နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းတွေ ဆက်တိုက် ပြသထားတဲ့ ချဲလ်ဆီး ကြယ်ပွင့် ၃ဦးကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ တူချယ်

လက်ရှိမှာ နိုင်ငံ အသင်း ပွဲကာလ ဖြတ်သန်းနေပြီး ၊ မတ်လ အကုန် အထိ ကလပ် ပွဲစဉ်တွေ ရှိမှာ မဟုတ်တာကြောင့် ၊ မတ်လ အတွင်း ပွဲတိုင်းကို အသင်းတိုင်း က ကစားထားပြီး ဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းဟာ ထိုမတ်လအတွင်း ပြိုင်ပွဲစုံ ပွဲတိုင်းကို အနိုင်ကစားနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကလပ်ပိုင်ရှင် ရုရှား ရေနံ ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ကို ဗြိတိန် အစိုးရဖက်မှ စီးပွားရေး အရ ပိတ်ဆို့ အရေးယူခဲ့တာကြောင့် ချဲလ်ဆီး အသင်းမှ ဝန်ထမ်း ၊ ကစားသမား အများအပြား ကိုယ့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မရေရာမှုတွေနဲ့ ရင်ဆိုင်ထားခဲ့ရပါတယ် ။

ထိုကာလ အတွင်းမှာတောင် နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ ချဲလ်ဆီး အသင်းသားတွေကို ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာမှာ ဖြစ်နိုင်သမျှ အမြင့်မားဆုံး ပုံစံမှာ ရှိနေအောင် စွမ်းဆောင်ပေးခဲ့ပါတယ် ။ အထူးသဖြင့် တိုက်စစ် က ခရစ်တီယန် ပူလီဆစ် ၊ ကိုင်ဟာဗက်ဇ်နဲ့ မေဆင်မောင့်တို့ဟာ မတ်လ အတွင်း ပွဲတွေမှာ ခြေစွမ်း အတော်ပြနိုင်ခဲ့ပါတယ် ။

False 9 ပုံစံနဲ့ အထောင် တိုက်စစ်ကို တာဝန်ယူထားတဲ့ ဟာဗက်ဇ် ဟာ မတ်လရဲ့ ပရီးမီးယားလိဂ် တလတာ အကောင်းဆုံးဆု အတွက် ဆန်ခါတင် စာရင်းမှာ အရွေးခံခဲ့ရသလို ၊ ပူလီဆစ် ဆိုရင်လည်း ချန်ပီယံလိဂ် ၁၆သင်း အဆင့် ၂ကျော့လုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ၊ မောင့် ကတော့ တိုက်စစ် အတွက် သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေနဲ့ပါ ပံ့ပိုးပေးနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး တခုမှာ တူချယ် က ယင်းကြယ်ပွင့် ၃ဦးကို ချီးကျူးတဲ့ အနေနဲ့ ” ခရစ်တီယန် ဟာ ကိုင် အရင်က ကြုံခဲ့ရတဲ့ ခက်ခဲတဲ့ ကာလ တခုကို ဖြတ်သန်းခဲ့ရတာပါ ။ သူတို့ ၂ယောက်လုံး ဟာ ကြုံတွေ့ရတဲ့ အခြေအနေကို အံတုပြီး ကိုယ့်တာဝန် ကိုယ်အပြည့်ယူခဲ့ကြပါတယ် ။ ဒီအတွက် သူတို့ ၂ယောက်လုံး ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ် ။ ”

” သူတို့ ၂ယောက်ရဲ့ ကစားပုံ ဘယ်လောက်ထိ ကောင်းတယ် ဆိုတာ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေကို ကြည့်ပြီး သိနိုင်မှာပါ ။ ကစားသမားတွေ နေ့စဉ်နေ့တိုင်း ကိုယ်တာဝန် ကိုယ်ယူမယ် ၊ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်မယ် ၊ ဆင်ခြေမပေးဘူး ၊ အခက်အခဲနွံထဲက ရုန်းထွက်ဖို့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားမယ် ဆိုရင် သူတို့ဟာ ကျွန်တော်တို့ရဲ့ အားပေး ထောက်ပံ့မှုကို အပြည့်အဝ ရပါလိမ့်မယ် ။ ”

” တခါတလေမှာတော့ အတိုးအလျှော့လေးတွေ ရှိတတ်ပါတယ် ။ ဒါတွေ ပြီးရင်တော့ အသင်း တိုးတက်ဖို့ အပေါင်း လက္ခဏာ ဆောင်တဲ့ လည်ပတ်မှု ဖြစ်လာပါမယ် ။ ဒါဟာ ခရစ်တီယန် အခု ရောက်ရှိနေတဲ့ အခိုက်အတန့်ပါပဲ ။ ဒါက အရေးကြီးပါတယ် ။ သူတို့တွေကို ကျွန်တော်တို့ ဆက်လက် တွန်းအားပေးသွားမှာပါ ။ ”

” ( မေဆင်မောင့်နဲ့ ကိုင်ဟာဗက်ဇ်ရဲ့ အတွဲအဖက်ညီပုံ ) ဟုတ်ပါတယ် ။ ဒီလို အသက်အရွယ်မျိုးနဲ့ ရင့်ကျက်မှုကို ပြသထားနိုင်တာ က အံ့သြဖွယ်ကောင်းပါတယ် ။ ဒီအတွက် အစားထိုးစရာ မရှိပါဘူး ။ ဒီလို အတွေ့အကြုံမျိုးကနေ ခင်ဗျားဟာ နောက်ထပ် အများကြီး တိုးတက်နိုင်တာမို့ ဒါက အကောင်းဆုံး အနေအထားပါပဲ ။ ”

” ခြေစွမ်း တိုးတက်အောင် လုပ်လို့ရတဲ့ နည်းလမ်း အများအပြား ရှိပေမယ့် ၊ ဒီလို အသက်အရွယ်မှာ အတူတူ တွဲဖက် ကစားခွင့် ရတာက သူတို့ရဲ့ အရည်အသွေး တိုးတက်မှုကို ပိုပြီး မြန်ဆန်စေပါတယ် ။ နောက်ပြီး တာဝန်ယူစိတ် အပြည့်ရှိတာ မြင်ရတာကလည်း ဝမ်းသာစရာကောင်းပါတယ် ။ ”

” တဖက်မှာ ဒီလို အသက်ငယ်ငယ်လေးမှာ ခင်ဗျားဟာ ကိုယ့်ရဲ့ အမြင်မားဆုံး ပုံစံကို ရောက်ဖို့ ခဲယဉ်းပါတယ် ။ သူတို့တွေမှာ အကောင်းဆုံးတွေ ဆိုတာနဲ့ အဝေးကြီးမှာ ရှိနေပါသေးတယ် ။ နောက်ထပ် သူတို့ဆီက ပိုကောင်းတဲ့ အရာတွေ မြင်ရနိုင်ပါသေးတယ် ။ သူတို့ကို ပိုင်ဆိုင်ရလို့ ကျွန်တော်တို့ ဂုဏ်ယူမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR