ဒီရာသီ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတို့မှာ ဗိုလ်စွဲမယ့်အသင်းတွေကို ခန့်မှန်းလိုက်တဲ့ အိုဇေး

အာဆင်နယ် ကွင်းလယ်လူဟောင်း ဖြစ်သူ မီဆွတ်အိုဇေးဟာ ဒီရာသီ အတွက် သူ့ရဲ့ ခန့်မှန်းချက်တွေကို ချပြသွားခဲ့ပြီး ဒီထဲမှာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလား တို့ကို ဘယ်အသင်းတွေ ဆွတ်ခူး နိုင်မလဲ ဆိုတာလည်း ပါ၀င် ခဲ့ပါတယ်။ ယခုလ international break မတိုင်မီ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးကို တစ်မှတ် အသာနဲ့ ဦးဆောင်လျက် ရှိနေပြီး ပရိတ်သတ်တွေ အနေနဲ့ ပြင်းထန်လှတဲ့ title race ကို လက်ကျန် ရာသီမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ် ကာလအပြီးမှာ လီဗာပူးဟာ ၀က်ဖို့ဒ်ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး မန်စီးတီး ကတော့ ဘန်လေကို အဆိုပါ နေ့မှာပဲ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့မှာတော့ ဒီနှစ်သင်းဟာ အီတီဟတ်မှာ ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပြီး ဒါဟာ အမှတ်ပေးချန်ပီယံဆု အတွက် တကယ့်ကို အရေးပါလှတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာလည်း လီဗာပူး အသင်းဟာ ကွာတားဖိုင်နယ် အဆင့်မှာ ဘင်ဖီကာနဲ့ တွေ့ဆုံနေပြီး မန်ချက်စတာစီးတီး ကတော့ လီဗာပူးထက် ပွဲကျပ်ခဲ့ကာ အက်သလက်တီကိုနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီး နဲ့ လီဗာပူး တို့ဟာ ပရီးမီးယားလိဂ်မှာ တွေ့ဆုံပြီး နောက်တစ်ပတ် အကြာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရအုံးမှာလည်း ဖြစ်ပါတယ်။

လီဗာပူးဟာ နောက်ပိုင်းမှာ ၉ ပွဲဆက် လိဂ်နိုင်ပွဲနဲ့ အတူ မန်စီးတီးကို အပြင်းအထန် ဖိအားပေးထားခဲ့ပေမယ့်လည်း အိုဇေး ကတော့ လာမည့် မေလမှာ ပက်ဂွာဒီယိုလာရဲ့ အသင်းကသာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ၂ ရာသီ ဆက်တိုက် ကိုင်မြှောက် သွားလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

လက်ရှိ တူရကီ ကလပ် ဖီနာဘာချီ အသင်းမှာ ကစားနေတဲ့ အသက် ၃၃ နှစ် အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ သူ့ရဲ့ ယခုလို ခန့်မှန်းချက်ကို share လုပ်သွားခဲ့တာ ဖြစ်ပြီး လီဗာပူး ကတော့ အမှတ်ပေးဖလား တိုက်ပွဲမှာ သူ့ရဲ့ ပြိုင်ဘက်ကို ရှုံးနိမ့် သွားလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုဇေးက လီဗာပူးဟာ ဥရောပ ပြိုင်ပွဲမှာတော့ ဖိုင်နယ်ထိ တက်ရောက်ကာ ပဲရစ်ရဲ့ Stade de France ကွင်းကြီးမှာ ၇ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး သွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ ကွာတားဖိုင်နယ်မှာ ဘင်ဖီကာကို ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင် နောက်တဆင့်မှာ ဘိုင်ယန်မြူးနစ် or ဗီလာရီးရဲယ် တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အိုဇေးက အင်္ဂလန်ဟာ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လွန်ခဲ့တဲ့ ၁၉၆၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး ဗိုလ်စွဲမယ်လို့ ခန့်မှန်းလိုက်ပြီး ဒီအတိုင်းသာ ဆိုရင် လီဗာပူး ကစားသမားတွေ ဖြစ်ကြတဲ့ ဟန်ဒါဆန် နဲ့ အလက်ဇန်းဒါးအားနိုးတို့ အနေနဲ့ နောက်ထပ် ကြီးကြယ်တဲ့ ဆုတံဆိပ်ကို ထပ်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်းဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဘရာဇီး ကမ္ဘာ့ဖလားမှာ ဂျာမနီနဲ့ အတူ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သူ ဖြစ်ပါတယ်။ ဂျာမနီဟာ ဖိုင်နယ်မှာ အာဂျင်တီးနားကို မာရီယိုဂေ့ါဇီရဲ့ အချိန်ပို သွင်းဂိုးနဲ့ အတူ ၁-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

SM