ဒီညမှာ ဥရောပ ထိပ်သီး အသင်းကြီးတွေ ရဲ့ စောင့်ကြည့်ခြင်း ခံရမယ့် Djed Spence

ဒီညမှာ ကစားမယ့် အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် အဆင့် နော့တင်ဟမ် ဖောရက် နဲ့ လီဗာပူး တို့ ပွဲစဉ်မှာ ကမ္ဘာ့အကောင်းဆုံး ညနောက်ခံလူလို့ တင်းစားထားတဲ့ အလက်ဇန်းဒါး အာနိုး ပါဝင် ကစားပေးနိုင်မှာ မဟုတ်ပါဘူး။ သူ မပါဝင်သော်လဲ ဥရောပ ထိပ်သီး အသင်းကြီးတွေ စိတ်ဝင် တစားနဲ့ လာရောက် ကြည့်ရှုကြမယ့် ညာနောက်ခံလူ တစ်ဦး ရှိနေပါတယ်။

သူ့က နော့တင်ဟမ် ဖောရက် အသင်းရဲ့ ညာတောင်ပံ ခံစစ်မှာ တာဝန်ယူထားတဲ့ Djed Spence ဖြစ်ပါတယ်။

အသက် 21 နှစ် အရွယ်သာ ရှိပြီး မစ်ဒယ်ဘရော့ အသင်းကနေ လာရောက် ကစားပေးနေသူ ဖြစ်ကာ ၊ ဘိုင်ယန် မြူးနစ် ၊ ယူနိုက်တက် အပါအဝင် ဥရောပ အသင်းကြီး တော်တော်များများ က သူ့ရဲ့ ခြေစွမ်းကို သဘောကျနေတာကြောင့် ဆက်တိုက် အကဲခတ် စောင့်ကြည့်လျှက် ရှိနေပါတယ်။ ဒါကြောင့် ဒီညမှာတော့ ဥရောပ အကောင်းဆုံး တိုက်စစ်ဖွဲ့စည်းမှု ကို ပိုင်ဆိုင်ထားတဲ့ လီဗာပူး နဲ့ အတွေ့မှာ ဘယ်လို စွမ်းဆောင်ရည်တွေ ပြသဦးမလဲ ဆိုတာ အားလုံး က စိတ်ဝင်စားလျှက် ရှိနေပါတယ်။

နော့တင်ဟမ် ဖောရက် ပရိသတ်တွေ ကတော့ အခုလို အချိန်မျိုးမှာ Djed Spence ကို ဘယ်လို ကစားသမားမျိုး နဲ့ မှ အလဲအထပ် လုပ်ချင်မှာ မဟုတ်ပါဘူး။ ချာတိတ် ကိုယ်တိုင်လဲ ပရီးမီးယားလိဂ် အသင်း တစ်ချို့ နဲ့ ရင်ဆိုင် ကစားထားရပြီးပြီ ဖြစ်လို့ သူ့ စွမ်းဆောင်ရည် အပေါ် ယုံကြည် ကျေနပ်လျှက် ရှိနေပါတယ်။

တတိယ အဆင့်နဲ့ စတုတ္ထအဆင့်တွေ မှာ အာဆင်နယ် ၊ လက်စတာ အသင်းတွေ နဲ့ ရင်ဆိုင် ကစားခဲ့သလို ၊ လက်ရှိ အာဆင်နယ် ရဲ့ အမြူးကြွဆုံး ကစားသမား မာတင်နယ်လီ ဆိုရင် ဒီရာသီ ရင်ဆိုင် ကစားဖူးသမျှ ပြိုင်ဘက် တောင်ပံ ခံစစ်မှုးတွေထဲမှာ အခက်ခဲဆုံးလို့ တင်စား သုံးနှုန်း ပြောဆိုထားပါတယ်။

 

