နောက်တဆင့်တက်တဲ့ ချန်ပီယံများ ၊ မန်စီးတီး ကို ပုခုံးပုတ်လိုက်တဲ့ လီဗာပူး ၊ PSG စတားနဲ့ သတင်းထွက်လာတဲ့ မန်စီးတီး တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွေ မှာတော့ ချန်ပီယံ အသင်းတွေ အောင်ပွဲဆင်ခဲ့ ကြပါတယ် ။

လက်ရှိ ချန်ပီယံ ချဲလ်ဆီး ဟာ အဝေးကွင်းမှာ လိုင်လီ ကို ၂-၁ နဲ့ အနိုင် ကစားပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၁ နဲ့ ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်း နိုင်ခဲ့ ပါတယ် ။

မနှစ်က ယူရိုပါလိဂ် မှာ ဗိုလ်စွဲ ခဲ့တဲ့ ဗီလာရီးရဲ ဟာလည်း အီတလီ ထိပ်သီး ယူဗင်တပ် ကို အီတလီ မြေပေါ်မှာ ၃-၀ နဲ့ ဂိုးပြတ် အနိုင်ကစားပြီး အားလုံးကို အံ့အားသင့်စေကာ ကွာတားဖိုင်နယ် ကို တက်ရောက် နိုင်ခဲ့ ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ချန်ပီယံလိဂ် ပွဲပေါင်း ၅၀ ( နည်းပြအဖြစ်နဲ့ ) ပြည့်မြောက် ခဲ့ပြီး ပွဲ ၅၀ မှာ နိုင်ပွဲ အများဆုံး ရယူနိုင်တဲ့ နည်းပြ အဖြစ် မှတ်တမ်း စိုက်ထူနိုင်ခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ပွဲကျန်မှာတော့ လီဗာပူး ဟာ အာဆင်နယ် ကို ၂-၀ နဲ့ အနိုင် ယူပြီး အဆင့် ၁ က မန်စီးတီး နဲ့ ၁ မှတ် အကွာကို ချဉ်းကပ် လာခဲ့ ပါတယ် ။

လီဗာပူး အတွက် ဂိုးတွေ ကိုတော့ ဂျိုတာ နဲ့ ဖာမီနို တို့က သွင်းယူ ပေးခဲ့ကြတာပါ ။

အခြားပွဲကျန် မှာတော့ တော့တင်ဟမ် ဟော့စပါး အသင်းက ဘရိုက်တန် အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၄ ပြိုင်ပွဲအတွက် ခွန်အားတွေ တိုးစေခဲ့ ပါတယ် ။ စပါး အတွက် ခရစ်ရှန် ရိုမဲရိုး နဲ့ ဟယ်ရီကိန်း တို့က သွင်းပေး ခဲ့ကြပြီး ကိန်း ကတော့ ပရီးမီးယားလိဂ် သမိုင်းမှာ အဝေးဂိုး အများဆုံး သွင်းယူတဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ ယူကရိန်း စစ်ဘေး ဒုက္ခသည်တွေ အတွက် ယူရို ၁ သန်း နဲ့ အထောက် အပံ့ပစ္စည်း ( အဝတ်အစားနဲ့ အားကစားအသုံးအဆောင် ) ၁၃၀၀၀ ခန့်ကို ပေးအပ် လှူဒါန်း သွားခဲ့တယ်လို့ သိရ ပါတယ် ။

ဘိုင်ယန်မြူးနစ် နဲ့ ၂၀၂၃ အထိ စာချုပ် ရှိနေ ပေမယ့် ရောဘတ် လီဝန်ဒေါ့စကီး ဟာ ဒီနွေရာသီမှာ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒ ရှိနေပြီး စာချုပ်သစ် မချုပ်ဆိုပါက အသင်းပြောင်းဖို့ စိတ်ကူး လာနိုင်တယ်လို့ သတင်း ကြားသိရ ပါတယ် ။

နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ရဲ့ အဆို အရ အေစီမီလန် ဟာ ဒီဗော့ အိုရီဂီ အတွက် လီဗာပူး နဲ့ ဆွေးနွေး နေပြီး အကြို သဘောတူညီမှု ရယူနိုင်ဖို့ အားထုတ် နေတယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ စီးတီး ဟာ PSG မှာ ရုန်းကန် နေရတဲ့ ဘရာဇီး တိုက်စစ်မှူး နေမာ ကို ခေါ်ယူဖို့ စိတ်ဝင်စား လာတယ်လို့ သတင်း တပုဒ် ထွက်ပေါ်လာခဲ့ ပါတယ် ။

PSG ကတော့ စပါး နည်းပြ အန်တိုနီယို ကွန်တီ နဲ့ စပါး ဒါရိုက်တာ ပါရာတစ်ချီ တို့ ၂ ဦး ကို ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

ဒေါ့မွန် အသင်းရဲ့ အကြံပေး တဦး ကတော့ သူဟာ မန်စီးတီး အသင်း ရဲ့ အာလင်း ဟာလန်း အတွက် အသုံးပြုမယ့် ငွေကြေး ပမာဏ ၊ လုပ်ခ လစာတွေ အကြောင်း ကြားသိရချိန်မှာ အထိတ်တလန့် ဖြစ်ခဲ့ရတယ် လို့ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

သတင်းတွေ အရ ဟာလန်း ဟာ နွေရာသီမှာ မန်စီးတီး ကို ရောက်လာဖို့ ရာခိုင်နှုန်း များနေပြီး တပတ် ကို လုပ်ခ ပေါင် ၅ သိန်း အထိ ရလိမ့်မယ် လို့လည်း သတင်း ထွက်ပေါ် နေပါတယ် ။

ချဲလ်ဆီး အသင်းမှာ ကစားခဲ့ဖူးပြီး နည်းပြလည်း ဖြစ်ခဲ့ဖူးတဲ့ အီတလီ ကစားသမားကြီး ဂီယန်လူကာ ဗီယာလီ ဟာ ချဲလ်ဆီး ကို ဝယ်ယူမယ်လို့ သတင်းကြီး နေတဲ့ ဘီလီယံနာ နစ်ကန်ဒီ နဲ့ အတူ တွဲပြီး လုပ်ကိုင် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အတွက် ပါဝင်ခွင့်ရပြီး ပုံစံကောင်းတွေ ပြသ နိုင်တဲ့ လူငယ် တိုက်စစ်မှူးလေး အန်တိုနီ အီလန်ဂါ ကတော့ လာမယ့် နိုင်ငံတကာ ပွဲစဉ်တွေ အတွက် ဆွီဒင် လက်ရွေးစင် အသင်းကနေ ဆင့်ခေါ်ခြင်း ခံခဲ့ရတယ် လို့ သတင်း ရရှိ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR