ပရီးမီးယားလိဂ်ခေတ်မှာ လီဗာပူးရဲ့ အကောင်းဆုံး တိုက်စစ်မှုး ၅ ဦးကို ပြောပြလိုက်တဲ့ ဖာဒီနန်

လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် era မှာ အရမ်းကို ကောင်းမွန်တဲ့ တိုက်စစ်မှုးတွေကို ပိုင်ဆိုင်ခဲ့တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ဖာနန်ဒိုတောရက်စ် ၊ လူး၀စ်ဆွာရက် ၊ ရော်ဘီဖောင်လာ ၊ မိုက်ကယ်အို၀င် ၊ ဒန်နီရယ်စတားရစ်ခ်ျ နဲ့ လက်ရှိ အချိန်မှာ စံချိန်တွေကို ချိုးဖျက်နေတဲ့ မိုဟာမက်ဆာလားလို ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ခံစစ်မှုးဟောင်း ဖြစ်သူ ရီယိုဖာဒီနန်ဟာ သူ့ရဲ့ ကစားသမားဘ၀ ဒီတိုက်စစ်မှုးတွေထဲက တစ်ချို့နဲ့ ထိပ်တိုက် ရင်ဆိုင် ကစားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဖာဒီနန်က ပရီးမီးယားလိဂ်ခေတ်မှာ လီဗာပူးတို့ ပိုင်ဆိုင်ခဲ့တဲ့ အကောင်းဆုံး တိုက်စစ်မှုး ၅ ဦးကို ရွေးချယ် ပေးသွား ခဲ့ပါတယ်။

ဖာဒီနန်က “ပရီးမီးယားလိဂ်ခေတ် ကိုပဲ ကျွန်တော် ပြောရမယ် ဆိုရင် မိုဆာလားဟာ နံပါတ်တစ် ဖြစ်ပြီး လူး၀စ်ဆွာရက်က နံပါတ် ၂ ပါ။ ကျွန်တော် တောရက်စ်ကို အို၀င်ရဲ့ ရှေ့မှာ ထားသွားမှာပါ။ ဒါ့အပြင် ရော်ဘီဖောင်လာ ကိုလည်း သူ့ရဲ့ ရှေ့မှာ ထားသွားမှာ ဖြစ်ပါတယ်။ မိုက်ကယ်အို၀င် အနေနဲ့ ပရီးမီးယားလိဂ်ခေတ်မှာ လီဗာပူး ရဲ့ top 5 တိုက်စစ်မှုးတွေ ထဲမှာ ပါ၀င်နိုင်တာ ကံကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ဖာဒီနန်က အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရနေတဲ့ အချိန်မှာ မိုက်ကယ်အို၀င်ဟာ ပြိုင်ဘက်တွေ အတွက် ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုး ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မန်ယူနိုက်တက် နောက်ခံလူဟောင်းက “ကျွန်တော့် အနေနဲ့ သူတို့ရဲ့ လီဗာပူး ကစားသမား ဘ၀ စွမ်းဆောင်မှု နဲ့ ကစားသမား ဘ၀ တစ်လျှောက် စွမ်းဆောင်ခဲ့မှု တွေကို ခြုံငုံပြီး ပြောနေတာ ဖြစ်ပါတယ်။ အကယ်၍ ဒီကစားသမား တွေရဲ့ ကလပ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့တဲ့ ၁ နှစ် ၂ နှစ်တာ ကာလကို ပြောရမယ် ဆိုရင်တော့ အို၀င်ဟာ ခုနက ပြောခဲ့တဲ့ ကစားသမားတွေရဲ့ အထက်မှာ ရှိနေပါတယ်။

အကယ်၍ ကျွန်တော်တို့ နံပါတ် ၉ စစ်စစ် အကြောင်း ပြောရမယ် ဆိုရင် ဆွာရက်ဟာ တကယ့် ထိပ်တန်း ကစားသမား ဖြစ်ပြီး ကြီးကြယ်တဲ့ ကစားသမား တစ်ဦးပါ။ ဒါပေမယ့် မိုက်ကယ်အို၀င်ရဲ့ အကောင်းဆုံး ပုံစံ ရခဲ့တဲ့ ၁ နှစ် or ၂ နှစ်တာ ကာလဟာ ပြိုင်ဘက် အသင်းတွေကို ကျန်ကစားသမားတွေထက် အိပ်မပျော်တဲ့ ညတွေကို ပိုမို ဖန်တီး နိုင်ပါတယ်။” လို့ အဆုံးသတ် ခဲ့ပါတယ်။

အို၀င်ဟာ သူ့ရဲ့ အကောင်းဆုံး အချိန်တုန်းက တကယ့်ကို ယှဉ်မကစားနိုင်လောက်အောင် ဖြစ်ခဲ့ပြီး လီဗာပူးမှာ ဘလွန်းဒီအောဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန် ကြယ်ပွင့်ဟောင်းဟာ လျှင်မြန်မှု နဲ့ တိကျတဲ့ အဆုံးသတ် စွမ်းရည်တွေကို ပိုင်ဆိုင်ထားပြီး နောက်ခံလူတွေ အနေနဲ့ နေရာလွတ်ကို တစ်လက်မတောင် ပေးလို့ မရနိုင်ပါဘူး။ အကယ်၍ အို၀င် အနေနဲ့ ဒဏ်ရာ ပြသနာတွေသာ မကြုံတွေ့ခဲ့ရဘူး ဆိုရင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှုး တစ်ဦး ဖြစ်လာနိုင်ပါတယ်။

SM