ပင်နယ်တီ အဆုံးအဖြတ်ရောက်ရင် Panenka ပုံစံနဲ့ သွင်းပြမယ်လို့ ကြိုပြောခဲ့ပေမယ့် ၊ ဒီယက်ဇ် က မယုံခဲ့ပါဘူး #ဖာဘင်ဟို

လီဗာပူး အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမားကြီး ဖာဘင်ဟို က ကာရာဘောင် ဖလား ဗိုလ်လုပွဲ ပင်နယ်တီ အဆုံးအဖြတ်မှာ Panenka ပုံစံ နဲ့ ဂိုးသွင်းပြမယ့် အကြောင်း ကစားဖော် လူးဝစ် ဒီယက်ဇ် ကို ကြိုတင် အသိပေးခဲ့ပေမယ့် ၊ ကိုလံဘီယာ ကစားသမား ကတော့ မယုံကြည်ခဲ့ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

ဖာဘင်ဟို ဟာ ကွင်းလယ် အဖျက် နေရာမှာ ကစားနေသည့်တိုင်အောင် 2022 ခုနှစ် အတွင်းမှာ သွင်းဂိုးတွေ ဆက်တိုက် ရယူကာ ၊ အသင်းအတွက် အရေးပါတဲ့ ရလာဒ်ကောင်းတွေ ရအောင် ကူညီ စွမ်းဆောင်ပေးလျှက် ရှိနေပါတယ်။ ယခင် က ဆိုရင် နည်းစနစ် ပိုင်းဆိုင်ရာ အရ ဖာဘင်ဟို ဟာ ပြိုင်ဘက် ရဲ့ တန်ပြန် တိုက်စစ်ကို တားဆီးဖို့ အတွက် အဓိက တာဝန်ယူခဲ့ရသော်လဲ ၊ နောက်ပိုင်းမှာောတ့ ကလော့ပ် က အလွတ်တည်ကန်ဘောတွေ ကန်သွင်းတိုင်း သူ့ကို 18 ကိုက် အတွင်းထိ လိုက်ပါခွင့် ပေးခဲ့ပါတယ်။

အဲဒီ အကြောင်းအရင်း ကြောင့်ပဲ သူဟာ သွင်းဂိုးတွေ ပိုမို ရရှိလာတာ ဖြစ်တဲ့အကြောင်း ရှင်းပြခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ အပတ် က ကစားခဲ့တဲ့ ကာရာဘောင် ဖလား ဗိုလ်လုပွဲမှာတော့ လီဗာပူး နဲ့ ချဲဆီး တို့ဟာ ကစားသမား 11 ယောက် စလုံး ပင်နယ်တီ ကန်သွင်းရတဲ့ အထိ အကြိတ်အနယ် ရှိခဲ့ပြီး ၊ နောက်ဆုံး အလှည့်အရောက်မှာ ကီပါ က မိုးပေါ်ထောင်ပြီး ကန်သွင်းလိုက်တဲ့ အတွက် 11-10 ရလာဒ် နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ ပါတယ်။

အဲဒီ ဗိုလ်လုပွဲမှာ ဖာဘင်ဟို ဟာ ထူးထူးခြားခြား Panenka စတိုင် နဲ့ ပင်နယ်တီ ကန်သွင်းခဲ့တာပါ။ ဘာကြောင့် အဲဒီလို လုပ်ဆောင်ခဲ့ရတာလဲ ဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်းကိုတော့ အခုလိုပဲ ပြောပြသွားခဲ့ ပါတယ်။

“ ဗိုလ်လုပွဲ မကစားခင် တစ်ရက် အလိုမှာတော့ ကျနော် ဟာ Panenka ပုံစံ ကန်သွင်းဖို့ လေ့ကျင့်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အချိန်က ဒီယက်ဇ် နဲ့ ကျနော်တို့ နှစ်ယောက်သာ ရှိပြီး ၊ ဂိုးသမားလဲ မပါ ပါဘူး။

အဲဒီ စတိုင်နဲ့ ကန်သွင်းကြည့်နေချိန်မှာ ကျနော် က “ မနက်ဖြန် ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်သွားမယ် ဆိုရင် ငါက ဒီလို ပုံစံနဲ့ သွင်းပြမယ်” လို့ သူ့ကို ပြောခဲ့တာပါ။ သူကတော့ မယုံပါဘူး။

ဒါပေမယ့် တကယ်လဲ ပင်နယ်တီ ကန်ဖို့ လမ်းလျှောက်သွားချိန်မှာတော့ ကျနော့် စိတ်ထဲမှာ အဲဒီ အကြောင်းကို ပေါ်လာပြီး Panenka ပုံစံ ကန်မယ် ဆိုပြီး ဖြစ်သွားတာပါ။ အလုပ်လဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုမျိုး ပင်နယ်တီ အဆုံးအဖြတ် ခံယူတော့မယ် ဆိုရင် ကိုယ့်ရဲ့ ကန်ချက်က ဂိုးအဖြစ် ပြောင်းလဲ နိုင်ခြင်း မရှိဘူး ဆိုရင် အဝတ်လဲခန်းထဲကို မသွားရဲတော့ပါဘူး ။ အကုန်လုံးက ဝိုင်းပြီး သတ်ကြမှာပါ (ရယ်လျှက်)။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာတော့ ဒီ ပင်နယ်တီ ကို မဖြစ်ဖြစ်အောင် ကန်ပြမယ် ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိနေခဲ့ပါတယ်” လို့ ပြန်လည် ရှင်းပြသွားခဲ့ ပါတယ်။

လီဗာပူး ဟာ အင်္ဂါနေ့ ညမှာတော့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် စီးရီးအေ ချန်ပီယံ အင်တာ မီလန် အသင်းကို အန်ဖီးလ် ကွင်းကြီးထဲမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ဒဏ်ရာ ပြသနာကြောင့် အနားယူနေရတဲ့ မာတစ် ၊ တီယာဂို ၊ ဖာမီနို တို့ ကတော့ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ယာဂန် ကလော့ပ် ကိုယ်တိုင်က အတည်ပြု သွားခဲ့ ပါတယ်။

SM