ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အတူ ခြင်္သေ့ပြာတို့ ဂိုးပြတ်ခြေပြတ်နိုင်ခဲ့တဲ့ ဘန်လေ ၀ – ၄ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ Turfmoor ဘောလုံးကွင်းမှ ဘန်လေ – ချဲလ်ဆီး ပရီးမီးယားလိဂ်ပွဲမှာ ဧည့်သည် ချဲလ်ဆီး အသင်း ဟာ ဒုတိယပိုင်း အတွင်း ရခဲ့တဲ့ သွင်းဂိုး ၄ဂိုးနဲ့ အတူ ဂိုးပြတ်ခြေပြတ် အနိုင်ရကာ ၊ အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နိုင်ဆဲ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 6 )

Clean Sheet ပိုင်ဆိုင်ခဲ့ပေမယ့် ၊ မန်ဒီ ဟာ ဒီပွဲမှာ မဟာ အမှား တခု ကျူးလွန်ခဲ့ပြီး ၊ ပထမပိုင်း အတွင်းက ဘန်လေရဲ့ ဖြတ်တင်ဘော တကြိမ်ကို ပြတ်ပြတ်သားသား မရှင်းထုတ်နိုင်ခဲ့ပဲ ၊ လက်ဆောင်ဂိုး ပေးလုနီးပါး ဖြစ်ခဲ့ပါတယ် ။ ထိုအခိုက်အတန့် တခုက လွဲရင်တော့ ၊ မန်ဒီ အတွက် ဒီပွဲဟာ ထူးထူးခြားခြား အလုပ်မရှုပ်ခဲ့ရပါဘူး ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ( Rating – 7 ) ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 8 )

ပထမပိုင်း အတွင်း ဘန်လေရဲ့ အထောင် တိုက်စစ်မှူး ဝဂ်ဟော့စ်ကို ကြံ့ခိုင်မှု အရ တဦးချင်း ထိန်းနိုင်ဖို့ ရုန်းကန်ခဲ့ရတာက လွဲရင် ၊ ဒီပွဲမှာ ချဲလ်ဆီးရဲ့ 3 backs က အတော်လေး တည်ငြိမ်မှု ရှိခဲ့ပါတယ် ။ နောက်တန်းကနေ တိုက်စစ်ကို စတင်တဲ့ ကစားဟန်မျိုး ပြသနိုင်ခဲ့ပြီး ၊ အတော်လေးလည်း ရစ်သမ် မိခဲ့ပါတယ် ။

ဝါရင့် ဘရာဇီး ခံစစ်မှူး သီယာဂို ဆေးလ်ဗား ကတော့ သူ့ရဲ့ နောက်ထပ် ကမ္ဘာ့အဆင့် စွမ်းဆောင်ရည် တရပ် ပြသနိုင်လိုက်ပြီး ၊ ပထမပိုင်း အတွင်း စည်းပေါ်ကနေ ဘန်လေရဲ့ ကန်ချက် တကြိမ်ကို တည်တည်ငြိမ်ငြိမ် တားဆီးပြသွားခဲ့တာ က လုံးဝ အံ့မခန်းဖြစ်ပါတယ် ။

အလားတူ ရူဒီဂါ ဟာလည်း ဘန်လေရဲ့ ညာခြမ်း တိုက်စစ်ကို တဦးတည်း ထိန်းသိမ်းပြခဲ့ပြီး ၊ တိုက်စစ် အတွက် အရေးပါတဲ့ ပေးပို့မှု အချို့ လုပ်နိုင်ခဲ့ပါတယ် ။ ချာလိုဘာ ကတော့ ပထမပိုင်း အတွင်း အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ၊ ပွဲချိန် ကြာလာတာနဲ့ အမျှ ရင့်ကျက်တဲ့ ကစားဟန်ကို ပြသသွားခဲ့ပါတယ် ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ( Rating – 9 ) ၊ အန်ဂိုလို ကန်တေ ၊ ဂျော်ဂျင်ဟို ၊ ဆာအူးလ် ( Rating – 6 )

ဒီပွဲရဲ့ အဖြေကို အဓိက အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ကစားသမား က ရိစ်ဂျိမ်းစ် ဖြစ်ခဲ့ပြီး ၊ ၄ယောက်တန်း ကွင်းလယ် က အရမ်း ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် မပြသခဲ့သည့်တိုင် ၊ ၄င်းကြောင့် လိုအပ်တဲ့ သွင်းဂိုးတွေ ချဲလ်ဆီးတို့ ရလိုက်ပါတယ် ။

အဖွင့်ဂိုးကို ပင်နယ်တီ ဧရိယာ အတွင်း ရိစ်ဂျိမ်းစ်ကပဲ ၂ကြိမ်တိုင်တိုင် တကိုယ်တော် ခြေယောင်ပြပြီး ၊ လှလှပပ ထောင့်ဖြတ် ကန်သွင်းယူခဲ့ပါတယ် ။ တတိယ ဦးဆောင်ဂိုးမှာလည်း နေရာယူ မှန်မှန်နဲ့ ကန်တေရဲ့ ပေးပို့မှုကို လက်ခံခဲ့ပြီး ၊ ဟာဗက်ဇ် အတွက် ဒုတိယမြောက်ဂိုး ရအောင် ဖန်တီးသွားခဲ့ပါတယ် ။

ကန်တေ – ဂျော်ဂျင်ဟို ကွင်းလယ် က ဖန်တီးမှုအား အရ အားရစရာ မကောင်းပေမယ့် ၊ ပြိုင်ဖက်ဆီက ဘောလုံး လုတဲ့ နေရာ ၊ pressing လုပ်တဲ့ နေရာတွေမှာ အားကောင်းဆဲ ဖြစ်ပါတယ် ။ ပွဲချိန် အများစု ခံစစ် ပိတ်ကစားတဲ့ ဘန်လေကြောင့်လည်း ၄င်းတို့ရဲ့ အခန်းကဏ္ဍ က ကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး ။

အသင်းရဲ့ လိုအပ်ချက်ကြောင့် ဘယ် wing-back နေရာကို ပြောင်းကစားခဲ့ရတဲ့ ဆာအူးလ်ရဲ့ ခြေစွမ်း က သာမန်လောက်ပဲ ရှိခဲ့ပါတယ် ။ ပထမပိုင်း အတွင်းက အန္တရာယ်ရှိတဲ့ ဖြတ်တင်ဘော တကြိမ် ၊ ပူလီဆစ်ရဲ့ အပိတ်ဂိုးမှာ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့တဲ့ တကြိမ်က လွဲရင် ၊ ဆာအူးလ်ဟာ အရမ်းကြီး ခြေစွမ်း မပေါ်လွင်ခဲ့တာကို တွေ့ရပါတယ် ။

တိုက်စစ် – မေဆင်မောင့် ( Rating – 6 ) ၊ ကိုင်ဟာဗက်ဇ် ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 8 )

ပထမပိုင်းမှာ ဘန်လေရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကြောင့် တိုက်စစ် ကစားသမား ၃ဦးလုံး အချိတ်အဆက် ကောင်းကောင်း မိဖို့ ရုန်းကန်ခဲ့ရပါတယ် ။ မေဆင်မောင့် ကတော့ လူစားအလဲ မခံရခင် အထိ သာမန် အဆင့် စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့ပါတယ် ။ အထူးသဖြင့် တပွဲလုံးလိုလို ၄င်းဟာ ဘန်လေရဲ့ physical ချဉ်းကပ်မှုအောက်မှာ ခြေစွမ်း ငုပ်လျှိုးခဲ့ရပါတယ် ။

ဟာဗက်ဇ်နဲ့ ပူလီဆစ်ကတော့ ဒုတိယပိုင်းမှာ မှော်ဆန်ဆန် ခြေစွမ်း ပြောင်းလဲခဲ့ပြီး ၊ လျင်မြန်တဲ့ ဘောလုံး ပေးပို့ ကစားပုံကြောင့် တိုက်စစ်မှာ ၄င်းတို့ ၂ဦးရဲ့ အခန်းကဏ္ဍ က ပိုမို သက်ဝင် လှုပ်ရှားခဲ့ပါတယ် ။ Man of the Match ဆု ရခဲ့တဲ့ ရိစ်ဂျိမ်းစ်ပြီးရင် ၊ ၄င်းတို့ ၂ဦးဟာ ဒုတိယပိုင်းမှာ ပွဲကို အဓိက လွှမ်းမိုးခဲ့တဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြပါတယ် ။

အရေးပါတဲ့ ဒုတိယနဲ့ တတိယ ဦးဆောင်ဂိုးတွေကို ဟာဗက်ဇ် က အမှားအယွင်းမရှိ ၊ နေရာယူ မှန်ကန်စွာနဲ့ အဆုံးသတ် သွင်းယူခဲ့ပြီး ၊ ပူလီဆစ် ဟာလည်း ဟာဗက်ဇ်ရဲ့ ပထမဂိုးမှာ လှပတဲ့ ဖြတ်တင်ဘောနဲ့ ပံ့ပိုးပေးနိုင်ခဲ့ကာ ၊ ဘန်လေ နောက်ခံလူ တာကောစကီးရဲ့ အမှားကနေလည်း အပိတ်ဂိုးကို အဆုံးသတ်ပေးခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – မတ်တီယို ကိုဗာဆစ် ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ( Rating – 6 ) ၊ တီမို ဗာနာ ( N/A )

SPORTS MYANMAR