နော့တင်ဟမ်ဖောရက်စ်ကို ခက်ခက်ခဲခဲအနိုင်ယူကာ ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မယ့် လီဗာပူးရဲ့ နိုင်ပွဲမှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူး အသင်းဟာ ဒီယေဂိုဂျိုတာရဲ့ နောက်ကျအနိုင်ဂိုးနဲ့ အတူ နော့တင်ဟမ်ဖောရက်စ်ကို ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုင်ယူကာ အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှုးဟာ ဆီမီကတ်ရဲ့ ဖြတ်တင်ဘောကနေ တဆင့် အနီးကပ် ပိတ်သွင်းကာ အဆိုပါ ပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။

ကလော့ဟာ မိနစ် ၆၀ အတွင်း သူ့အသင်းရဲ့ ကစားပုံကို မပျော်မရွှင် ဖြစ်ခဲ့တာကြောင့် ပွဲကို ထိန်းချုပ် ကစားနိုင်ရန် ဒီယက် တီယာဂို ဟန်ဒါဆန် မီနာမီနို တို့ကို ထည့်သွင်းကစားခဲ့ပေမယ့်လည်း သိပ်ပြီး ထူးခြားမှု မရှိဘဲ ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုတွေကို အကြိမ်ကြိမ် ခံခဲ့ရကာ ကံကောင်းလို့သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ အန်ဖီးကလပ်ဟာ ဒီပွဲစဉ်မှာ ကစားပုံ မကော်ငးခဲ့ပေမယ့်လည်း ဒီရလဒ်ကြောင့် ၂၀၁၂ ခုနှစ် နောက်ပိုင်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ပထမဦးဆုံး တက်ရောက်သွားခဲ့ပါတယ်။

၁~အရန် full-back တွေ တောက်ပခဲ့တဲ့ည
အလက်ဇန်းဒါးအာနိုးနဲ့ ရောဘတ်ဆန် တို့ဟာ လီဗာပူးရဲ့ အရေးပါဆုံး နောက်တန်း အစွန်လူတွေ ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့်လည်း လီဗာပူးဟာ ဖောရက်စ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာရနေတဲ့ အလက်ဇန်းဒါးအာနိုး နဲ့ နေမကောင်းဖြစ်နေတဲ့ ရောဘတ်ဆန် တို့ရဲ့ မပါဘဲ ကစားခဲ့ရပါတယ်။ အဆိုပါ ကစားသမား ၂ ဦးရဲ့နေရာမှာ ဂိုးမက်ဇ်ဟာ ညာနောက်ခံလူ အဖြစ် ကစားခဲ့ပြီး ဆီမီကတ်က ဘယ်နောက်ခံလူ အဖြစ် ကစားသွားခဲ့ပါတယ်။ ဂိုးမက်ဇ်ဟာ တိုက်စစ်ပိုင်းမှာ ထရန့်လိုမျိုး ဘောလုံးပေးပို့မှုတွေ မလုပ်နိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းမှာတော့ ပြိုင်ဘက် တိုက်စစ် ကစားသမားတွေကို တည်ငြိမ်စွာနဲ့ ထိန်းချုပ် ကစားသွားခဲ့ပါတယ်။

ဆီမီကတ်ဟာ တိုက်စစ်ပိုင်းကို ပိုမို လိုက်ပါ ကစားသွားခဲ့ပြီး ဒီပွဲစဉ်မှာ ၎င်းရဲ့ set-pieces တွေ လိုအပ်ချက်တွေ ရှိခဲ့ပေမယ့်လည်း ပြိုင်ဘက် ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ လုပ်ပေးခဲ့သလို ဂျိုတာရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုလည်း ညာခြေနဲ့ လှလှပပ ဖန်တီးပေးခဲ့ပါတယ်။

၂~အပိုင်အခွင့်အရေး ဖြုန်းတီးခဲ့တဲ့ ဖာမီနို
ဖာမီနိုဟာ လီဗာပူးကို ရောက်လာပြီးနောက်ပိုင်း ဂိုးရှေ့မှာ တည်ငြိမ်တဲ့ အဆုံးသတ် ဂိုးတွေကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဖာမီနို အနေနဲ့ ပထမပိုင်းမှာ လီဗာပူးတို့ ဦးဆောင်ဂိုး ရယူပေးနိုင်မယ့် အခွင့်အရေးကောင်းရရှိခဲ့့ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့ အခြေအနေကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဘရာဇီး တိုက်စစ်မှုးဟာ တစ်အားကို နီးကပ်နေတဲ့ အနေအထားကနေ ဂိုးသမားကို ကျော်ကာ ကန်သွင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ဖော်ရက်စ် ဂိုးသမားဟာ ဒီကန်ချက်ကို ကောင်းစွာ ရှင်းထုတ်သွားခဲ့ပါတယ်။ အိမ်ရှင်အတွက် ကြီးမားတဲ့ ကံကောင်းမှု ဖြစ်ခဲ့ပေမယ့် လီဗာပူး အတွက်ကတော့ အရမ်းကောင်းတဲ့ အခွင့်အရေး လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

၃~အဓိကတိုက်စစ်ကစားသမားတွေ မပါတဲ့ ဒဏ်ကို ခံစားခဲ့ရတဲ့ လီဗာပူး
မာနေး နဲ့ ဆာလား တို့ဟာ ဖော်ရက်စ်နဲ့ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းမှာ လုံး၀ မပါခဲ့ပေမယ့်လည်း ကလော့ အနေနဲ့ ဒီပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ သူ့ရဲ့ တိုက်စစ်ကစားသမားတွေ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်မယ်လို့ မျှော်လင့်ထားခဲ့မှာ ဖြစ်ပါတယ်။ ဆာလားဟာ သူ့ရဲ့ ခြေထောက်ဒဏ်ရာ ပြန်လည် နာကျင်နေခဲ့လို့ ဒီပွဲမှာ ချန်လှပ်ခဲ့တာ ဖြစ်ပြီး မာနေးကိုတော့ အနားပေးခဲ့ပါတယ်။

ဒါ့ကြောင့် လီဗာပူးရဲ့ front three ဟာ ဖာမီနို ဂျိုတာ နဲ့ အယ်လီယော့ တို့ ဖြစ်ခဲ့ပြီး ၃ ဦးစလုံး ပြိုင်ဘက်ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဖာမီနိုဟာ တစ်ဦးချင်း အပိုင်အခွင့်အရေး လွဲချော်ခဲ့တဲ့ အပြင် အယ်လီယော့ ကလည်း အဆုံးသတ်ပိုင်း လိုအပ်မှုတွေ ရှိသေးတာကို တွေ့ခဲ့ရပါတယ်။ ဂျိုတာကလည်း အနိုင်ဂိုးကို သွင်းပေးခဲ့ပေမယ့် တစ်ပွဲလုံး ရုန်းကန်နေခဲ့ရပြီး လီဗာပူး တိုက်စစ်ဟာ ထက်မြက်မှု ပျောက်ဆုံးနေခဲ့ပါတယ်။ မိနစ် ၆၀ ကျော်ကာ ဒီ front three နေရာမှာ အိုရီဂီ မီနာမီနို နဲ့ ဒီယက် တို့ကို လဲလှယ်လိုက်မယ် ဆိုရင်တော့ လီဗာပူး ပရိတ်သတ်တွေ ကျေနပ်ကြမှာ ဖြစ်ပါတယ်။

၄~ဒုတိယပိုင်းမှာ ကစားပုံ ကောင်းခဲ့တဲ့ ဖောရက်စ်
လီဗာပူး ဂိုးသမား နဲ့ နောက်ခံလူတွေဟာ ပထမပိုင်းမှာ ဖာဘင်ညိုရဲ့ ကွင်းလယ် ခံစစ်ကနေ ကာကွယ်ပေးခဲ့မှုကြောင့် သိပ်ပြီး အလုပ်မရှုပ်ခဲ့ပါဘူး။ ဒါပေမယ့် ဖော်ရက်စ်ဟာ ဒုတိယပိုင်းမှာတော့ ခြားနားတဲ့ အသင်း ဖြစ်သွားခဲ့ပြီး လီဗာပူးကို ရဲရင့်စွာ pressing လုပ် ကစားသွားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဖောရက်စ်ဟာ ပွဲအတွင်း ဆက်ရှိနေဖို့ပဲ အဓိက လုပ်သွားခဲ့ပြီး ဒုတိယပိုင်းမှာတော့ လီဗာပူးရဲ့ဟန်ဖြစ်တဲ့ high pressing counter pressing တွေနဲ့ ပြန်လည် ဒုက္ခပေးခဲ့ပါတယ်။

အလီဆွန်ဟာ ဒုတိယပိုင်းမှာ အလုပ်များခဲ့သလို ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်ပိုင်းကလည်း ဖောရက်စ်ဘက်ကို အခွင့်အရေးတွေ အကြိမ်ကြိမ် ပေးခဲ့ရပြီး ကံကောင်းလို့သာ ပြိုင်ဘက်ကို အရင် ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ ဂျိုတာရဲ့ သွင်းဂိုး မတိုင်မီ အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့်လည်း ဇင်ကာနဂယ်ဟာ ဖြတ်တင်ဘောကို အနီးကပ် ပိတ်သွင်းရာမှာ အံ့ဖွယ် လွဲချော်ခဲ့ပါတယ်။

၅~စွန့်စားခဲ့ရတဲ့ ကလော့
ပွဲချိန် ၆၄ မိနစ်မှာ ကလော့ဟာ ချိန်ဘာလိန် ကီတာ ဖာဘင်ညို အယ်လီယော့ တို့ရဲ့ နေရာမှာ ဒီယက် တီယာဂို ဟန်ဒါဆန် မီနာမီနို တို့ကို ထည့်သွင်းကာ အနိုင်ဂိုးရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။

ဒီအပြောင်းအလဲတွေဟာ အလုပ်မဖြစ်ခဲ့ဘဲ ဖောရက်စ်ဟာ ဒီလူစားလဲမှုတွေ လုပ်ပြီးနောက် ပိုပြီးတော့တောင် ကောင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ ဖောရက်စ်ရဲ့ တိုက်စစ်ဆင်မှုတွေကို ကြံ့ကြံ့ခံကာ ပွဲပြီးခါနီး ၁၀ မိနစ် အလိုလောက်မှာတော့ ဂျိုတာရဲ့ ဂိုးနဲ့ အိမ်ရှင်ရဲ့ အရှိုက်ကို ထိုးသွားခဲ့ပါတယ်။

SM