နောက်ခံလူတွေ မနှစ်သက်တဲ့ လူး၀စ်ဒီယက်ရဲ့ အရည်အသွေး ၂ ခုကို ပြောပြသွားခဲ့တဲ့ ဆောင်းနက်

လီဗာပူး ဂန္တ၀င် ဂရေမီဆောင်းနက်က ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့က ပေါ်တိုကနေ ရောက်ရှိလာခဲ့တဲ့ လူး၀စ်ဒီယက်ဟာ အန်ဖီးမှာ ဘယ်လို သက်ရောက်မှုတွေ ပေးစွမ်းနေသလဲ ဆိုတာကို ထောက်ပြသွားခဲ့ပါတယ်။ ကိုလံဘီယာ တောင်ပံ ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်က ပေါ်တိုကနေ လီဗာပူးကို ရောက်လာခဲ့ပြီးနောက် ချက်ချင်းဆိုသလို ခြေစွမ်းပြ ကစားလျက် ရှိနေကာ ယာဂန်ကလော့ရဲ့ အသင်း အတွက် ၇ ပွဲမှာ ၁ ဂိုး သွင်းပေးထားခဲ့ ပါတယ်။

ဒီယက်ဟာ လီဗာပူးရဲ့ တိုက်စစ်မှာ ကောင်းမွန်တဲ့ option တစ်ခု အဖြစ် ပေးထားပြီး မိုဆာလား ဆာဒီယိုမာနေး တို့နဲ့ အတွဲညီညီ ကစားနေကာ ပြီးခဲ့တဲ့ စနေနေ့က ၀က်ဟမ်းကို ၁-၀ နိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းပြ ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က လီဗာပူးတို့ ချဲလ်ဆီးကို ဒရမ်မာဆန်ဆန် ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အန်ဖီးမှာ စောစောစီးစီး ဆုတံဆိပ် ရပြီးသွားပြီ ဖြစ်ပါတယ်။

ဆောင်းနက်က ဒီယက်ကို ခေါ်ယူလိုက်ခြင်းဟာ အသင်းရဲ့ ကစားသမားတွေကို အားတက်စေခဲ့တဲ့ အပြင် ကိုလံဘီယာ စတားဟာ ကလော့ရဲ့ အသင်း အတွက် ပြီးပြည့်စုံတဲ့ ကစားသမား ဘာကြောင့် ဖြစ်နေသလဲ ဆိုတာ ရှင်းပြသွားခဲ့ပါတယ်။

ဆောင်းနက်က “ဒီယက်ဟာ အသင်းမှာ ရှိတဲ့ သူတွေအားလုံးကို စိတ်အားတက်စေမှာပါ။ ကိုယ်ဟာ အသင်းရဲ့ ပရိတ်သတ်တစ်ဦး ဖြစ်နေမယ် ဆိုရင် သူဟာ ခင်ဗျားကို တစ်ပွဲလုံး ဖျော်ဖြေမှု ပေးနိုင်မယ့်သူ ဖြစ်ပါတယ်။ သူ့ရဲ့ ကစားပုံဟာ တိုက်ရိုက်ကျတယ်။ သူဟာ လျှင်မြန်တယ်။ သူဟာ အပြင်းအထန် အားထုတ် ကစားပါတယ်။ သူဟာ ပရိတ်သတ်တွေ နှစ်သက်တဲ့ အရာတွေကိုလည်း လုပ်ပါတယ်။ သူဘောလုံး ဆုံးရှုံးသွားတဲ့ အခါမှာ ဒါကို ပြန်ရဖို့ အတွက် နောက်ကို ပြေးလိုက်ကာ ဖျက်ထုတ်မှုတွေ လုပ်ပါတယ်။

သူဟာ ပြိုင်ဘက် ကစားသမားတွေကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်သူလည်း ဖြစ်ပါတယ်။ သူဟာ လျှင်မြန်တယ် တိုက်ရိုက်ကျကျ တိုက်စစ်ဆင်တက်ပြီး သူ့ကို နှစ်သက်စရာတွေက အများကြီးပါ။ ဒီ system ကလည်း သူနဲ့ တကယ့်ကို အံ၀င်ခွင်ကျ ဖြစ်နေပါတယ်။ သူဟာ လီဗာပူးတို့ ပိုင်ဆိုင်ထားတဲ့ နောက်ထပ် ခြိမ်းခြောက်မှုတွေ ပေးနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

နောက်ခံလူတွေဟာ သူတို့ကို လိမ်ခေါက်ပြီး ကျော်ဖြတ်နိုင်တဲ့ ကစားသမား ဒါမှမဟုတ် လျှင်မြန်မှုနဲ့ ကျော်ဖြတ်နိုင်တဲ့ ကစားသမားတွေကို မနှစ်သက်ပါဘူး။ ကြည့်ရတာ ဒီယက်ဟာ ဒီနှစ်ခုစလုံးကို ပိုင်ဆိုင်ထားတဲ့ ပုံစံပါပဲ။ ပြိုင်ဘက်တွေ အတွက် အတော်လေးကို အန္တရာယ် ရှိတဲ့သူပါ။ လီဗာပူး အတွက် တကယ့် လက်နက် တစ်ခု ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ လူး၀စ်ဒီယက် အတွက် ပေါင် ၄၉ သန်း ကုန်ကျခဲ့ပြီး ၎င်းဟာ အန်ဖီးကလပ်ရဲ့ နံပါတ်တစ် နွေရာသီ ပစ်မှတ် ဖြစ်ခဲ့ပေမယ့်လည်း တော့တင်ဟမ်တို့က ၎င်းကို ခေါ်ယူဖို့ ကြိုးစားခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီမှာပဲ စောစော ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

SM