နည်းပြဘဝရဲ့ မျှော်မှန်းချက်ကို ပြောပြရင်း မားကပ် ရက်ဖိုဒ့် ကို စိန်ခေါ်စကား ဆိုသွားခဲ့တဲ့ ဝိန်းရွန်းနီ

နည်းပြ ဘဝကို ကူးပြောင်း နေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အဲဗာတန် နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ က သူဟာ တနေ့မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ခုံတန်းပေါ်မှာ ရှိနေဖို့ စိတ်ကူးယဉ် မျှော်လင့် ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လက်ရှိမှာ ၃၆ နှစ် ရှိနေပြီ ဖြစ်တဲ့ ဝိန်းရွန်းနီ ဟာ မန်ယူနိုက်တက် နဲ့ အင်္ဂလန် အသင်းတို့ရဲ့ စံချိန်တင် ဂိုးသွင်းရှင် အဖြစ်နဲ့ ဘောလုံး သမားဘဝကို နိဂုန်းချုပ် နိုင်ခဲ့ပြီး ယူနိုက်တက် ကစားသမား ဘ၀ မှာ ဆုဖလားပေါင်း များစွာ ရယူ နိုင်ခဲ့ ပါတယ် ။

လက်ရှိ မှာတော့ ရွန်းနီ ဟာ ချန်ပီယံရှစ် ကလပ် ဒါဘီ ကောင်တီ ကို ကိုင်တွယ် နေပြီး ဘဏ္ဍာရေး အခြေ ပျက်ယွင်းမှုကြောင့် ရမှတ်တွေ ဆက်တိုက် လျော့ချ ခံ နေရတဲ့ ကြားကနေ အသင်းကို ချန်ပီယံရှစ်မှာ တန်းတင် ကျန်ရစ်အောင် ကြိုးစား စွမ်းဆောင်ပေးနေ ပါတယ် ။

ရွန်းနီ ဟာ အသင်းဟောင်း အဲဗာတန် မှာလည်း ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ နည်းပြ တယောက် ဖြစ်ပြီး ဖရန့် လမ်းပတ် ကို မခန့်အပ် ခင်တုန်းက ရေပန်းစား ခဲ့သေးသူ တယောက် ဖြစ်ပါတယ် ။

ဗြိတိန် အခြေစိုက် The Sun သတင်းစာ နဲ့ အင်တာဗျူးမှာတော့ ဝိန်းရွန်းနီ က တနေ့မှာ သူ ပြန်သွားပြီး နည်းပြ ချင်တဲ့ အသင်းဟောင်း အကြောင်းနဲ့ အဲဗာတန် နည်းပြ ရာထူး ကိစ္စတွေကို ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

“နည်းပြ ဘဝကို ကူးလာရတဲ့ အဓိက ရည်ရွယ်ချက် က မန်ချက်စတာ ယူနိုက်တက်ပါ ။ အဲဗာတန် နည်းပြ အလုပ် အတွက်လည်း ကျွန်တော့ကို ကမ်းလှမ်း ခဲ့ဖူး ပါတယ် ။ ဒါပေမယ့် ကျွန်တော့ ရဲ့ မျှော်မှန်းချက်က မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာဖို့ ပါ”

“အခုချိန်မှာ ဒါအတွက် ကျွန်တော် အဆင်သင့် မဖြစ်သေးဘူး ဆိုတာ သိပါတယ် ။ ဒါပေမယ့် တနေ့မှာ တကယ် ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပြီး လုပ်ကိုင် နေတာပါ ။

အဲဗာတန် က ကျွန်တော့ အေးဂျင့်ကို ဆက်သွယ်ပြီး အင်တာဗျူး စီစဉ်ဖို့ ရက်ချိန်းတောင်းခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် နည်းပြ တယောက် ဖြစ်ဖို့ အဆင်သင့် မဖြစ်သေးဘူးထင်လို့ ကျွန်တော် ငြင်းခဲ့ တာပါ ။

အနာဂါတ် မှာတော့ အဲဗာတန် ရဲ့ နည်းပြ ဖြစ်ချင် ဖြစ်လာနိုင်ပါတယ် ။ ဒါက တကယ်ကို ကောင်းမွန်တဲ့ အရာ ဖြစ်စေမှာပါ”

“အဲဗာတန် ကို ငြင်းရတာ တကယ်ခက်ပါတယ် ။ ဒါပေမယ့် ဒါဘီ နဲ့ ကျွန်တော်တို့ တိုက်ပွဲဝင် နေတုန်းမှာ အခြား ကမ်းလှမ်းမှု တခုကို လက်ခံဖို့ ကလည်း မဖြစ်ပါဘူး ။ ဒါဘီ ဟာ လက်ရှိမှာ ကျွန်တော့ အတွက် အရေး အကြီးဆုံး အရာပါ” လို့ ရွန်းနီ က ပြောပြ သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဝိန်းရွန်းနီ က မန်ချက်စတာ ယူနိုက်တက် မှာ ပုံစံကောင်းတွေ ပျောက်ဆုံးနေပြီး ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် နေရသလို ရာသီ အကုန်မှာ အသင်းကနေ ထွက်ချင်နေပြီလို့ သတင်း ထွက်လာတဲ့ အထိ အခြေအနေ ဆိုးရွား နေတဲ့ မားကပ် ရက်ဖိုဒ့် ကိုလည်း ဘောလုံး ကိုသာ အာရုံစိုက် ကစားဖို့ ပြောဆို သွားခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ရာသီအစ ပွဲတွေကို လွဲခဲ့သလို ပြန် ကစားရချိန်မှာလည်း အရင်လို ပုံစံတွေ မပြသနိုင်ဘဲ ဖြစ်နေခဲ့ ပါတယ် ။

“သူ့အတွက် ကျွန်တော် ပြောချင်တာ ကတော့ ကျွန်တော့ ရဲ့ ဂိုးမှတ်တမ်းတွေ ကို ရိုက်ချိုး ပြစမ်းပါ ဆိုတာပါပဲ ။ ယူနိုက်တက် ရဲ့ သမိုင်း မှတ်တမ်း တင်ရတဲ့ ဂိုးသွင်းရှင် ဖြစ်ပြလိုက်စမ်းပါ ၊ ဒီ အရှုပ်ထုပ်တွေ ထဲကနေ ခေါင်းကို မော့ထားပြီး ဂိုးတွေသွင်း ၊ စံချိန်တွေ ယူပြလိုက်စမ်းပါ ဆိုတာပါပဲ ။

ဒီကောင်က မန်ချက်စတာ ယူနိုက်တက် ကောင်လေး တယောက်ပါ ။ သူ့မှာ ယူနိုက်တက် အသွေးအသားတွေ ရှိနေပါတယ် ။ သေချာသာ အာရုံစိုက်ပြီး ဘေးက အရာတွေကို မေ့ပစ်လိုက်ပါ လို့ပဲ ပြောချင်ပါတယ်” လို့ ရွန်းနီ က အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR