နာပိုလီနဲ့ ပွဲမှာ တလုံးတည်းသော အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် ၊ ဒီရာသီ စကူဒက်တို မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ရင်ခုန်သံ အချို့ ဖွင့်ဟခဲ့တဲ့ ဂျရူ

ပြင်သစ် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ မနေ့ည က ကစားခဲ့တဲ့ စီးရီးအေ ပွဲကြီး တပွဲ ဖြစ်တဲ့ နာပိုလီ အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲမှာ အေစီမီလန် အသင်း အတွက် အရေးပါတဲ့ တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။

ဒီရာသီ စီးရီးအေ ချန်ပီယံလုပွဲ ဟာ ခါတိုင်း ပိုပြီး စိတ်လှုပ်ရှားစရာကောင်းနေပြီး ၊ လက်ရှိ ချန်ပီယံ အင်တာမီလန် ၊ အေစီမီလန် ၊ နာပိုလီတို့နဲ့ ၃သင်းပြိုင်တဲ့ မြင်းပြိုင်ပွဲ သဖွယ် ဖြစ်နေပါပြီ ။ မနေ့ည က ပွဲက အနိုင်ရလဒ် ဟာ မီလန် အတွက် တကယ့် အရေးပါတဲ့ အနိုင် ၃မှတ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ဒီ နိုင်ပွဲကြောင့် အေစီမီလန် ဟာ အမှတ်ပေးဇယားထိပ်သို့ ပြန်တက်လာနိုင်ပြီး ၊ ဒုတိယ နေရာက အင်တာမီလန်ထက် တပွဲ ပိုကစားကာ ၊ ၂မှတ် အသာစီး ရထားပါတယ် ။ တဖက်မှာ ဝါရင့် တိုက်စစ်မှူး ဂျရူး ဟာ မနေ့ည က ပွဲက သွင်းဂိုးကြောင့် ၊ ဒီရာသီ အေစီမီလန် အတွက် စီးရီးအေ သွင်းဂိုး ၈ဂိုး အထိ ရှိလာပြီ ဖြစ်ပါတယ် ။

ဂျရူး ဟာ လောလောဆယ် မီလန်ရဲ့ အဓိက အထောင် တိုက်စစ်မှူး နေရာကို ဆွီဒင် ဝါရင့် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ခ်ျအား ကျော်ဖြတ်ပြီး ထိုက်ထိုက်တန်တန် ရယူထားသလို ၊ ပွဲထွက်ခွင့်နဲ့ ဘာကြောင့် ထိုက်တန်တယ် ဆိုတာကိုလည်း မနေ့ညက ပွဲမှာ လက်တွေ့ သက်သေပြနိုင်ခဲ့ပါတယ် ။

ပွဲအပြီး DAZN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဂျရူး က အေစီမီလန် ညာနောက်ခံလူ ကာလာဘရီယာရဲ့ ထောင့်ဖြတ် ဖန်တီးမှုမှတဆင့် ပင်နယ်တီ ဧရိယာ အတွင်း အလိုက်သင့် ပိတ်သွင်းနိုင်ခဲ့တဲ့ အဆုံးသတ် အကြောင်းနဲ့ စကူဒက်တို မျှော်လင့်ချက် အကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ဂျရူး က ” ဒါဟာ အရေးကြီးတဲ့ ရမှတ် ၃မှတ်ပါ ။ ဘာလို့လဲ ဆိုတော့ စကူဒက်တို ဖလား အတွက် အနီးကပ် ပြိုင်ဖက် တသင်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲဖြစ်လို့ပါပဲ ။ နောက်ဆုံး အဆုံးအဖြတ်ပွဲ မဟုတ်ပေမယ့်လည်း ၊ မဖြစ်မနေ ရဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ နိုင်ပွဲ တပွဲပဲလေ ။ ”

” ဒီနေ့ပွဲကို ကျွန်တော်တို့ အင်သစ်အားသစ်နဲ့ စတင်နိုင်ခဲ့ပြီး ၊ အနိုင်ရလိုစိတ် ပြင်းပြမှုနဲ့ အတူ ပွဲအပေါ် သေသေချာချာ အာရုံစိုက်ခဲ့ကြပါတယ် ။ ဒီတော့ ထိုက်တန်တဲ့ နိုင်ပွဲ တပွဲလည်း ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် ဟာ သွင်းဂိုးတွေ အတွက် အချိန်မှန် နေရာမှန်မှာ ရှိနိုင်ဖို့ အမြဲ ကြိုးစားပါတယ် ။ ”

” ဒီနေ့ပွဲမှာ ကျွန်တော်တို့ဟာ တန်ပြန်တိုက်စစ်တွေကနေ ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ပါတယ် ။ အထူးသဖြင့် final ball တွေမှာပေါ့ ။ ဒါပေမယ့် ခံစစ်ပိုင်း အရ ကျွန်တော်တို့ ကျစ်လျစ်မှု ရှိခဲ့ပြီး ၊ အသင်းသားတိုင်း ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြပါတယ် ။ ”

” မီလန် စကူဒက်တို ချန်ပီယံဖြစ်နိုင်လား ? သေချာပေါက် ဖြစ်နိုင်ပါတယ် ။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့ ဒီနေ့ ဒီကို ရောက်လာတာပါ ။ ချန်ပီယံ ဖြစ်ဖို့ အကြောင်းကို ကျွန်တော် အထူး အသားပေး မပြောချင်ပါဘူး ။ ဒါပေမယ့် ဒီရာသီမှာ ဖလား တလုံးလုံး ရနိုင်ဖို့ကို ကျွန်တော် မျှော်လင့်ထားပါတယ် ။ ”

” အခုဆို ကျွန်တော်တို့ဟာ ကိုပါ အီတာလီယာမှာလည်း ဆီမီးဖိုင်နယ် အဆင့်ကို ရောက်နေပြီလေ ။ ကျွန်တော်တို့ဟာ ရည်မှန်းချက် ပြင်းထန်ပြီး ၊ လက်ရှိ ပုံစံအတိုင်း ရှေ့ဆက် နိုင်ဖို့ ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဂျရူး က အီဘရာဟီမိုဗစ်ခ်ျနဲ့ ၄င်းအကြား ပွဲထွက်ခွင့် ပြိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ” သူ အရန်ခုံမှာ ပိုထိုင်နေရတဲ့ အကြောင်း ကျွန်တော် မပြောချင်ပါဘူး ။ ကျွန်တော့ အလုပ် က ဂျူနီယာ ညီလေးတွေကို အစ်ကိုကြီး တဦးပီပီ ရှေ့ဆောင် လမ်းပြပေးဖို့ ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့မှာ အရည်အသွေး အများကြီး ရှိပါတယ် ။ ဒါပေမယ့် တယောက်နဲ့ တယောက် အမြတမ်း စကား အပြောအဆို ရှိနေဖို့ လိုပါတယ် ။ ကွင်းထဲမှာ တယောက်နဲ့ တယောက် အချိတ်အဆက် မိဖို့က အရေးကြီးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR