ဒီရာသီ ချန်ပီယံလိဂ်ဖလား အတွက် ရေပန်းအစားဆုံး အသင်း ၃ သင်းကို ရွေးချယ်ရာမှာ အသင်းဟောင်း ချဲလ်ဆီးကို ချန်လှပ်ခဲ့တဲ့ ဖရန့်လီဘောက်ဖ်

ချဲလ်ဆီး နောက်ခံလူဟောင်း ဖြစ်သူ ဖရန့်လီဘောက်ဖ်က ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲနိုင်ရန် ရေပန်းအစားဆုံး အသင်း ၃ သင်းကို ရွေးချယ်ပေးသွားခဲ့ပြီး အသင်းနဲ့လည်းဖြစ် လက်ရှိ ဥရောပ ချန်ပီယံလည်း ဖြစ်တဲ့ ချဲလ်ဆီးကိုတော့ ချန်လှပ်သွားခဲ့ပါတယ်။ သောမတ်တူချယ်ဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးကို ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပြီး the Blues တို့ဟာ နောက်ဆုံး ၁၆ သင်း အဆင့်မှာ လိုင်လီကို ၂-၀ နဲ့ နိုုင်ထားခဲ့တာကြောင့် ကွာတားကို တက်ရောက်နိုင်ရန် အခြေအနေကောင်းနေ ပါတယ်။

လီဘောက်ဖ်ကတော့ ချဲလ်ဆီးဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ရန် ရေပန်းအစားဆုံး အသင်းတွေထဲမှာ မပါ၀င်ဘူးလို့ မြင်နေပြီး လီဗာပူး မန်စီးတီး ဘိုင်ယန်မြူးနစ် တို့ထဲက တစ်သင်းသင်းသာ ဥရောပ ချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့ မှတ်ချက်ပေး လိုက်ပါတယ်။ ချဲလ်ဆီးလိုပဲ လီဗာပူး အသင်းကလည်း ပြီးခဲ့တဲ့လက အင်တာကို ၂-၀ နဲ့ အဝေးကွင်းမှာ နိုင်ထားခဲ့တာကြောင့် ကွာတားကို တက်ရောက်ဖို့ များနေပြီး ပြည်တွင်းမှာလည်း အကောင်းဆုံး ပုံစံကို ပြသနေပါတယ်။

မန်စီးတီးကတော့ လစ္စဘွန်းမှာ စပို့တင်းကို ၅-၀ နဲ့ နိုင်ထားခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေကလည်း မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ကို ၄-၁ နဲ့ ခြေစွမ်းပြကာ အနိုင်ရရှိထားပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ ဘွန်ဒက်လီဂါ ဆုဖလားကို ၁၀ ကြိမ် ဆက်တိုက် ဆွတ်ခူးဖို့ များနေပြီး ပထမအကျော့က ဆဲဘတ်နဲ့ ၁-၁ သရေကျထားခဲ့ပေမယ့်လည်း အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် နောက်တဆင့်ကို တက်ဖို့ အခြေအနေကောင်းနေပါတယ်။

လီဘောက်ဖ်က “လီဗာပူး မန်စီးတီး နဲ့ ဘိုင်ယန်မြူးနစ် တို့ထဲက တစ်သင်းသင်းပဲ ဗိုလ်စွဲမှာပါ။ မန်စီးတီးဟာ ချန်ပီယံလိဂ်ဖလားကို တအားကို လိုချင်နေတာ ဖြစ်ပြီး ခင်ဗျားတို့ စီးတီး ပရိတ်သတ်တွေကို မေးကြည့်လိုက်ပါ။ ပရီးမီးယားလိဂ်ဖလား ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလား ဘယ်ဟာကို ပိုလိုချင်သလဲ ဆိုတာ ချန်ပီယံလိဂ်လို့ သူတို့ အားလုံး ပြောကြပါလိမ့်မယ်။ လီဗာပူး ကလည်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ သမိုင်းကြောင်းကို ခင်ဗျားတို့ ကြည့်ကြည့်လိုက်ပါ။

ချဲလ်ဆီးကတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ် ဗိုလ်စွဲထားခဲ့တဲ့ သမိုင်းကြောင်း ရှိနေပြီး ဒါဟာ ကလပ်အတွက် အရမ်းကောင်းပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ကျွန်တော် ဘောလုံးကို စတင်စိတ်၀င်စားခဲ့တဲ့ ကီးဂန်း ဒဲလ်ဂလစ်ခ်ျ နဲ့ ဖဲလ်ကလောက်တို့လို ကစားသမားတွေ ရှိခဲ့တဲ့ ကာလကတည်းက ဒီလို သမိုင်းကြောင်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော် လီဗာပူး ကစားသမားဟောင်း စတီဗီနစ်ကိုးနဲ့ အလုပ်အတူ တွဲလုပ်နေတာပါ။ သူဟာ ချန်ပီယံလိဂ်ဟာ သူတို့ရဲ့ ဗီဇ သူတို့ရဲ့ သွေးသားထဲမှာ ရှိနေတယ် ဆိုတဲ့ အကြောင်းကို ပြောခဲ့ပါတယ်။ မီလန်ကို ပထမပိုင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ ပြန်လာနိုင်ခဲ့တဲ့ အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ချန်ပီယံလိဂ်ဟာ သူတို့ရဲ့ ဗီဇထဲမှာ ရှိနေတာကြောင့်လို့ သူ ပြောခဲ့ပါတယ်။

ဒါ့ကြောင့်လည်း လီဗာပူးကို ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်စွမ်း ရှိတဲ့ အသင်းတွေထဲကနေ ဘယ်တော့မှ ဖယ်ထုတ်သွားလို့ မရတာ ဖြစ်ပါတယ်။ လီဗာပူးတို့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ လုံး၀ အခွင့်အရေး မရှိဘူးလို့ ဘယ်တော့မှ ပြောလို့ မရပါဘူး။” လို့ ဆိုသွားပါတယ်။

SM