နွေရာသီမှာ တပြားမှ မကုန်ဘဲ ရနိုင်မယ့် ထိပ်တန်း ဘောလုံးအသင်း တသင်း

၂၀၂၁ – ၂၀၂၂ ဘောလုံး ရာသီကြီးကတော့ အဆုံးသတ် ပန်းတိုင်ဆီကို အရှိန် အဟုန်နဲ့ ချီတက် နေပါပြီ ။ အမှတ်ပေး ပြိုင်ပွဲ အသီးသီးမှာ ချန်ပီယံ ဆု အတွက် အားပြိုင်မှုတွေ ၊ ဥရောပ ဝင်ခွင့် အတွက် အားပြိုင်မှုတွေ နဲ့ အကျိတ်အနယ် ရှိနေသလို အသင်း နည်းပြတွေ ၊ အမှုဆောင်တွေ ၊ ဒါရိုက်တာတွေ နဲ့ ကစားသမား အေးဂျင့်တွေ ကလည်း မကြာခင် ရောက်လာတော့မယ့် နွေရာသီ အပြောင်းအရွှေ့ ကာလ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ် နေကြပြီ ဖြစ်ပါတယ် ။

ငွေကြေး ဖောင်းပွမှုတွေ နဲ့ အတူ မြင့်မားလာတဲ့ ကစားသမား ခေါ်ယူကြေးတွေဟာ ကိုဗစ်ကြောင့် ဘဏ္ဍာရေး အထိနာထားတဲ့ ကလပ် အသင်းတွေကို အခက်တွေ့ စေခဲ့ပါတယ် ။

ဒါပေမယ့် အပြောင်းအရွှေ့ ကာလ တိုင်းမှာ ငွေလုံး၀ မသုံးဘဲ ခေါ်ယူ နိုင်တဲ့ ကစားသမားတွေ အမြဲ ရှိတတ် ပါတယ် ။

ဇန်နဝါရီမှာ ဆိုရင် အငှား နဲ့ ခေါ်ယူမှုတွေ များပြီး နွေရာသီ အပြောင်းအရွှေ့ ဖြစ်တဲ့ ဇွန် ၊ ဇူလိုင် တို့မှာ ဆိုရင်တော့ စာချုပ် သက်တမ်းပြည့်လို့ အသင်းလက်မဲ့ ဖြစ်သွားကြတဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေး တပြားတချပ်မှ မပေးရဘဲ ခေါ်ယူ နိုင်ကြမှာ ဖြစ်ပါတယ် ။

မနှစ်က နွေရာသီ တုန်းကလည်း PSG ဟာ ရွှေဘောလုံး ၇ ဆုရှင် ( အဆိုပါ အချိန်တုန်းက ၆ ဆု ) လီယွန်နယ် မက်ဆီ ၊ ရီးရဲ အသင်းခေါင်းဆောာင် ရာမိုစ့် ၊ အီတလီ နံပါတ် ၁ ဂိုးသမား ဒွန်နာရမ်မာ နဲ့ လီဗာပူး ရဲ့ နယ်သာလန် ကွင်းလယ်လူ ဝိုင်နယ်ဒမ် တို့ကို ပြောင်းရွှေ့ကြေး လုံး၀ မပေးဘဲ ခေါ်ယူနိုင်ခဲ့တာကြောင့် ၂၀၂၁ နွေရာသီ အပြောင်းအရွှေ့ မှာ လုပ်ဆောင်မှု အကောင်းဆုံး အသင်းအဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။

ဒီနှစ် နွေရာသီမှာလည်း ကလပ် အသင်း အသီးသီး ကနေ စာချုပ်သက်တမ်း ပြည့်လို့ အလွတ်နဲ့ ထွက်ခွာ ကြမယ့် ထိပ်တန်းဆင့် ကစားသမား အရေအတွက်ဟာ ဘောလုံး တသင်းစာမက ရှိနေကြပါတယ် ။

အဲ့ဒိအထဲက အချို့ ဟာ အသစ်ပြောင်းမယ့် အသင်းတွေနဲ့ နှုတ်သဘောတူညီ ထားတာမျိုးတွေ ရှိနေပေမယ့် တရားဝင် မပြောင်းရွှေ့ရ သေးသရွေ့ ဘာမဆို ဖြစ်နိုင်တဲ့ ဘောလုံးလောကကြီးရဲ့ မာယာတွေ ကိုတော့ လျော့တွက် ထားလို့ မရပါဘူး ။

ဒါကြောင့် အခု နွေရာသီမှာ ပြောင်းရွှေ့ကြေး မပေးရဘဲ ခေါ်ယူနိုင်မယ့် နေရာအလိုက် ထိပ်တန်း ကစားသမားတွေ ကို စုစည်းဖော်ပြ ပေးလိုက်ရပါတယ် ။

ဂိုး – အန်ဒရီ အိုနာနာ ( အိုင်ယက်စ် )

တားမြစ်ဆေး အသုံးပြုမှုကြောင့် တနှစ်အထိ ပွဲကစားခွင့် ပိတ်ခံခဲ့ရမှုဟာ အန်ဒရီ အိုနာနာ ရဲ့ အရည်အသွေးကို ကျဆင်း မသွားစေခဲ့ ပါဘူး ။

၂၀၁၉ တုန်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရောက် အိုင်ယက်စ် အသင်းရဲ့ အဓိက ဂိုးသမား ဖြစ်ခဲ့တဲ့ အိုနာနာ ဟာ အယူခံ ဝင်မှု အောင်မြင်ခဲ့တာကြောင့် ပြစ်ဒဏ်ကို ၉ လသာ ကျခံ ခဲ့ရ အပြီးမှာတော့ သူ့ဘ၀ ရဲ့ နောက်ထပ် လှေကားထစ် တခုကို လှမ်းတက်ဖို့ အတွက် အိုင်ယက်စ် ကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။

နွေရာသီမှာ စာချုပ်ပြည့်မယ် အိုနာနာ ကို ဥရောပ ထိပ်သီးများစွာက စောင့်ကြည့် ချဉ်းကပ် နေကြပြီး အင်တာမီလန် နဲ့ သတင်းကြီး နေပေမယ့် တရားဝင် ထုတ်ပြန်ကြေညာထားခြင်းတော့ မရှိသေးပါဘူး ။

နောက်တန်း – ဆီဇာ အက်ဇ်ပီလီကွီတာ ( ချဲလ်ဆီး )

ချဲလ်ဆီး ပရိသတ်တွေ ရဲ့ အချစ်တော် အသင်းခေါင်းဆောင်ကြီး အက်ဇ်ပီလီကွီတာ ဟာလည်း နွေရာသီမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာပါ ။ စာချုပ်သစ် အတွက် ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် အသင်းပိုင်ရှင် အေဘရာမိုဗစ် နဲ့ အတူ ဆန်ရှင် ချမှတ် ခံရပြီး စာချုပ်သစ် ချုပ်မှုတွေ ၊ လူသစ်ခေါ်မှုတွေကိုပါ ပိတ်ပင် ခံခဲ့ရတာကြောင့် အက်ဇ်ပီလီကွီတာ တယောက် ၁၀ နှစ်ကြာ ကစားခဲ့တဲ့ စတမ်းဖိုဒ့် ဘရစ် ကို ဘယ်လိုနည်းနဲ့ မဆို နှုတ်ဆက်ရဖို့ သေချာ စေခဲ့ပါတယ် ။

လက်ရှိမှာတော့ ဘာစီလိုနာ က ၃၂ နှစ် အရွယ် စွယ်စုံရ ခံစစ်သမားကြီးကို ချိတ်ဆက်နေပြီး စပိန်သား ဖြစ်နေတာက အက်ဇ်ပီလီကွီတာ ကို ဘာစီလိုနာ ဂျာစီ နဲ့ မြင်ရဖို့ အလားအလာတွေ နီးစပ်စေခဲ့ ပါတယ် ။

နောက်တန်း – အန်တိုနီယို ရူဒီဂါ ( ချဲလ်ဆီး )

လုပ်ခ လစာ ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ချဲလ်ဆီး နဲ့ စာချုပ်သက်တမ်း တိုးဖို့ နှောင့်နှေး နေတဲ့ ရူဒီဂါ ကတော့ သူ့ဘ၀ ရဲ့ အကောင်းဆုံး အချိန်ကို ဖြတ်သန်း နေသူ တယောက်ပါ ။

ချဲလ်ဆီး ဘက်က စာချုပ်သစ် ချုပ်ပေးဖို့ အလားအလာ မရှိတော့တာကြောင့် နွေရာသီမှာ အသင်းသစ်ကို ရှာဖွေ ရတော့မှာ ဖြစ်ပြီး သူလိုချင်တဲ့ အရာတွေကို ပေးနိုင်မယ့် အသင်းကိုသာ ရွေးဖို့ သေချာသလောက် ရှိနေပါတယ် ။

ရူဒီဂါ ရဲ့ အရည်အသွေး ကလည်း ဒီလိုတောင်းဆိုဖို့ ထိုက်တန်နေတဲ့ အချိန်ပါ ။ လက်ရှိမှာတော့ PSG တသင်း လောက်ပဲ ဂျာမန်သားကို လိုလိုချင်ချင် ရှိနေပုံရပြီး ဂျာမန်သားမှန်ရင် ဆွဲစားတတ်တဲ့ ဘိုင်ယန်မြုးနစ် ငြိမ်သက် နေတာကလည်း စိတ်ဝင်စားဖို့ ကေင်းနေပါတယ် ။

နောက်တန်း – ဒန် အက်ဆယ် ဇာဂါဒူ ( ဒေါ့မွန် )

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၂ နောက်ခံ ကစားသမားလေးဟာ ဒေါ့မွန် မှာ ပညာသင်ယူလို့ ပြီးမြောက်ပြီလို့ ယူဆ ထားပြီး နွေရာသီမှာ ပိုမြင့်တဲ့ တဆင့်ကို လှမ်းတက်ဖို့ စဉ်းစား နေပါတယ် ။

ကစားသမားကောင်း တယောက် နဲ့ ကောလဟာလ ထွက်တိုင်း မပါမဖြစ် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီး အသင်းတွေ ဖြစ်ကြတဲ့ ယူဗင်တပ် ၊ အင်တာ မီလန် နဲ့ အသင်းဟောင်း PSG တို့က ဇာဂါဒူ ကို စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။

လူငယ်ဖြစ်တာကြောင့် လုပ်ခလစာလည်း များများ ပေးရဖို့ မရှိသလို ရေရှည်လည်း အသုံးပြုနိုင်မယ့် ကစားသမားမျိုးပါ ။ အရည်အသွေးကိုတော့ ပြန်ပြီး ဆန်းဆစ်ဖို့ လိုအပ်မယ် ထင်ပါတယ် ။

နောက်တန်း – မာဆယ်လို ( ရီးရဲမက်ဒရစ် )

ရီးရဲမက်ဒရစ် မှာ ၁၅ နှစ်ကြာအောင် အလုပ်အကျွေးပြု အပြီးမှာတော့ မာဆယ်လို ရဲ့ မက်ဒရစ် နေ့ရက်တွေ ဆုံးခန်းတိုင်ဖို့ အချိန် ရောက်လာခဲ့ ပါပြီ ။

အသင်းရဲ့ ဂန္ထဝင် တယောက် အဖြစ် ပရိသတ်တွေက သတ်မှတ်ထားသလို ၁၅ နှစ် အတွင်း ရခဲ့တဲ့ ဆုဖလားတွေ ၊ အောင်မြင်မှုတွေ ကလည်း မာဆယ်လို ကို နောက်ပြန်လှည့်ပြီး ဝမ်းနည်းစရာ မလိုတဲ့ ခွဲခွာမှုကို ဖြစ်စေမှာပါ ။

အခုချိန်ထိ ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရှိသေးဘဲ ဥရောပ ကို စွန့်ခွာကာ ဇာတိ ဘရာဇီးကို ပြန်ဖို့က ပိုပြီး ဖြစ်နိုင်ချေ များလို့ နေပါတယ် ။

အလယ်တန်း – ပေါလ် ပေါ့ဘာ ( မန်ယူနိုက်တက် )

ပေါ့ဘာ ယူနိုက်တက် ကနေ ရာသီအကုန်မှာ ထွက်မယ့် ကိစ္စ ဟာ ဘောလုံး လောက အတွက် ထူးဆန်းတဲ့ အရာ မဟုတ်တော့ ပါဘူး ။ ရီးရဲ မက်ဒရစ် ၊ PSG နဲ့ ယူဗင်တပ် တို့ အထဲက တသင်းသင်း ကို ရောက်မှာ ကလည်း ကြိုပြီး ရေပန်းစား ထားတဲ့ အရာပါ ။

မေးခွန်းက တခုပဲ ရှိပါတယ် ။ အသင်းသစ် မှာ ပေါ့ဘာ တယောက် မန်ချက်စတာ ယူနိုက်တက် တုန်းက ပျောက်ကွယ်နေတဲ့ ကမ္ဘာ့အဆင့် ကွင်းလယ် ခြေစွမ်းမျိုးတွေကို ပြန်ပြီး ပြသနိုင်မလား ဆိုတာပါပဲ ။

အလယ်တန်း – လူကာမိုဒရစ် ( ရီးရဲမက်ဒရစ် )

မိုဒရစ် နဲ့ ရီးရဲမက်ဒရစ် တို့ အကြားမှာ စာချုပ် သက်တမ်း ကိစ္စက ကြန့်ကြာ နေတဲ့ အကြောင်းတရား ဖြစ်နေပါတယ် ။

၃၆ နှစ် အရွယ် ကွင်းလယ် မာစတာကြီး ရဲ့ အဖြစ်ဟာ မနှစ်တုန်းက ဆာဂျီယို ရာမိုစ့် ဖြစ်ခဲ့သလိုမျိုးပါပဲ ။

မိုဒရစ် ကတော့ ရီးရဲ ကနေပဲ ကစားသမားဘဝကို အနားယူဖို့ စဉ်းစားထားပုံရပြီး စာချုပ်သစ် မချုပ်ဖြစ်ခဲ့ ရင်တော့ ခရိုအေးရှား ကိုပဲ ပြန်သွားဖို့ ရှိနေပါတယ် ။

PSG နဲ့ ဒုတိယ အကျော့မှာ အကောင်းဆုံး ကစားပြ နိုင်ခဲ့တာက ဖလော်ရန်တို ပီရက်ဇ် ရဲ့ စိတ်ကို ပြောင်းလဲ နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ ။

 

အလယ်တန်း – ဖရန့် ကတ်ဆီ ( အေစီမီလန် )

ကတ်ဆီ လို ထိပ်တန်းဆင့် ကွင်းလယ်လူ တယောက်ကို လက်လွှတ်ရတဲ့အထိ အေစီတို့ မရူးမိုက် ပါဘူး ။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က အေစီ ထက် ပိုမြင့်တဲ့ အသင်းဆီ သွားဖို့ ဆန္ဒ ပြင်းပြ နေတာပါ ။

နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ရဲ့ အဆိုအရ ကတ်ဆီ ဟာ ဘာစီလိုနာ ကို ပြောင်းဖို့ အလုံးစုံ သဘောတူပြီးပြီ လို့ သိရပါတယ် ။

ဘာစီလိုနာ အတွက်တော့ စာချုပ်သစ် မချုပ်တဲ့ လူငယ်လေး ဂါဗီ ရဲ့ နေရာအတွက် အစားထိုးမှု ဖြစ်လာနိုင်သလို ပက်ဒရီ ၊ ဖရန်ကီဒီယွန် တို့နဲ့ တွဲဖက်ပြီး ပိုမို အားကောင်းတဲ့ ကွင်းလယ်ကို ဖန်တီးတည်ဆောက်ဖို့လည်း အင်အားသစ် ဖြစ်လာစေမှာပါ ။

ဘာဆာ ကတော့ နောက်ထပ် ထိပ်တန်း ကစားသမားတယောက်ကို ငွေမကုန်ဘဲရဦးမှာပါပဲ ။

ရှေ့တန်း – ပေါ်လို ဒိုင်ဘားလား ( ယူဗင်တပ် )

အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ထိပ်တန်း ကစားသမား စာရင်းထဲကို နောက်ဆုံး ဝင်ရောက် လာတဲ့ သူတော့ ပေါ်လို ဒိုင်ဘားလား ပါပဲ ။

ယူဗင်တပ် မှာ ၇ ရာသီကြာအောင် ကစားအပြီး မှာတော့ အာဂျင်တီးနား တိုက်စစ်သမားလေးနဲ့ ကလပ် တို့ အကြားမှာ စာချုပ်သစ် ကိစ္စတွေ အဆင်မပြေ ဖြစ်လာခဲ့ ပါတယ် ။

အသက် ၂၈ နှစ်သာ ရှိသေးပြီး ဂိုးပုံမှန်သွင်း ၊ ဂိုးတွေ ပုံမှန် ဖန်တီးပေး နိုင်တဲ့ အရည်အသွေးမြင့် ကစားသမား တယောက်ကို တပြားမှ မရဘဲ လက်လွှတ်လိုက်ရတာဟာ ယူဗင်တပ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာ နိုင်ပါတယ် ။

ဒိုင်ဘားလား ဟာ ပေါ့ဘာ နဲ့ ယူဗင်တပ် မှာတုန်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိကြပြီး ၂ ယောက်စလုံးဟာ နွေရာသီမှာ အသင်းလက်မဲ့ ကစားသမားတွေ ဖြစ်ကြတော့မှာပါ ။

သူတို့ အတူ အသင်းသစ် တသင်းတည်းကို ရွေးချယ် ဖြစ်ခဲ့ကြမလားဆိုတာ စိတ်ဝင်စား စရာပါပဲ . . .

ရှေ့တန်း – ခီလီယံ အမ်ဘာပေ ( PSG )

ရီးရဲ မက်ဒရစ် ကို ပြောင်းဖို့ စိတ်ပိုင်းဖြတ် ထားတာကြောင့် ပြင်သစ် ကလပ် ရဲ့ မက်မောဖွယ် ကမ်းလှမ်းမှု မှန်သမျှ ကို တကြိမ်ပြီး တကြိမ် ငြင်းပယ် ခဲ့တဲ့ ဘာပေ ကတော့ လာမယ့် နွေရာသီ ရဲ့ အကြီးမားဆုံးသော အလွတ် ပြောင်းရွှေ့မှု ဖြစ်လာမှာပါ ။

ရီးရဲ ကို ရောက်ဖို့ သေချာ နေတဲ့ အနာဂါတ် ရဲ့ ရွှေဘောလုံးဆုရှင် လို့ တင်စားခံ ထားရတဲ့ ဘာပေ တယောက် ဘာနေဗျူး မှာ နောင်တော်ကြီး ဘန်ဇီးမား ရဲ့ ခြေရာကို လိုက်နင်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ ။

ဒီလိုမှ မဟုတ်ဘဲ ဆန်းကြယ်လှတဲ့ ဘောလုံးလောက ရဲ့ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာပြီး ဘာပေ ကို အခြား ဂျာစီ တခုနဲ့ မြင်တွေ့ရနိုင်မလား ဆိုတာ ကတော့ . . .

ရှေ့တန်း – ဒမ်ဘီလီ ( ဘာစီလိုနာ )

ဘာစီလိုနာ မှာ ပုံစံကောင်းတွေ ပြန်ရနေတဲ့ ပြင်သစ်သား တယောက် နွေရာသီမှာ စာချုပ်ပြည့်ပြီး အလွတ် နဲ့ အသင်းပြောင်းဖို့ ဆက်ပြီး စိတ်ကူး နေသေးသလား ဆိုတာ စဉ်းစားချင် စရာပါပဲ ။

ဇာဗီ ဟာ ရောက်မလာခဲ့ရင်တော့ ဒမ်ဘီလီ ဟာ ဘာစီလိုနာ ပရိသတ်တွေ မကြိုက်တဲ့ ကစားသမား အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်သလို သူကိုယ်တိုင်လည်း အသင်းပြောင်းဖို့ စိတ်ကူးကို ပြန်စဉ်းစားမှာ မဟုတ်ပါဘူး ။

အခုချိန် မှာတော့ အသင်းဖော်သစ်တွေ နဲ့ အတွဲညီညီ ခြေစွမ်းပြ လာနိုင်တာဟာ ဒမ်ဘီလီ ကို နူးကမ့်မှာ ဆက်ရှိနေစေဖို့ အလှည့်အပြောင်း ဖြစ်စေမလား ၊ ဒီလို လုပ်ဖို့ ဆိုရင် သူ လုပ်ခ လစာ ကိစ္စကို ပြန်ညှိနှိုင်း ရမှာပါ ။ ဒီလိုမျိုး ဒမ်ဘီလီ လုပ်ပေး နိုင်မလား . . . . စောင့်ကြည့်ချင်စရာပါပဲ ။

 

SPORTS MYANMAR