ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ့် အသင်းကို ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆွန်

ပေါလ်မာဆွန်က ဒီရာသီ ချန်ပီယံလိဂ် ဖလားကို လီဗာပူး ဒါမှမဟုတ် ချဲလ်ဆီး တို့ထဲက တစ်သင်းသင်း ဗိုလ်စွဲ သွားလိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့မှာ လိုင်လီကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရထားခဲ့ပြီး လီဗာပူး ကလည်း အင်တာမီလန်ကို ဆန်စီယိုမှာ ၂-၀ နဲ့ အနိုင်ယူထားခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ရန် အခွင့်အရေးကောင်းကို ပိုင်ဆိုင်ထားကြပါတယ်။

မန်ယူနိုက်တက် နဲ့ မန်စီးတီး တို့ကလည်း ပြိုင်ပွဲမှာ ဆက်ရှိနေဆဲ ဖြစ်ပြီး ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ပထမအကျော့မှာ စပို့တင်းလစ္စဘွန်းကို ပေါ်တူဂီမြေမှာ ၅-၀ နဲ့ နိုင်ထားခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်ရန် သေချာသလောက် ဖြစ်နေပြီး မန်ယူနိုက်တက် ကတော့ အက်သလက်တီကိုကို အဝေးကွင်းမှာ တစ်ဂိုးစီ သရေ ကစားထားခဲ့ပြီး အိုးထရပ်ဖို့ဒ်မှာ အဆုံးအဖြတ် ပွဲကို ကစားရအုံးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ မာဆွန်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာရာဘောင်ဖလား ဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြတဲ့ ချဲလ်ဆီး နဲ့ လီဗာပူး တို့ဟာ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ထပ်မံ တွေ့ဆုံလိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။

မာဆွန်က “ကျွန်တော် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာရာဘောင်ဖလား ဖိုင်နယ်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် အဝေးကြီးမှာ ရှိနေမယ့် အသင်းတွေ မဟုတ်ပါဘူး။ သူတို့ဟာ ဥရောပရဲ့ အကောင်းဆုံး ခံစစ်ကြောင်းကို ပိုင်ဆိုင်ထားပါတယ်။ အကယ်၍ နှစ်ကျော့ ကစားရတဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲတွေကို အနိုင်ရချင်တယ် ဆိုရင် ခင်ဗျား အနေနဲ့ clean sheet ရယူသွားဖို့ လိုအပ်ပါတယ်။

ပြီးတော့ ဒီနှစ်သင်းဟာ တိုက်စစ်မှာလည်း လက်နက် အပြည့်အစုံ ရှိနေတယ်လို့ ထင်ပါတယ်။ လူတွေကတော့ ‘ဒီဖိုင်နယ်ဟာ 0-0 ဖြစ်ခဲ့တယ် မဟုတ်ဘူးလား?’ ဆိုပြီး မေးခွန်းထုတ်ကြမှာပါ။ ဒါပေမယ့် ဒါဟာ ငြီးငွေ့စရာ 0-0 ပွဲစဉ် မဟုတ်ခဲ့ဘူး မဟုတ်လား? တကယ့်ကို ပွဲကောင်း ဖြစ်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့ ဂိုးပေါက် ကာကွယ်မှုတွေ ၊ အရမ်းကောင်းတဲ့ ခံစစ် ကစားပုံ နဲ့ တကယ် ကောင်းတဲ့ တိုက်စစ် ကစားပုံတွေကို တွေ့ခဲ့ရပါတယ်။ အဆုံးသတ်က သိပ်မကောင်းခဲ့ပေမယ့်လည်း ဒီပွဲက ခြေစွမ်းတွေကို ကြည့်ပြီး ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ထပ်မံ တွေ့ဆုံနိုင်တယ် ဆိုတဲ့ ခံစားချက်ကို ရခဲ့ပါတယ်။

ဒီနှစ်သင်းထဲက တစ်သင်း ဗိုလ်စွဲမှာပါ။ သူတို့ရဲ့ ခံစစ်က ကောင်းလှပါတယ်။ ကျွန်တော် မန်စီးတီးကို ကြည့်လိုက်တဲ့ အခါမှာ သူတို့ဟာ ပြိုင်ဘက်ကို အခွင့်အရေး ပေးမှာပါ။ လီဗာပူး အနေနဲ့ ပရီးမီးယားလိဂ် ထက်စာရင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ပိုများတယ်လို့ ကျွန်တော် ထင်ပါတယ်။သူတို့ ချန်ပီယံလိဂ်မှာ နောက်ထပ် ၃ ပွဲ ရှုံးလို့ ရပြီး ဗိုလ်စွဲအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ၃ ပွဲ ရှုံးရင်တော့ အခွင့်အရေး ရှိမှာ မဟုတ်တော့ပါဘူး။ သူတို့ အနေနဲ့ ပရီးမီးယားလိဂ်မှာ လုံး၀ အမှားခံလို့ မရပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM