါကို သဘောတူညီခဲ့ပြီး ကော်တင်ညို အနေနဲ့ ဘာစီလိုနာကို ငွေကြေး များစွာနဲ့ ပြောင်းရွေ့ခဲ့ပြီးနောက် လာလီဂါမှာ ဘာကြောင့် ထင်ထားသလို ဖြစ်မလာခဲ့သလဲ ဆိုတာ သူရဲ့ ထင်မြင်ချက်ကို ပြောပြသွားခဲ့ ပါတယ်။

လိုင်နီကာက “ကော်တင်ညိုဟာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အရည်အသွေး ရှိတဲ့ ဘောလုံးသမားပါ။ သူဟာ ဘာစီလိုနာမှာ ထင်ထားခဲ့သလို မလုပ်ပြနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ သူ့ရဲ့ ကစားဟန်ကို လီဗာပူးမှာ မြင်တွေ့ခဲ့ရပြီး သူဟာ ဂိုးထောင့်ထဲကို အဝေးကန်ချက်တွေနဲ့ ဝေ့၀ှက် ကန်သွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တစ်ခါတစ်ရံ ကစားသမားတွေဟာ ကြီးကြယ်တဲ့ ဘောလုံးအသင်းတွေကို ပြောင်းရွေ့တဲ့ အခါ ဒါဟာ သူ့တို့ အတွက် တအားကို ဖိအားကြီးမားလွန်းနေတာ ဖြစ်တက်ပါတယ်။

လူတွေက ဒီနိုင်ငံက ကလပ်တွေမှာ ကစားရတာကလည်း ဖိအားတွေ အရမ်းများတာပဲလေလို့ တွေးကြမှာပါ။ ကျွန်တော် ဆိုရင်လည်း ဘာစီလိုနာမှာ အစ ကောင်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ game မှာ အကောင်းဆုံး အစိတ်အပိုင်းက စိတ်ဓာတ်အင်အား ဖြစ်ပါတယ်။ ဘာစီလိုနာမှာ ကစားရတာဟာ အင်္ဂလန် ကလပ်တွေမှာ ကစားရတဲ့ ဖိအားထက် အများကြီးကို ကြီးမားလွန်းပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ရစ်ချက် ကလည်း “ကျွန်တော် ကတော့ သူ လီဗာပူး ကနေ ဘာစီလိုနာကို ပြောင်းရွေ့ခဲ့ပြီးနောက် အဲဒီမှာ အလုပ် မဖြစ်ခဲ့တဲ့ အပေါ် အံ့အားသင့်ခဲ့ပါတယ်။ ဘာစီလိုနာဟာ သူရဲ့ ကစားဟန်နဲ့ တကယ့်ကို အံ၀င်ခွင်ကျ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် တွေးထားခဲ့တာ ဖြစ်ပါတယ်။ သူ လီဗာပူး ကနေ ထွက်ခွာလာခဲ့တဲ့ အချိန်မှာ ကော်တင်ညိုဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဟုတ်တယ် မဟုတ်လား?” လို့ ဆိုခဲ့ပါတယ်။

SM