ဒီတစ်ပတ် အတွက် လော်ရိုး ရဲ့ ခန့်မန်းချက်

ဒီတစ်ပတ် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ချို့ နဲ့ အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်တွေ ကို ဆက်လက် ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။

အက်ဖ်အေ ဖလားပြိုင်ပွဲမှာ 14 ကြိမ် အထိ ချန်ပီယံ ဖြစ်ထားတဲ့ အာဆင်နယ် အသင်းကို ဖြုတ်ချခဲ့တဲ့ နော့တင်ဟမ် ဖောရက်စ် အသင်းဟာ လီဗာပူး နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ၊ လက်ရှိ ချန်ပီယံ လက်စတာ ကလဲ ပြိုင်ပွဲကနေ ထွက်ထားရပြီ ဖြစ်ပါတယ်။

အက်စ်တွန် ဗီလာ vs အာဆင်နယ်

ကြားရက်မှာ ကစားခဲ့တဲ့ ပွဲတုန်းက အာဆင်နယ် ဟာ လီဗာပူး ကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့သလို ၊ တီယာဂို ရဲ့ လူပေးမှားမှု ကနေ တဆင့် အိုဒီဂတ် ရဲ့ ကန်ချက်ကို အလီဆွန် ကာကွယ်သွားတာက အလှည့်အပြောင်းတွေ ဖန်တီးဖို့ အကြောင်းဖန်သွားခဲ့ပါတယ်။ ကျနော့် အမြင်မှာတော့ သောမတ် ပါတေး ၊ မာတင်နယ်လီ ၊ ချာကာ တို့ဟာ အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့တယ် ထင်ပါတယ်။

ဒါပေမယ့် ဒီပွဲကတော့ အဲဒီ ပွဲစဉ်နဲ့ တူမှာ မဟုတ်ပါဘူး။ အာတေးတား အနေနဲ့ 5 ပွဲ ဆက်တိုက် နိုင်ပွဲ ရယူနိုင်မှု ကနေ ရပ်တန့်ခံလိုက်ရချိန်မှာ ဘယ်လိုတွေ တုန့်ပြန်ပြလာမလဲ ဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပါ။ ထပ်ပြောရရင် ဒီပွဲက အာဆင်နယ် ရဲ့ အနေအထား နဲ့ ခံယူချက်တွေ အကြောင်းကို ဖော်ပြသွားမှာပါ။

အက်စ်တွန် ဗီလာ ကလဲ ဝက်စ်ဟမ်း ကို ရှုံးပြီး နိုင်ပွဲဆက် မှတ်တမ်းက ရပ်တန့်ခံထားရပါတယ်။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ သူတို့ ရဲ့ ကစားပုံကို သဘောကျနေဆဲပါ။ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှု အရ အာဆင်နယ် ဟာ အဆင့် 4 နေရာအထိတောင် ရှိနေတယ် ဆိုပေမယ့် ၊ ဒီနှစ်သင်းကြား ကွာဟချက်က အများကြီး ရှိတယ်လို့ မမြင်မိပါဘူး။
ခန့်မှန်းချက် – ဗီလာ 2-1 အာဆင်နယ်

ဘိုရို vs ချဲဆီး (FA Cup)
လက်ရှိ ချဲဆီး ကလပ်မှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေက အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို လုံး၀ သက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် တူချယ် ရဲ့ အသင်း အပေါ် ကိုင်တွယ် မောင်နှင်ထားမှု နဲ့ ပတ်သက်ပြီး အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ သူဟာ ဖြစ်လာတဲ့ အခြေအနေ အရပ်ရပ် အပေါ် မူတည်ပြီး အကောင်းဆုံး ကိုင်တွယ် ပြနေပါတယ်။

ဒါကြောင့် သတင်းစာ တစ်ချို့ က ဒရာမာ ဆန်ဆန် ရေးနေကြသလိုမျိုး ၊ ချဲဆီး ဟာ ဆိုးဆိုးဝါးဝါး ယိုင်နဲ့သွားစရာ အကြောင်းမရှိပါဘူး။

ဘိုရို ကလဲ အက်ဖ်အေ ဖလားမှာတော့ ပုံစံကောင်းတွေ ပြသထားပါတယ်။ သူတို့ဟာ ယူနိုက်တက် ၊ စပါး တို့ကို ကျော်ဖြတ်ပြီးမှာ ဒီအဆင့်ကို တက်လှမ်းခဲ့တာပါ။ တူချယ် အတွက်တော့ လွယ်ကူမှာ မဟုတ်ပေမယ့် ၊ ဘိုရို ရဲ့ ဖြတ်သန်းမှုဟာ ဒီပွဲမှာ အဆုံးသတ်ပါလိမ့်မယ်။
ခန့်မှန်းချက် – ဘိုရို 1-2 ချဲဆီး

ဆောက်သမ်တန် – မန်စီးတီး (FA Cup)

ဆောက်သမ်တန် ဟာ ဒီရာသီ မန်စီးတီး နဲ့ ရင်ဆိုင် ကစားထားတဲ့ 2 ပွဲ စလုံးမှာ ပုံစံကောင်းတွေ နဲ့ တုန့်ပြန်ပြထားပြီးပါပြီ။ ဒါပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ သူတို့ရဲ့ စွမ်းဆောင်ရည်က နည်းနည်းလေး ကျလာတာ တွေ့ရသလိုပါပဲ။

ဗီလာ ၊ နယူးကာဆယ် ၊ ဝက်ဖို့ဒ် တို့ကို သုံးပွဲ ဆက်တိုက် ရှုံးနိမ့်ပြီး နောက်ပိုင်း ကစားရတဲ့ပွဲစဉ်မျိုး ဖြစ်လို့ ယုံကြည်ချက်ပိုင်းကတော့ ခိုင်ခိုင်မာမာ ရှိမယ် မထင်ပါဘူး။ မန်စီးတီး ကလဲ ဒီအတိုင်းပါပဲ။ ပဲလေ့ ကို သရေ ကျသွားတဲ့ ရလာဒ်ဟာ တော်တော်ကြီးကို ဆိုးဝါးလွန်းပါတယ်။ အထူးသဖြင့် လီဗာပူး က နိုင်ပွဲဆက်ချိန်မှာ ၊ ပိုလို့တောင် သက်ရောက်မှုက ကြီးမားပါတယ်။

ပက် ဟာ ကိုယ့်အသင်းက ဂိုးလိုနေတဲ့ အချိန်မျိုးမှာတောင် အရန်ထိုင်ခုံတန်း က စတာလင် ၊ ဂျေဇု တို့ကို ချန်ထားခဲ့တာ အံ့အားသင့်မိပါတယ်။ ကလော့ပ် ဆိုရင် သွင်းဂိုးတွေ လိုပြီ ဆိုတာ နဲ့ တိုက်စစ်တွေချည်းပဲ အားပြုပြီး လူစားလဲနေတာ အာဆင်နယ်နဲ့ ပွဲမှာလဲ မြင်လိုက်ရမှာပါ။ ဒါက ပြိုင်ဘက်အတွက်လဲ ခေါင်းခဲစရာတွေ ထပ်ပြီး ဖန်တီးပေးလိုက်သလိုပါပဲ။

ပက် အနေနဲ့ တစ်ချို့ အခိုက်အတန့်မှာ ဆုံးဖြတ်ချက်တွေ ထိရောက်ဖို့ လိုပါတယ်။
ခန့်မှန်းချက် – ဆောက်သမ်တန် 0-2 မန်စီးတီး

နော့တင်ဟမ် ဖောရက် vs လီဗာပူး

ကလော့ပ် ဟာ တောင့်တင်းတဲ့ ကစားသမား စာရင်းမျိုး ကို ပိုင်ဆိုင်ထားလို့လဲ အခုလို ဖလား 4 လုံး လမ်းကြောင်းအပေါ်ထိ ဆက်ရှိနေတာ ဖြစ်ပါတယ်။ ဒီပွဲမှာလဲ အလှည့်ကျ စနစ် ကို အသုံးပြုပြီး ပွဲထုတ်ပါလိမ့်မယ်။

ဒီကိစ္စကြောင့်ပဲ ဖောရက် အတွက်တော့ မျှော်လင့်ချက်လေး ရှိလာတာပေါ့။ ပြီးတော့ သူတို့ အသင်းမှာ မန်နေဂျာကောင်း တစ်ယောက် ဖြစ်တဲ့ စတိဗ် ကူးပါး အပြင် ၊ အခြား ပင်ကိုယ် အရည်သွေးမြင့် ကစားသမား တစ်ချို့ပါ ပိုင်ဆိုင်ထားပါတယ်။ QPR နဲ့ ကစားခဲ့တဲ့ ပွဲမှာ အလန်းစားဂိုး သွင်းပြခဲ့တဲ့ Djed Spence လို ကစားသမားသာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ရောက်မလာခဲ့ရင် တော်တော်လေးကို အံ့အားသင့်စရာ ကောင်းမှာပါ။

ဒီပွဲဟာ အကြိတ်အနယ် နဲ့ ဂိုးပြတ်မှာ မဟုတ်ပါဘူး။ လီဗာပူး ရဲ့ ပုံစံကောင်းတွေကလဲ ပြိုင်ဘက်တွေ အတွက် အနိုင်ယူဖို့ ခက်ခဲတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
ခန့်မှန်းချက် – ဖောရက် 0-1 လီဗာပူး

  • SM