ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် နဲ့ FA Cup ပွဲတွေအတွက် ပေါလ်မာဆွန် ရဲ့ ခန့်မှန်းချက်များ

ဒီတပတ် မှာတော့ မတူညီတဲ့ ပြိုင်ပွဲ ၂ ခု ကို တပြိုင်တည်း ကစားကြမှာ ဖြစ်တာကြောင့် အသင်းအချို့ နားရက် ရခဲ့ပါတယ် ။ ပရီးမီးယားလိဂ် မှာ ပွဲစဉ် ၄ ပွဲသာ ကစားဖို့ ရှိနေပြီး ဝုဗ် နဲ့ လိဒ်ယူနိုက်တက် တို့က ညကတည်းက ကစားလို့ ပြီးသွားခဲ့ ပါပြီ ။

ဒီကနေ့ နဲ့ မနက်ဖြန် ကစားမယ့် ပွဲတွေမှာတော့ အဆင့် ၄ ကို ဆက်ထိန်းထားမယ့် အာဆင်နယ် ရဲ့ ဗီလာပါ့ခ် က ပွဲစဉ်က စိတ်ဝင်စားဖို့ ကောင်းနေမှာပါ ။

တနင်္ဂနွေမှာတော့ အဆင့် ၄ ကို အပြိုင်လုနေတဲ့ အထဲက စပါး နဲ့ ဝက်စ်ဟမ်း တို့ ထိပ်တိုက်တွေ့ဆုံ ကြမှာပါ ။

FA Cup ကွာတားဖိုင်နယ် ၄ ပွဲကိုလည်း ဒီကနေ့နဲ့ မနက်ဖြန်တွေမှာ ကစားသွားမှာ ဖြစ်ပြီး ချဲလ်ဆီး ၊ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ နောက်တဆင့်ကို တက်နိုင်ဖို့ အလားအလာတွေ ကောင်းနေကြပါတယ် ။

ဒါကြောင့် ဒီပိတ်ရက်မှာ ကစားမယ့် ပရီးမီးယားလိဂ် နဲ့ FA Cup ပွဲတွေ အတွက် ပေါလ်မာဆွန် ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

Premier League

၁ ။ အက်စတွန် ဗီလာ – အာဆင်နယ်

လီဗာပူး နဲ့ပွဲရဲ့ ပထမပိုင်းမှာ အာဆင်နယ် ကစားပုံ ကောင်းခဲ့ ပါတယ် ။ တကယ်လို့ မာတင် အိုဒီဂတ် သာ ဂိုးဝင်အောင် သွင်းနိုင်ခဲ့မယ် ဆိုရင် သူတို့ ဒီပွဲကိုတောင် နိုင်သွားလောက် ပါတယ် ။

အခုလည်း ပုံစံကောင်း ရနေတဲ့ အက်စတွန် ဗီလာ က အာဆင်နယ် ကို ခက်ခဲ စေဦးမှာပါ ။

လွန်ခဲ့တဲ့ ၂ ပတ်လောက် တုန်းကသာ အခုပွဲကို ကစားခဲ့မယ်ဆိုရင် အာဆင်နယ် က အေးအေး ဆေးဆေး အနိုင်ရမယ်လို့ ကျွန်တော် ခန့်မှန်းမိ မှာပါ ။

ဒါပေမယ့် အခုချိန်မှာတော့ မလွယ်တော့ပါဘူး ။ တိုက်စစ်အားသန်ပြီး ဂိုးတွေ ပေးရတတ်တဲ့ ခံစစ်ကို ၂ သင်းလုံး ပိုင်ဆိုင် ထားကြပါတယ် ။ ဒီတော့ ဂိုးတွေ များကြမှာပါ ။

ဘယ်အသင်းနိုင်မလဲ ပြောရခက်ပါတယ် ။ ဂိုးများဖို့လောက်ပဲ သေချာမှာပါ ။

မာဆွန် ကတော့ ဗီလာ ၂ – ၂ အာဆင်နယ် လို့ ခန့်မှန်းခဲ့ ပါတယ် ။

၂ ။ တော့တင်ဟမ် ဟော့စပါး – ဝက်စ်ဟမ်း

ဆီဗီးလား ကို အားကုန်ထုတ်ပြီး ကစားထားရတာက ဝက်စ်ဟမ်း ကို ပင်ပန်း နေစေမှာပါ ။ ဝက်စ်ဟမ်း တို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အတွက်ကို ပိုပြီး အာရုံစိုက်ဖို့ ရှိနေသလို အမှတ်ပေး ဇယား အနေအထား ကလည်း အဆင့် ၄ အတွက် မျှော်လင့်လို့ ကောင်းတဲ့ အနေအထားမဟုတ်ပါဘူး ။

စပါး ကတော့ ရိုနယ်ဒို ရဲ့ အံ့ဖွယ် အစွမ်းကြောင့် အိုးထရက်ဖိုဒ့်မှာ အရေးနိမ့် ခဲ့ရပေမယ့် ကစားပုံ ပိုကောင်းခဲ့ ပါတယ် ။

အခုပွဲလည်း သူတို့ အတွဲမိမိ ၊ အသာစီး နဲ့ ကစားနိုင်မယ် ဆိုရင် ဝက်စ်ဟမ်း ကို ထိုးဖောက် ဂိုးသွင်းဖို့ မခက် နိုင်ပါဘူး ။

စပါး သာ ပထမပိုင်း ကတည်းက ဂိုးရမယ် ဆိုရင် ဂိုးများ နိုင်ပါတယ် ။ အဲ့ဒိလိုမှ မဟုတ်ရင်လည်း ကွန်တီ တို့ အတွက် ၃ မှတ်က သေချာသလောက် ရှိနေမှာပါ ။

မာဆွန် ရဲ့ ခန့်မှန်းချက်က စပါး ၃-၁ ဝက်စ်ဟမ်း ဖြစ်ပါတယ် ။

၃ ။ လက်စတာ စီးတီး ၂ – ၁ ဘရန့်ဖိုဒ့်

FA Cup

၁ ။ မစ်ဒယ် ဘရော့ – ချဲလ်ဆီး

မန်ချက်စတာ ယူနိုက်တက် ၊ တော့တင်ဟမ် ဟော့စပါး တို့ကို ဖြုတ်ချပြီး အံ့ဖွယ် ခရီးဆက်လာခဲ့တဲ့ မစ်ဒယ်ဘရော့ ရဲ့ ဇာတ်လမ်းဟာ ဒီနေရာမှာပဲ တခန်းရပ် သွားလောက်ပါပြီ ။

အသင်းပိုင်ရှင် အပြောင်းအလဲတွေ ၊ ငွေကြေးသုံးစွဲမှု ကန့်သတ်ခံရတာတွေ ၊ လက်မှတ်ထပ်ရောင်းခွင့် မရတာတွေ စတဲ့ ကန့်သတ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပေမယ့် ချဲလ်ဆီး ရဲ့ ရလဒ်တွေ ကတော့ အပူအပင် ကင်းကင်း နဲ့ ကစားနေရသလားလို့တောင် ထင်ချင်စရာ ကောင်းနေပါတယ် ။

ဘယ်လိုပဲ ကြည့်ကြည့် မစ်ဒယ်ဘရော့ က ချဲလ်ဆီး ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး ။ အရန်လူတွေ ကို သောမတ်စ် တူချယ် ထည့်သုံးမှာ ဖြစ်ပေမယ့် အဲ့ဒိ ကစားသမားတွေ ကလည်း အခွင့်ရတုန်း ခြေစွမ်းပြဖို့ အားထုတ် ကြမှာပါ ။ ချဲလ်ဆီး မနိုင်ခဲ့ရင် ကျွန်တော် အရမ်းကို အံ့အားသင့်မိ မှာပါပဲ ။