ကြားရက်မှာ QPR အသင်းကို 3-1 နဲ့ အနိုင်ရတဲ့ ပွဲစဉ်တုန်းကလဲ 25 ကိုက် အကွာကနေ သူ့ရဲ့ နော့တင်ဟမ် ဖောရက် ကစားသမား ဘ၀ ပထမဆုံး သွင်းဂိုးကို ရယူ ပြထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် သူ့ကို ဝန်းရံ အားပေးတဲ့ ပရိသတ်တွေ အချိန်နဲ့ အမျှ တိုးလာနေသလို ၊ ဘောလုံး သမားဟောင်း အများစုကလဲ လာမယ့် ရောက်သီရောက်ရင် ပရီးမီးယားလိဂ်မှာ ကစားခွင့် ရသင့်တယ်လို့ ထောက်ခံချက် ပေးနေကြပါတယ်။

လက်ရှိ သူနဲ့ ဘိုရို တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းက 2024 ခုနှစ် အထိ ရှိနေပြီး ၊ ဈေးကွက် တန်ဖိုးက ပေါင် 15 သန်း ဝန်းကျင် ပေါက်နေပါတယ်။

ဘိုရို နည်းပြဟောင်း ဝုဒ်ဂိတ် ကတော့ “ ပေါင် 25 သန်း လောက် ရရင် ရောင်းလောက်တယ် ထင်ပါတယ်။ သူက တော်တော်လေးကို အလားအလာ ကောင်းတဲ့ သူပါ” လို့ မှတ်ချက်ပေးထားပါတယ်။

တစ်ချိန်တည်းမှာ ဂန်းနား တိုက်စစ်မှုးဟောင်းကြီး အီယန် ရိုတ် ကလဲ သူ့အသင်းဟောင်းကို အနိုင်ယူတဲ့ ပွဲအပြီးမှာ ချာတိတ်လေး ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး အခုလို ပြောဆိုထားခဲ့ဖူးပါတယ်။

“ ကျနော် ပြောပြမယ်…. ဘိုရို လို အသင်းမျိုးကတောင် အငှားချတယ် ဆိုတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး ဘာလို့လဲ ဆိုတော့ ဘိုရို မှာတောင် နေရာ မရဘူးဗျာ။ ဒါပေမယ့် ဘာတွေ မှားနေလဲတော့ ကျနော်လဲ မပြောတတ်ပါဘူး။ အကြောင်းအစုံသိမှပဲ နားလည်နိုင်မယ် ထင်ပါတယ်။

ဒါပေမယ့် ဒီည ကစားသွားတဲ့ ခြေစွမ်းဟာ ညာနောက်ခံလူ တစ်ယောက်ဆီ ကနေ မမြင်ရတာ ကြာပြီ ဖြစ်တဲ့ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ဖြစ်မယ် ထင်ပါတယ်။

ကျနော်တို့ အကြားမှာ ညာနောက်ခံလူ တစ်ယောက် က မယုံကြည်နိုင်စရာ ကောင်းလွန်းတဲ့ ခြေစွမ်းတွေ ပြသနေတယ်လို့ ပြောကြရင် အာနိုး ၊ ရီးစ် ဂျိမ်းတို့ပဲ အမြဲတမ်း မီးမောင်းထိုးနေတာပါ။ တကယ်တော့ Technical ပိုင်း ၊ Combative ပိုင်းအရ ကြည့်ပြီး ပြောကြမယ် ဆိုရင် ဒီလို ခြေစွမ်းမျိုး မမြင်ဖူးတာ ကြာပါပြီ။

ဒီချာတိတ်မှာ လိုအပ်တဲ့ အရည်သွေးတွေ အားလုံး အပြည့်ရှိနေပါတယ်။ သူ့ အနေနဲ့ ပရီးမီးယားလိဂ် လိုနေရာမျိုးတောင် ကစားခွင့် ရသင့်ပါပြီ။ ဒါက ရိုးရိုးလေး တွေးရုံနဲ့ သိနိုင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

သောကြာနေ့ ကတော့ အင်္ဂလန် ယူ 21 အသင်းဟာ သူတို့ ကစားသမား စာရင်းမှာ Djed Spence ကို ထည့်သွင်း ရွေးချယ်သွားခဲ့ပါတယ်။

SM