“ ဒီယက်ဇ် ကို စပြီးတွေ့လိုက် ကတည်းက ကျနော့် အသင်းမှာ ချက်ခြင်း အံဝင်လိမ့်မယ်လို့ ခံစားမိခဲ့တာပါ” ကလော့ပ်

 

ပရိသတ် အများစု ကတော့ ကလော့ပ် ရဲ့ လီဗာပူး ဟာ ပုံစံကျပြီးသား ဖြစ်လို့ ကစားသမားသစ် တစ်ယောက် အတွက် အသင်းမှာ အံဝင်အောင် ကစားရတာ လွယ်ကူတယ် ပြောကြပါတယ်။ တကယ်တော့ ကလော့ပ် ရဲ့ ကစားကွက်မှာ အံဝင်အောင် ကစားရတာ ပြောသလောက်ကြီး လွယ်တာ မဟုတ်ပါဘူး။

ပက်ဂွာဒီယိုလာ လို နည်းပြမျိုး နဲ့ ဘာစီလိုနာ ၊ ဘိုင်ယန် မြူးနစ် အသင်းတွေ မှာ လက်တွဲခဲ့ဖူးတဲ့ ၊ နည်းစနစ်ပိုင်း ဆိုင်ရာ ကြွယ်ဝပြီးသား ဖြစ်တဲ့ တီယာဂို လို ကစားသမားမျိုးတောင် အချိန်အတိုင်းအတာ တစ်ခုအထိ ယူခဲ့ရပါတယ်။

ထိုနည်းတူစွာ ဘယ်နောက်ခံလူတွေ ဖြစ်တဲ့ စီမီကတ် ၊ ရော်ဘတ်ဆန် ၊ မီနာမီနို ၊ နာဘီ ကီတာ ၊ ချန်ဘာလိန် တို့လို ကစားသမားတွေ ကလဲ အသင်းမှာ အထိုင်ကျဖို့ တော်တော်လေး ကြိုးစားယူခဲ့ရတာပါ။

သို့သော် ထူးခြားချက် တစ်ခုတော့ ရှိနေပါတယ်။ ကလော့ပ် ဟာ တိုက်စစ် 3 ယောက် နေရာ အတွက် ဆိုရင် Pressing + Counter Pressing အပြင် Free Role ဆန်ဆန် ကစားခွင့် ပေးတဲ့ အတွက် တိုက်စစ် ကစားသမား အများစု ချက်ခြင်းဆိုသလို အံဝင်တာ များပါတယ်။ ဆာဒီယိုမာနေး ၊ ဆာလာ တို့ဟာ အသင်းကို ရောက်ရောက်ခြင်းမှာပဲ ခြေစွမ်းတွေ တောက်လျှောက်ပြခဲ့သလို ၊ ဝုဖ် လို ခံစစ် အသားပေး ကစားတဲ့ အသင်းကနေ ရောက်ရှိလာတဲ့ ဂျော်တာ ကလဲ အချိန်တို အတွင်းမှာပဲ ပရိသတ် အကြိုက် ကစားသမားမျိုး ဖြစ်အောင် တည်ဆောက်ထားနိုင်ခဲ့ ပါတယ်။

နောက်ဆုံး မှ ရောက်လာတဲ့ လူးဝစ် ဒီယက်ဇ် ကလဲ ထိုနည်းတူစွာ ပါပဲ။ အန်ဖီးလ် ကို ရောက်လာတာ မကြာသေးပေမယ့် သူဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်လာနိုင်တဲ့ အလားအလာကောင်းတွေကို ဆက်တိုက် ပြသထားပြီ ဖြစ်လို့ ၊ နောက်ထပ် မှန်ကန်တဲ့ ကစားသမားသစ် ခေါ်ယူမှုလို့ သုံးနှုန်းလို့ ရနေပါပြီ။

ကလော့ပ် ကိုယ်တိုင် ကတော့ ဒီယက်ဇ် ကို ခေါ်ယူနိုင်ခဲ့တာ နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ဇန်နဝါရီ မှ ခေါ်ယူလိုက်တဲ့ ကစားသမားသစ် တစ်ယောက် ကို အခြား နည်းပြတွေ ဆိုရင်လဲ ဒီအတိုင်းပဲ ပြောကြမှာပါ။ အကောင်းဆုံး ကြိုးစားပြီးသာ ကစားကြည့်။ အဲဒီလို ကြိုးစားနေရင် လာမယ့် နွေရာသီ ရောက်တာနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်လာ လိမ့်မယ်”

 

“ ကစားသမား တစ်ယောက် ကို ခေါ်ယူလိုက်တဲ့ အချိန်မှာ ဘာကြောင့် ခေါ်ယူတာလဲ ဆိုတဲ့ အကြောင်းပြချက်တစ်ခုတော့ တိတိကျကျ ရှိပါတယ်။ အဲဒီ အကြောင်းပြချက် က သူ့မှာ ရှိနေတဲ့ အရည်သွေးလဲ ဖြစ်နိုင်တယ် ၊ သူဟာ ကွင်းအတွင်းမှာ ဘယ်လို ကစားပြနေတယ် ဆိုတဲ့ အကြောင်းပြချက်မျိုးလဲ ဖြစ်နိုင်ပါတယ်။

ကျနော် တို့ လူးဝစ် ကို စပြီး မြင်လိုက်တဲ့ အချိန်မှာ သူ့မှာ ပိုင်ဆိုင်ထားတဲ့ ထူူးခြားတဲ့ အရည်အသွေးတွေကို လီဗာပူး နဲ့ ချက်ခြင်း အံဝင်အောင် ကစားနိုင်လိမ့်မယ် ဆိုတာ လုံးဝကို ယုံထားခဲ့ပြီးသားပါ။ တကယ်တော့ အဲဒီလို ပြောရတာ မလွယ်ပါဘူး ဘာလို့လဲ ဆိုတော့ သူ့ရဲ့ စွမ်းဆောင်ရည်က ကျသွားလို့ မရဘူးလေ။

တကယ်လဲ အဲဒီလို ထိန်းထားပြနိုင်ခဲ့တာမို့ ကျနော်တို့ က ယုံကြည်မှု အပြည့် ရှိခဲ့တာပါ။ သူဟာ ပေါ်တို နဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပြခဲ့တယ် ၊ ကိုလံဘီယာ အတွက်လဲ ပြနိုင်ခဲ့တာ ဖြစ်လို့ ယုံကြည်မှု က အပြည့်ပါပဲ။ ဒါပေမယ့် ကျနော်တို့ တာဝန် က သူ့ရဲ့ အဲဒီ ပြင်းထန်တဲ့ ယုံကြည်မှုတွေကို လျှော့ကျ မသွားစေဖို့ပါ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာလဲ လက်ရှိ အသုံးပြုနေတဲ့ ကစားဟန် ၊ နည်းစနစ်က ရှိထားပြီးသားလေ။

အဲဒီတော့ သူ့ကို ပင်ကိုယ်ဟန် အတိုင်း အံဝင်အောင် ကစားနိုင်ဖို့ ကူညီပံ့ပိုး ပေးရပါတယ်” လို့ ရှင်းပြသွားခဲ့ ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါ ကတော့ လီဗာပူး မှာ အခုလောက်ထိ အရန်အင်အား တောင့်တင်းတာမျိုး မမြင်ခဲ့ဖူးဘူးလို့ ဆိုလိုက်သလို ၊ ဒီရာသီ တစ်လျှောက်လုံး ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်လာပြီလို့ ခံစားမိတဲ့ အကြောင်း Sky Sports ကနေ တင်ဆက်သွားခဲ့ ပါတယ်။

SPORTS MYANMAR