မစ်ဒယ်ဘရော့ ၁-၃ ချဲလ်ဆီး လို့ မာဆွန် က ခန့်မှန်းခဲ့ ပါတယ် ။

၂ ။ ဆောက်သမ်တန် – မန်ချက်စတာ စီးတီး

ဆောက်သမ်တန် ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ မန်စီးတီး ကို ရလဒ်ပိုင်းအရ ဒုက္ခပေးနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီတခါ မှာတော့ စီးတီး ကို ရပ်တန့်ဖို့ မလွယ်ပါဘူး ။ ပဲလေ့စ် ရဲ့ အမှတ်ခွဲယူမှု ကို ခံလိုက်ရတဲ့ စီးတီး ဟာ ၂ ပွဲဆက် အမှားမလုပ်မိအောင် သေချာ ပြင်ဆင်လာမှာပါ ။

ဆောက်သမ်တန် ကတော့ ဘောလုံးပိုင်ဆိုင်မှု ကို စီးတီး ဆီ ထိုးအပ်ပြီး ခံစစ် ကို ပီပီ ပြင်ပြင် အထိုင်ချ ပြီး တန်ပြန် တိုက်စစ် နဲ့ ထိုးနှက်မှာပါ ။ ဒါပေမယ့် အခုပွဲက အမှတ်ပေးပွဲမဟုတ်လို့ သရေ ဆိုတာ မရှိပါဘူး ။

ဒါကြောင့် ဆောက်သမ်တန် တို့ အနိုင်ရလဒ် ကို မျှော်မှန်းပြီး မကစားနိုင်ရင် အရှုံးရလဒ် ကိုပဲ ရင်ဆိုင် ရမှာပါ ။

မာဆွန် ရဲ့ ခန့်မှန်းချက် က ဆောက်သမ်တန် ဝ-၃ မန်စီးတီး ဖြစ်ပါတယ် ။

၃ ။ နော်တင်ဟမ် ဖောရက်စ် – လီဗာပူး

ဖောရက်စ် ရဲ့ လက်ရှိ ပုံစံက ကောင်းတယ်လို့ ပြောလို့ရ ပါတယ် ။ ဒါပေမယ့် ဒါက သူ့ရဲ့ အနေအထား နဲ့ ကောင်းနေတာ ဖြစ်ပြီး လီဗာပူး ကို ယှဉ် ကစားဖို့ ဆိုရင်တော့ အများကြီး လိုနေသေးတယ်လို့ ပြောရမှာပါ ။

အာဆင်နယ် က လီဗာပူး နဲ့ ပွဲမှာ တော်တော် ကစားပုံ ကောင်းခဲ့ ပါတယ် ။ ဒါတောင်မှ လီဗာပူး ကို အနိုင် မယူနိုင်ခဲ့ ပါဘူး ။

နော်တင်ဟမ် ဖောရက်စ် ရဲ့ လက်ရှိ ပုံစံကောင်းက လီဗာပူး နဲ့ ပွဲက အာဆင်နယ် ရဲ့ ပထမပိုင်း ကစားပုံကို မမီ သေးပါဘူး ။

ဒါကြောင့် အခုပွဲမှာ လီဗာပူး နိုင်သွားမှာက လွဲပြီး အခြားရလဒ်မျိုး ကျွန်တော် မမြင်မိ ပါဘူး။

လူအပြောင်းအလဲတွေ လုပ်မှာ ဖြစ်လို့ ဂိုးပေးရကောင်း ပေးရနိုင်ပါတယ် ။ ဒါပေမယ့် အဆုံးမှာတော့ အနိုင်ရတဲ့ သူက လီဗာပူးပဲ ဖြစ်မှာပါ ။

နော်တင်ဟမ် ဖောရက်စ် ၁-၃ လီဗာပူး လို့ မာဆွန် က ခန့်မှန်း ထားခဲ့ ပါတယ် ။

၄ ။ ခရစ္စတယ် ပဲလေ့စ် ၂-၀ အဲဗာတန်

 

SPORTS MYANMAR