ပနားမားနဲ့ ပွဲက တီကောင်စတိုင်လ် အောင်ပွဲခံပုံရဲ့ နောက်ကွယ်က အကြောင်းအရာကို ရှင်းပြခဲ့တဲ့ ပူလီဆစ်

ယနေ့ မနက် က ကစားခဲ့တဲ့ ကွန်ကာကပ်ဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တပွဲမှာ အမေရိကန် လက်ရွေးစင် အသင်း ဟာ ပနားမား လက်ရွေးစင် အသင်းကို ၅ – ၁ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပြီး ၊ တိုက်ရိုက် ခြေစစ်ပွဲ အောင်ဖို့ လက်တကမ်း အလိုကို ရောက်လာပါတယ် ။

အုပ်စု နောက်ဆုံးပွဲ အဖြစ် အဆင့် ၄ နေရာ က ကော်စတာရီကာ အသင်းနဲ့ ကစားဖို့ ကျန်နေသေးပေမယ့် ၊ လက်တွေ့ အရဆိုရင် အမေရိကန်တို့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆင်နွှဲဖို့ ၉၉ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်ပါတယ် ။

တိုက်ရိုက် ဝင်ခွင့် တနေရာ ရဖို့ အမေရိကန် အသင်း ဟာ ယနေ့ မနက်ပွဲမှာ အင်အား အပြည့် ထုတ်သုံးခဲ့ပြီး ၊ ပထမပိုင်း အတွင်းမှာတင် ၄ဂိုးပြတ်နဲ့ ပွဲကို အေးအေးဆေးဆေး ဦးဆောင်နိုင်ခဲ့ပါတယ် ။

အမေရိကန်တို့ အတွက် သွင်းဂိုးတွေကို အသင်းခေါင်းဆောင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် က ဟက်ထရစ် ၊ အခြား တောင်ပံ ကစားသမား တဦး ဖြစ်တဲ့ အာရီယိုလာ ၊ လူငယ် တိုက်စစ်မှူး ဖာရဲရားတို့က တဂိုးစီ အဆုံးသတ် သွင်းယူခဲ့ပါတယ် ။

ဟက်ထရစ် ရခဲ့တဲ့ ပူလီဆစ် ဟာ ဒုတိယမြောက် သွင်းဂိုး ဖြစ်တဲ့ ပင်နယ်တီဂိုး အပြီးမှာ တီကောင်စတိုင်လ် အောင်ပွဲခံမှု လုပ်ခဲ့ပြီး ၊ ဒါဟာ ကွင်းတွင်း အိမ်ရှင် ပရိသတ်တွေနဲ့ အမေရိကန် အသင်းဖော်တွေ အတွက် ရယ်မောစရာ ဖြစ်ခဲ့ပါတယ် ။

တကယ်တမ်းမှာ ပူလီဆစ် ဟာ ဒီ အောင်ပွဲခံပုံကို အရိုးကင်ဆာ ဝေဒနာ ခံစားနေတဲ့ အမေရိကန် ပရိသတ် တဦး ဖြစ်တဲ့ မေဆင် အိုဂယ်လ် အတွက် ရည်ညွှန်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ် ။ အိုဂယ်လ် ဟာ ယနေ့ မနက်က ပွဲမတိုင်မီ အမေရိကန် လက်ရွေးစင် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ထံ ရောက်လာခဲ့ပြီး ၊ ပူလီဆစ်ကို ဂိုးသွင်းနိုင်ခဲ့ရင် သူ့အတွက် တီကောင် စတိုင်လ် အောင်ပွဲခံပုံမျိုး လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာ ပူလီဆစ် က ယင်း အောင်ပွဲခံပုံနဲ့ ပတ်သက်ပြီး ” မနေ့က ကျွန်တော် ဟာ အထူး စပါယ်ရှယ် ပုဂ္ဂိုလ် တဦးနဲ့ တွေ့ခဲ့ပါတယ် ။ သူ့နာမည်က မေဆင်ပါ ။ နောက်ဆုံး သူ့အနေနဲ့ တောင်းဆိုချင်ခဲ့တာ က ကျွန်တော်သာ ဒီနေ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် သူ့အတွက် တီကောင်စတိုင်လ် အောင်ပွဲခံပုံမျိုး လုပ်ပေးဖို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အမေရိကန် တိုက်စစ်မှူး ဂျေဆုစ် ဖာရဲရား ကလည်း ပူလီဆစ်ရဲ့ အောင်ပွဲခံပုံနဲ့ ပတ်သက်ပြီး ” ဒီလို သူ အောင်ပွဲခံလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိပါဘူး ။ အဲလိုလည်း အောင်ပွဲခံရော ၊ ကျွန်တော် မြင်မြင်ချင်း အံ့လည်း အံ့သြမိသလို ၊ စိတ်လည်း လှုပ်ရှားမိပါတယ် ။ ”

” ဂိုးသွင်းနိုင်တဲ့အခါ အကောင်းဆုံး အရာ တခုက အောင်ပွဲခံရခြင်းပါ ။ နောက်ပြီး သူက ထူးခြားတဲ့ ဒီလို တီကောင်ပုံစံ အောင်ပွဲခံတာ ဖြစ်လို့ ၊ ကျွန်တော် ကတော့ ဒီ အောင်ပွဲခံပုံကို rating 8 လောက် ပေးပါတယ် ။ 10 တော့ မပေးနိုင်ပါဘူး ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အောင်ပွဲခံပုံက အနည်းငယ် မသေသပ်ခဲ့လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အလားတူ အမေရိကန် တောင်ပံ ကစားသမား ပေါလ်အာရီယိုလာကလည်း ” ကျွန်တော်ကတော့ ဒီ အောင်ပွဲခံပုံကို 5 လောက်ပဲ ပေးပါမယ် ။ ဒါကလည်း သူ့ရဲ့ လက်ဟန်ခြေဟန် ပျော့ပျောင်းမှု အတွက်ပါပဲ ။ ဒီထက် ပိုသေသပ်ရင်တော့ ကောင်းတာပေါ့ ။ ဒါပေမယ့် ဒီလို အောင်ပွဲခံပုံမျိုး ကျွန်တော်လည်း မလုပ်တတ်ပါဘူး ။ ဒီတော့ ဘာလို့ ကျွန်တော်က အကဲဖြတ်သူ ဖြစ်ရမလဲ ? ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR