နော့တင်ဟမ်ကို ခက်ခဲစွာနိုင်ခဲ့တဲ့ပွဲမှာ လီဗာပူးစတားတစ်ဦးရဲ့ စွမ်းရည်တစ်ခုကို ချီးကျူးခဲ့ပြီး စီးတီးနဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် အပေါ် မှတ်ချက်ပေးလိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ မနေ့ညက နော့တင်ဟမ်ဖောရက်စ်ကို ခက်ခဲစွာ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ လီဗာပူး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဒီယိုဂိုဂျိုတာရဲ့ အနိုင်ရဖို့ နည်းလမ်း ရှာဖွေနိုင်တဲ့ စွမ်းရည်ကို ချီးကျူးလိုက်ပြီး ပေါ်တူဂီ စတားဟာ တကယ့် တိုက်စစ်မှုးဟောင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဂျိုတာဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ရဲ့ ပွဲချိန် အများစုမှာ ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန် နေရပြီး ထက်မြက်မှု ပျောက်ဆုံးနေခဲ့ပေမယ့်လည်း လီဗာပူးတို့ ၁-၀ နဲ့ အနိုင်ရမယ့် တစ်လုံးတည်းသော ဂိုးကိုတော့ သွင်းပေးခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲစဉ်မှာ ပုံစံကောင်း ပျောက်ဆုံးပြီး ရုန်းကန် ခဲ့ရပေမယ့်လည်း နောက်ဆုံးမှာတော့ ဂျိုတာရဲ့ ဂိုးနဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှ ကလော့က ဂျိုတာရဲ့ ဆန်းကြယ်လှတဲ့ ဂိုးသွင်းစွမ်းရည် နဲ့ ဂိုးသွင်းဖို့ အတွက် ပြင်းထန်တဲ့ ဆန္ဒနဲ့ အာရုံခံနိုင်စွမ်းတွေကို ချီးကျူးခဲ့ပါတယ်။

ကလော့က “တကယ့်ကို တော်ပြီး တကယ့်ကို ထူးချွန်တဲ့ ကောင်လေးပါ။ ဒီဂိုးဟာ တအားကို ပြောင်မြောက်တဲ့ သွင်းဂိုးပါ။ ဒါဟာ ကြီးမားတဲ့ အခွင့်အရေး ကနေ သွင်းယူခဲ့တဲ့ ဂိုးမဟုတ်ပါဘူး။ အဆုံးသတ်ရတာ ခက်ခဲတဲ့ သွင်းဂိုး ဖြစ်ပါတယ်။ ကော့စတပ်ရဲ့ ဖြတ်တင်ဘော ကလည်း ကောင်းခဲ့ပါတယ်။ ကောင်းမွန်တဲ့ ဘောလုံးပါ။ ဒါပေမယ့် ဒီယိုဂို အနေနဲ့ ဒီဘောလုံးကို မှီဖို့ အတွက် ခြေထောက်ကို ဆွဲဆန့်ခဲ့ရပါတယ်။ သူဟာ တအားကောင်းတဲ့ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ တိုက်စစ်မှုးပါ။ အရမ်းကောင်းတဲ့ တိုက်စစ်မှုး ဖြစ်ပါတယ်။ သူ့ဆီမှာ ဒီလို အခြေအနေမျိုးတွေကို အာရုံခံနိုင်စွမ်း နဲ့ ဒါကို အဆုံးသတ်နိုင်ဖို့ အတွက် ခန္တာကိုယ်ကို ရင်းသွားမယ် ဆိုတဲ့ ဆန္ဒက ရှိပါတယ်။ တအားကို ကောင်းတဲ့ ဂိုးပါ။

ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် သူဟာ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်ဖို့ အတွက် အချိန် အနည်းငယ် ယူရမယ့် ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ သူ နိုင်ငံ့လက်ရွေးစင် အသင်းနဲ့ ကျန်းကျန်းမာမာနဲ့ ပြန်လာဖို့ အတွက် ကျွန်တော် တကယ် မျှော်လင့် နေပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ပုံစံကောင်း ပြန်ရနေတဲ့ ပုံစံမျိုး ဖြစ်နေလို့ပါပဲ။” လို့ ဆိုခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် အပေါ် ကလော့က “ကျွန်တော်တို့ဟာ ၀က်ဖို့ဒ်နဲ့ ဘင်ဖီကာ တို့နဲ့ စတင်ပြီး အဲဒီနောက်မန် စီးတီး၊ယူနိုက်တက် အဲဗာတန် တို့နဲ့ ကစားရမှာပါ။ လီဗာပူးရဲ့ အမြင်အရ ကြည့်မယ်ဆိုရင် ဒါတွေ အားလုံးဟာ တကယ့် ပွဲကြီးပွဲကောင်းတွေ ပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်ဖို့ ကြိုးစားသွားမှာပါ။ အားလုံးကို တစ်ပြိုင်နက်တည်းတော့ မဟုတ်ပါဘူး။ ဒါဟာ မဖြစ်နိုင်ပါဘူး။

ဒီပွဲမစတိုင်မီကတည်းက ဖိုင်နယ်ကို သွားချင်တယ်ဆိုရင် စီးတီးဟာ ကိုယ့်ရဲ့ ပြိုင်ဘက် ဖြစ်လာမယ်ဆိုတာ သိထားပြီးသားပါ။ ပြိုင်ပွဲရဲ့ အမြင့်ဆုံး အဆင့်တွေကို ရောက်လေလေ စီးတီးနဲ့ တွေ့ရဖို့ များလေလေပါပဲ။ ဒီနှစ်မှာတော့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ပါပြီ။ ကျွန်တော်တို့ ကလည်း ပြိုင်ဘက်တွေ တအားဆုံချင်တဲ့ အသင်းလို့တော့ မထင်ပါဘူး။ ဒါပေမယ့် ဒါဟာ ခက်ခဲတဲ့ ပွဲဖြစ်မှာပါ။ ကျွန်တော်တို့ စီးတီးကို ခက်ခဲအောင် လုပ်သွားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမတိုင်မီ အခြားပွဲတွေ အများကြီး ကစားရဖို့ ရှိနေပါသေးတယ်။” လို့ ဆိုခဲ့ပါတယ်။

နော့တင်ဟမ်ဖော်ရက်စ် နဲ့ ပက်သက်ပြီး ကလော့က “စိတ်လှုပ်ရှားစရာပွဲ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ အထူးသဖြင့် အခွင့်အရေးတွေ အသုံးမချနိုင်တဲ့ အခါ ကောင်းကောင်း မကစားနိုင်တဲ့ အခါ ဒါမျိုးတွေ ကြုံရမှာပါ။ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် ကစားနိုင်ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ဂိုးရခဲ့သင့်ပါတယ်။ သူတို့ကို တန်ပြန်တိုက်စစ် တစ်ချို့ကလွဲပြီး ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဂိုးသာ စောစော သွင်းနိုင်ခဲ့မယ်ဆိုရင် ခြားနားတဲ့ပွဲ ဖြစ်သွားမှာပါ။ ဂိုးရတာ နောက်ကျခဲ့တာကြောင့် ပြိုင်ဘက်ရဲ့ စွန့်စား ကစားမှုကို တားဆီးခဲ့ရပါတယ်။ ကောင်းကောင်း မကစားနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ ၁-၀ နဲ့ နိုင်ခဲ့ပါတယ်။

စတီဗီကူးပါး နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကို တကယ်လေးစားပါတယ်။ တကယ့်ကို ကောင်းမွန်လှတဲ့ ကစားပုံကို ပြသသွားခဲ့ပါတယ်။ ဖလားပြိုင်ပွဲတွေမှာ ပါ၀င်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းဟာ နောက်တဆင့် တက်ဖို့ပါ။ ကျွန်တော်တို့ ဒီလို ပြင်းထန်လှတဲ့ atmosphere မှာ လုပ်နိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီတိုက်ပွဲကို ဖြတ်ကျော်ဖို့ အတွက် ပြင်ဆင်ထားခဲ့လို့ပါ။ ကျွန်တော် ဒီအတွက် တကယ် ပျော်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM