နည်းပြ လောကထဲ မဝင်ခင် ကလော့ပ် က ဘယ်လို အကြံပေး စကားတွေ ပြောခဲ့တယ် ဆိုတာ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဂျရတ်

ဘောလုံးသမား ဘဝမှာ အောင်မြင်ခဲ့သလိုမျိုး နည်းပြ ဘဝမှာ ဆက်လက် အောင်မြင်ဖို့ ဆိုတာ လွယ်ကူတဲ့ အလုပ်မျိုးတော့ မဟုတ်ပါဘူး။ သို့သော် လီဗာပူး ရဲ့ ပြယုဂ် ကစားသမားကြီး ဖြစ်ခဲ့တဲ့ ဂျရတ် ဟာ လက်ရှိ အချိန်ထိ သူ့ရဲ့ နည်းပြဘ၀ ကို အကောင်းဆုံး မှတ်တမ်းတွေ နဲ့ ကျော်ဖြတ်လျှက် ရှိနေပါတယ်။

စကော့တလန် မှာ ဆဲလ်တစ် အသင်းကြီးစိုးထားတဲ့ ပြည့်တွင်း အမှတ်ပေးဖလား ပြိုင်ပွဲ ကို ရှုံးပွဲ လုံး၀ မရှိ မှတ်တမ်းတွေ နဲ့ ဆွတ်ခူးပြခဲ့သလို ၊ တန်းဆင်းဇုံ အနားကပ်နေတဲ့ အက်စ်တွန် ဗီလာလို အသင်းမျိုးကို ကြားကာလကြီးထဲမှာ လွှဲပြောင်းရယူရင်း လမ်းကြောင်းမှန် တစ်ခုအပေါ်ကို ဆွဲတင်ထားနိုင်ခဲ့ပါပြီ။

စီနီယာ အသင်းကြီး တစ်သင်းမှာ 3 ရာသီ ဝန်းကျင်ပဲ ကိုင်တွယ်ထားဖူးသေးတဲ့ လူငယ် နည်းပြ တစ်ယောက်ကို ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းက တာဝန်တွေ ခေါ်ယူ နှင်းအပ်ခဲ့တာ တော်တော်ကို ထူးခြားလွန်းပါတယ်။

ဂျရတ် ရဲ့ ကစားဖော်ဟောင်းကြီး ကာရေဂါ ကတော့ လက်ရှိ သူငယ်ချင်း ဖြစ်သူရဲ့ မန်နေဂျာဘ၀ လျှောက်လှမ်းနေတဲ့ အနေအထားတွေ အပေါ် အခုလို မှတ်ချက် ပေးလာခဲ့ ပါတယ်။

“ ဂျရတ် ဟာ မန်နေဂျာ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ တွေးထားမိခဲ့ဖူးလားလို့ မေးရင် ၊ လုံး၀ ကို မတွေးဖူးတာပါလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောရမှာပါ။

အဝတ်လဲခန်း အတွင်းမှာ အတူတူ ရှိခဲ့ဖူးတဲ့ ကစားဖော်တွေ ရဲ့ အမြင်မှာ ဆိုရင် ကျနော် ကပဲ မန်နေဂျာ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေး ပေးခဲ့ကြတာလေ။

ကျနော်သာ နည်းပြ လောကထဲကို ဝင်မယ် ဆိုရင် ချန်ပီယံရှစ် အောက်ပိုင်းမှာ ရပ်တည်နေတဲ့ ကလပ်မျိုး ၊ ဒါမှ မဟုတ် လိဂ် 1 က ထိပ်တန်း အသင်းမျိုးတွေ ဆီကနေ ကမ်းလှမ်းမှုတွေ ရကောင်း ရနိုင်ပါတယ်။ ကျနော် ဟာ အဲဒီ ပြိုင်ပွဲတွေမှာ တစ်ခါမှ မကစားဖူးလို့ အဲဒီက ကစားသမားတွေ အကြောင်း ၊ နည်းပြတွေ ဘယ်လို အလုပ်လုပ်ရတယ် ဆိုတဲ့ အကြောင်းအရင်းတွေ လုံး၀ မသိပါဘူး။ ထပ်ပြောရရင် ကျနော့် ရဲ့ နည်းပြ အဖွဲ့ဝင်တွေ အဖြစ် ဘယ်သူတွေ ခန့်သင့်တယ် ဆိုတာတောင် မသိတာပါ။ ဒီနယ်ပယ် က ကိုယ်ကျွမ်းကျင်တဲ့ နေရာမျိုး မဟုတ်ဘူးလေ။

ရုပ်သံ ထုတ်လွှင့်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ရတာ ကြာလာတော့ ဒီက အကြောင်းအရာတွေကိုတော့ တော်တော်လေး ထိမိနေပါပြီ။ ဒါပေမယ့် နည်းပြ လုပ်မယ် ဆိုရင် သုညကနေ ပြန်စရမှာပါ။ သင်စရာတွေ သင်ရမယ် ၊ အမှားတွေ လုပ်မိရင် ရုန်းထနိုင်အောင် ကြိုးစားရမယ် ၊ ဂျရတ် က အဲဒီ အပိုင်းတွေကို သေချာ လုပ်ပြနေတာပါ။

ငါ က စတီဗင် ဂျရတ်ပဲ ၊ ငါဖြစ်ချင်တဲ့ အတိုင်း ဖြစ်အောင် လုပ်ရမယ် ဆိုတာမျိုး သွားပြီး လုပ်လို့ မရပါဘူး။ ကိုယ့်နား မှာ အကောင်းဆုံး နားလည်မှု နဲ့ ပံ့ပိုးပေးနေတဲ့ နည်းပြ အဖွဲ့ဝင်တွေ နဲ့ ဝန်းရံထားဖို့ လိုပါတယ်။ ဒါမှ ကိုယ်စိတ်ထဲက ဖြစ်ချင်တဲ့ အတိုင်း အကောင်ထည်ဖော်နိုင်အောင် ဝိုင်းတွန်းကြမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင် ကတော့ “ ကျနော် က ဂျရတ် အကြောင်းကို အစ အဆုံးသိတဲ့သူပါ။ သူဟာ ရှေ့လှမ်းနိုင်ဖို့ အမြဲတမ်း ကြိုးစားသလို ၊ ဘယ်တော့မှလဲ ဒုတိယ အကောင်းဆုံး ဆိုတာမျိုးနဲ့ ကျေနပ်သူ မဟုတ်ပါဘူး။

သူဟာ လက်ရှိ အခြေအနေမျိုးအထိ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားရင်း တိုးတက်မှုတွေ ရှိလာခဲ့တာ ထင်ပါတယ်။ ပုံမှန် အားဖြင့်တော့ ဂျရတ် က အရှက်အကြောက်ကြီးပါတယ်။ ငယ်ငယ် က ဆိုရင် အဝတ်လဲခန်းထဲမှာ စကားတောင် ကျယ်ကျယ် မပြောပါဘူး။ ဒါပေမယ့် အခုတော့ အဲဒီ အပိုင်းတွေမှာ တိုးတက်လာပါပြီ။

လီဗာပူး အသင်းခေါင်းဆောင်ရာထူး ကိ ငယ်ငယ်ရွယ်ရွယ် နဲ့ လွှဲပြောင်း ရယူလိုက်တာက သူ့ကို ပြောင်းလဲ ပေးလိုက်တာ ထင်ပါတယ်။

အခုလို ပရီးမီးယားလိဂ် လို နေရာမျိုးမှာ သူ့ကို မြင်ရတာ သိပ်ကို ကျေနပ်စရာပါ။ သူဟာ ခက်ခဲတဲ့ လမ်းကြောင်း တစ်ခုကို ကြိုးစားလျှောက်လှမ်းရင်း ၊ အကောင်းဆုံး ဦးဆောင်မှုတွေ နဲ့ မောင်းနှင်နေပါပြီ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဂျရတ် ကို နည်းပြ လောထဲကို စတင် အခြေချနိုင်ဖို့ ကူညီပေးခဲ့သူက လက်ရှိ နည်းပြကြီး ကလော့ပ် ဖြစ်ပါတယ်။ ဂျာမန်သားကြီး က အသင်းခေါင်းဆောင်ဟောင်း အပေါ် ဘယ်လို အကြံညဏ်တွေ ပေးခဲ့လဲ ဆိုတာကိုတော့ ကာယကံရှင် ဗီလာ နည်းပြ ကိုယ်တိုင်က အခုလို ဖွင့်ဟ သွားခဲ့ ပါတယ်။

“ ကျနော် နည်းပြ လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တော့ အကယ်ဒမီ ကို ပြန်သွားဖို့ ဆန္ဒဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာ ကလော့ပ် ဆီက အကြံညဏ် တွေရဖို့ အတွက် သူ့ကို သွားတွေ့ခဲ့တယ်လေ။

သူပေးခဲ့တဲ့ အကြံညဏ် က “ ဂျရတ် ဆိုတဲ့ နာမည်ကို ဆွဲကိုင်ပြီး မသွားနဲ့” ငါ့ ရဲ့ ဘဝမှာ သူတို့ကိုယ် သူတို့ မန်နေဂျာကောင်း တစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတဲ့ ထင်မြင်ချက်နဲ့ ကူးပြောင်းလာတဲ့ ထိပ်တန်း ဘောလုံးသမားဟောင်းတွေ အများကြီး တွေ့ဖူးတယ်။

မင်းသာ နည်းပြ လောကထဲကို ဝင်မယ် ဆိုရင် လီဗာပူး လူငယ် အသင်းနဲ့ 2 နှစ်လောက် ကျင်လည်လိုက် ၊ ကင်မရာတွေ ရဲ့ အဝေးမှာ နေပြီး အမှားတွေ အများကြီးလုပ် ၊ ပြီးရင် အဖြေရှာ ၊ ကိုယ်က ဘယ်လို ပုံစံမျိုး ကစားစေချင်တာလဲ ကြိုးစားကြည့် ၊ နည်းစနစ်တွေ တီထွင် ဖန်တီးကြည့်။ ပြီးရင် ကိုယ် လိုချင်တဲ့ လက်တွဲဖော် နည်းပြအဖွဲ့ဝင်တွေ ကို ရအောင် စည်းရုံး ဘာလို့လဲ ဆိုတော့ မင်း ကိုယ်တိုင်က ဒီနေရာမှာ ထူးခွျှန်တာ မှန်ပေမယ့် ၊ နေရာတိုင်းတော့ မထူးခွျှန်နိုင်ဘူး။ အဲဒီတော့ တခြားနေရာတွေမှာ ထူးခွျှန်တဲ့ သူတွေကို ကိုယ့်ရဲ့ နည်းပြ အဖွဲ့ထဲမှာ ရှိပါတယ်။ ပြီးရင် ဘာတွေလဲ ဆိုတာ သိလာလိမ့်မယ်။

မင်းစိတ်ထဲမှာ တော်တော်လေးကို စိတ်တိုင်းကျ ဖြစ်လာရင် အခွင့်အရေး က အလိုလို ပေါ်လာလိမ့်မယ်။ အဲဒီ အချိန်မှာ ကိုယ် သဘောအတိုင်း ဆုံးဖြတ်ချက် ချလို့ရပါပြီ ဆိုပြီး ပြောခဲ့တာပါ။

ကျနော့် နည်းပြ ဘဝက အဲဒီ အတိုင်း စတင်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM