ပင်နယ်တီတွေ မဝင်ခဲ့မှုဟာ သူ့ရဲ့ လက်ကျန်ဘဝကို အရိပ်မည်းကြီးလို လိုက်လံ ခြောက်လန့် နေတော့မှာ ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ဂျော်ဂျင်ဟို

အီတလီ အသင်း ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်တာဟာ အစောပိုင်းပွဲတွေမှာ သူ့ရဲ့ ပင်နယ်တီ မဝင်ခဲ့မှုတွေကြောင့် ဖြစ်ကြောင်း ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ​က ဝန်ခံ ပြောကြား လိုက်ပါတယ် ။

ပြီးခဲ့တဲ့ ၈ လတုန်းက Azzurri တို့ဟာ ယူရို ဗိုလ်လုပွဲမှာ အင်္ဂလန် အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီကနေ့မှာတော့ အီတလီ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို လွဲချော် ခဲ့ရပြီ ဖြစ်ပြီး ၂ နှစ်ဆက် ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ ပါဝင်ခွင့် မရတဲ့ နာမည်ကြီး အသင်း ဖြစ်လာ ခဲ့ပါတယ် ။

ယူရို ချန်ပီယံ အီတလီ အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-off ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယား အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရတာ ဖြစ်ပါတယ် ။

အီတလီ အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် နောက်ဆုံး ၅ ပွဲမှာ လေးပွဲ သရေကျခဲ့ပြီး ဆွစ်ဇာလန် ရဲ့နောက် အုပ်စု ဒုတိယနေရာမှာသာ ရပ်တည် နိုင်ခဲ့တာကြောင့် အခုလို Play-Off ကစားခဲ့ရတာပါ ။ အီတလီ အသင်းဟာ အုပ်စု အတွင်း အဓိက ပြိုင်ဘက် ဆွစ်ဇာလန် အသင်း နဲ့ နှစ်ကျော့စလုံး သရေရလဒ် ထွက်ပေါ် ခဲ့ပြီး အဲ့ဒီ နှစ်ပွဲစလုံး ပင်နယ်တီ အခွင့်အရေးတွေ ရခဲ့ပေမယ့် ​ဂျော်ဂျင်ဟို ဝင်အောင် ကန်သွင်း နိုင်ခဲ့ခြင်း မရှိပါဘူး ။

ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ကတော့ နှစ်နှစ်ဆက် ကမ္ဘာဖလား ပြိုင်ပွဲ နဲ့ လွဲချော် ခဲ့ရမှု အတွက် သူ့မှာ တာဝန် အပြည့် ရှိကြောင်း ဆိုလိုက်ပြီး ပင်နယ်တီ မဝင်မှုတွေဟာ သူ့ရဲ့ ဘဝကို တောက်လျှောက် ခြောက်လန့် နေတော့မှာ ဖြစ်ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

ဂျော်ဂျင်ဟို က RAI sport မှာ ” ဘာတွေ ဖြစ်ပျက် သွားခဲ့သလဲ ဆိုတာ ရှင်းပြဖို့ အတော် ခက်ခဲပါတယ် ။ အကြီးအကျယ် နာကျင် ခံစားရပါတယ် ၊ ကျွန်တော် အရိုးသားဆုံးပဲ ပြောပါမယ် ၊ ကျွန်တော် ခုထက်ထိ မယုံနိုင်အောင် ဖြစ်နေဆဲပါ ။ ”

” ကျွန်တော်တို့ အခွင့်အရေး ဖန်တီးမှုတွေ မလုပ်နိုင် ၊ ပွဲကို မစိုးမိုး နိုင်ခဲ့တာ မဟုတ်ပါဘူး ၊ အခွင့်အရေးတွေ အများကြီး ဖန်တီး နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် မထင်မှတ်ထားဘူးပဲ ပြောရမှာပါ ၊ ကျွန်တော်တို့ သူတို့ကို အဆုံးသတ် သွားအောင် မလုပ်နိုင်ခဲ့ပ့ါဘူး ။ ”

” ကျွန်တော်တို့ ကောင်းမွန်တဲ့ ဘောလုံး ကစားဟန် ကို ပြသ နိုင်ခဲ့ပြီး ၊ ပြီးခဲ့တဲ့ နွေရာသီမှာ ယူရို ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာ ကျွန်တော်တို့ အမှားတစ်ချို့ လုပ်ခဲ့မိပြီး အဲ့ဒီအမှားတွေကို ပြန်အဖတ်မဆယ်နိုင်ခဲ့ပါဘူး ။ ”

” ပင်နယ်တီ လွဲချော်ခဲ့မှုတွေ အကြောင်း ပြန်တွေးမိတိုင်း ကျွန်တော် နာကျင် ခံစားရပါတယ် ၊ ခုထက်ထိလည်း ကျွန်​တော် အဲ့ဒီအကြောင်း စဉ်းစား မိနေဆဲပါ ၊ ကျွန်တော့်ရဲ့ လက်ကျန် ဘဝ တစ်လျှောက်လုံးအရိပ်မည်းကြီးလို ခြောက်လှန့် နေပါလိမ့်မယ် ။ ”

” အခွင့်အရေး နှစ်ကြိမ် ရခဲ့ရဲ့သားနဲ့ ကိုယ့်နိုင်ငံကို ကူညီ ပေးနိုင်ခဲ့ခြင်း မရှိတာက ကျွန်တော့် ဘဝ တစ်လျှောက်လုံး ပါသွားတော့မှာပါပဲ ။ လူတွေက ကျွန်တော်တို့ ခေါင်းကို မော့ပြီး ရှေ့ဆက်လျှောက်ဖို့ ပြောကြပေမယ့် အဲ့ဒီလို လုပ်ဖို့က တကယ့်ကို ခက်ခဲပါတယ်ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM