နော့တက်ဟမ် ဖောရက်စ် ရဲ့ ပုံစံကောင်းတွေကြောင့် လျှော့တွက်ထားလို့ မရဘူး လို့ ဆိုလိုက်တဲ့ ဟန်ဒါဆင်

လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆင် က ဒီတစ်ပတ်မှာ ကစားမယ့် FA Cup ကွားတားဖိုင်နယ် မှာ နော့တင်ဟမ် ဖောရက်စ် အသင်းကို လုံး၀ လျှော့တွက်ထားလို့ မရဘူးလို့ မှတ်ချက် ပေးလိုက်ပါတယ်။

နော့တင်ဟမ် ဖောရက်စ် ဟာ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဇန်နဝါရီ လ 30 ရက်နေ့က စလို့ အခုထိ ရှုံးပွဲ လုံး၀မရှိသေးသလို၊ FA Cup ဒီအဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ် ၊ လက်စတာ အသင်းတွေကို နောက်ကောက်ချပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် 2022 ခုနှစ်ထဲမှာ ကာဒစ်ဖ် တစ်သင်းထဲကိုသာ 2-1 ရလာဒ် နဲ့ ရှုံးပွဲ ကြုံထားတာ ဖြစ်ပါတယ်။

လီဗာပူး အသင်းခေါင်းဆောင်ကြီးကတော့ ပြိုင်ဘက် ရဲ့ အိမ်ကွင်းမှာ သွားကစားရမှာ ဖြစ်လို့လလုံး၀ ပေါ့ဆလို့ မရတဲ့ အကြောင်းကို အခုလို ပြောပြသွားခဲ့ပါတယ်။

” သူတို့ ကစားပုံက ဘယ်လောက်အထိ ကောင်းမွန်လဲ ဆိုတာ ရလာဒ်ကို လှန်ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။

ပြီးတော့ သူတို့ အိမ်ကွင်းမှာ လက်စတာ ၊ အာဆင်နယ် လို အသင်းတွေကို အနိုင် ကစားပြထားတာလေ။ ဒါကို ကြည့်လိုက်တာနဲ့တင် ဘယ်လောက်ထိ ခက်ခဲမယ် ၊ သူတို့ စွမ်းဆောင်ရည်တွေ ဘယ်လို ရှိနေလဲ ဆိုတာ သိနိုင်ပါတယ်။

သူတို့ အိမ်ရှင် ပရိသတ်တွေက အမှန်အကန် ၀န်းရံကြမယ် ဆိုတာ သေချာပေါက် ပြောရဲသလို ၊ ကျနော်တို့ အတွက် ခက်ခဲတဲ့ ညနေခင်းမျိုး ဖြစ်လာမှာပါ။ ဒါပေမယ့် ကျနော် တို့ကလဲ သူတို့ကို အခက်တွေ့အောင် ပြန်လုပ်ရမှာပါ။

ကျနော့် အနေနဲ့ ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထိန်းထားပြီး ၊ နောက်တစ်ဆင့်ကို ‌တက်လှမ်းနိုင်ရမယ် ဆိုတဲ့ ယုံကြည်မှုမျိူ ရှိနေဖို့ လိုပါတယ်။

လွယ်တော့ လွယ်မှာ မဟုတ်ပါဘူး။ သူတို့ကလဲ ရသလောက် နှောက်ယှက်နိုင်ဖို့ ကြိုးစားမှာပါ။ ကျနော်တို့သာ ၁၀၀% အပြည့် မကစားနိုင်ဘူး ဆိုရင် နောက်တဆင့်ကို တက်ဖို့ လုံလောက်မှာ မဟုတ်ပါဘူး” လို့ သတိပေးသွားခဲ့ပါတယ်။

မကြာခင် ကမှ ၀င်ဘာလေ ကွင်းကြီးထဲမှာ ကာရာဘောင် ဖလား ဆွတ်ခူးပြီး အောင်ပွဲ ခံခဲ့တဲ့ လီဗာပူးဟာ ဒီအဆင့်ကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် FA Cup အကြိုဗိုလ်လုပွဲ ကစားဖို့ ၀င်ဘာလေ ကွင်းကြီးဆီ နောက်တစ်ကြိမ် ချီတက်ခွင့် ရဦးမှာ ဖြစ်ပါတယ်။

ဟန်ဒါဆင် ကတော့ ဒီရာသီမှာ လီဗာပူး အတွက် ပြိုင်ပွဲပေါင်းစုံ ၀င်ရောက် ကစားပေးခဲ့လို့ ၊ တစ်သင်းလုံးမှာ ပွဲအရေအတွက် အများဆုံး ကစားပေးထားသူ အဖြစ် ရပ်တည်နေပါတယ်။

ဒါ့အပြင် လီဗာပူး ကစားသမားဘ၀ ဖလားတော်တော်များများ ဆွတ်ခူးထားပြီးပြီ ဖြစ်လို့ ၊ မရဖူးသေးတဲ့ အက်ဖ်အေ ဖလားကိုလဲ လိုချင်နေမှာ သေချာပါတယ်။

ဆက်လက်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာ ဘင်ဖီကာ နဲ့ တွေ့ဆုံနေတဲ့အပေါ် အခုလို မှတ်ချက်ပေးသွားခဲ့ပါတယ်။

” ကွာတား ဖိုင်နယ် အဆင့်ကို ရောက်လာမှတော့ ဘယ်လို ပြိုင်ဘက်မျိုး နဲ့ ဖြစ်ဖြစ် ရင်ဆိုင် ကစားရတာ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျနော် က ပြိုင်ဘင်ဟာ ဘယ်လို အသင်းမျိုးလဲ ဆိုတာ ကည့်မနေပါဘူး။

ဘယ်သူနဲ့ပဲ တွေ့တွေ့ ကိုယ့်အလုပ်ကို အာရုံစိုက်ပြီး အကောင်းခြေစွမ်း နဲ့ ကစားပေးနိုင်အောင်ပဲ ပြင်ဆင်ထားပါတယ်။

ဘင်ဖီကာ ဟာ နောက်ထပ် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာမှာပါ။

ဒီရာသီမှာ ရှုံးပွဲ မရှိ မှတ်တမ်းတွေနဲ့ ကျော်ဖြတ်နေတဲ့ အေဂျက် လို အသင်းမျိူးကိုတောင် နောက်ကောက်ချပြခဲ့တာပါ။ ပြီးတော့ အဝေးကွင်းမှာ အနိုင်ယူပြတာလေ။

ဒါ့ကြောင့် ကျနော် တို့အတွက် ခက်ခဲတဲ့ ပြိုင်ဘက်မျိုးပါပဲ။ အထူးသဖြင့် ရှုံးထွက်အဆင့် ပွဲ‌စဉ်တွေမှာ ကစားရတာ ပိုပြီးတောင် ခက်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

SM