ဒီကောင်တွေ က ပူတင်ထက်တောင် ပိုပြီး လိမ်ညာတတ်သူတွေပါ #တီဘက်

လာလီဂါ ပြိုင်ပွဲ ဥက္ကဌ ဂျာဗီယာ တီဘက် ကတော့ သူ့ရဲ့ ပွင့်ပွင့်လင်းလင်း နဲ့ ဒဲ့ပြောတတ်တဲ့ စတိုင် အတိုင်း Super League ပြန်ပြီး ကျင်းပဖို့ အားထုတ်လာတဲ့ ယူဗင်တပ် ၊ ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် အသင်းတွေက တာဝန် ရှိသူတွေဟာ ပူတင် ထက်တောင် ပိုပြီး လိမ်ညာကောက်ကျစ်သူတွေလို့ စွပ်စွဲကာ တုန့်ပြန်လိုက်ပါတယ်။

မနှစ်တုန်းကတော့ Super League အကောင်ထည် ဖော်မယ့် ပုံစံကို စွန့်လွှတ်လိုက်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ၊ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ နဲ့ ယူဗင်တပ် အသင်း တာဝန်ရှိသူတွေ တွေ့ဆုံကာ ဒီအစီအစဉ်ကို အကောင်ထည်ဖော်ဖို့ နောက်တစ်ကြိမ် ကြိုးစား အားထုတ်လာတာ ဖြစ်ပါတယ်။

ယူဗင်တပ် ဥက္ကဌ အက်နဲလီ ဆိုရင် Super League ဆိုင်ရာ အစီအစဉ်တွေကို ချက်ခြင်း အကောင်ထည်ဖော်ဖို့ အထိ အားယူနေသလို ၊ ဥရောပ ဘောလုံး အဖွဲ့ချုပ် နဲ့ ဥပဒေကြောင်းအရ ထိပ်တိုက် ရင်ဆိုင်ဖို့ပါ ပြင်ဆင်နေကြပါတယ်။

လန်ဒန် မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Financial Times Business of Football အခမ်းအနားမှာ ဆိုရင် လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘက် က အက်နဲလီ ကိုယ်တိုင် တက်ရောက်နေတဲ့ အကြားက အခုလိုပဲ ပေါ်ပေါ်တင်တင် ဝေဖန် တုန့်ပြန်သွားခဲ့ ပါတယ်။

“ ဒီ ကိစ္စက အက်နဲလီ ကိုယ်တိုင် ရှင်းပြပါလိမ့်မယ်။ အဲဒီလိုမှ မရှင်းနိုင်ရင်တော့ သူဟာ လိမ်ညာသူ တစ်ယောက်ပဲ ဖြစ်မှာပါ။

လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်း က သူ့ရဲ့ အိမ်မှာပဲ အထက်ဖော်ပြပါ အသင်း 3 သင်းက တာဝန်ရှိသူတွေ စုဝေးကာ အစည်းအဝေး ထိုင်ခဲ့တယ် ထင်ပါတယ်။ အခုတော့ သူတို့တွေ က Slot တွေကို အသေမထားချင်ဘူး ၊ ရီးရဲ မက်ဒရစ်ကလဲ First Slot မှာ နေရာ မယူချင်ဘူး ဆိုပြီး ပြောလာပါပြီ။ ဒါတွေ က အမှားတွေပါ။

အင်္ဂလန် ကလပ်တွေ အတွက် ဆိုရင် ဒီလိဂ်ကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် တော်တော်လေးကို ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့က ကဏ္ဍ 2 ခုနှစ်ခွဲပြီး နောက်တစ်ကြိမ် ဖန်တီးလာတာပါ။

အဲဒီ ပြိုင်ပွဲကနေ 2-3 သင်း လောက် တန်းဆင်းရမယ့် အချက်ပါဝင်ပေမယ့် ၊ ယူဗင်တပ် ၊ ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ တို့ကတော့ ဘယ်တော့မှ တန်းဆင်းမှာ မဟုတ်ပါဘူး။ သူတို့ အတွက်လဲ အဲဒီလို ဖြစ်သွားရင် အခက်ခဲတွေ ဖြစ်လာပါလိမ့်မယ်။

သူတို့ ဟာ ယူအီးအက်ဖ်အေ နဲ့ ပရီးမီးယားလိဂ် အတွက် ရန်သူတွေ ဖန်တီးနေကြတာပါ။ အဲဒီ လိဂ် ပြိုင်ပွဲ နှစ်ခုက စီးပွားရေးမော်ဒယ်တွေက အောင်မြင်နေတော့ ဒါကို မနာလို ဖြစ်ကြဟန်တူပါတယ်။ ကျနော် တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ရထားပြီးပါပြီ။ သူတို့ အနေနဲ့လဲ သူတို့ စိတ်ကြိုက် ဖန်တီးလို့ ရပါတယ်။ ဒါပေမယ့် အခုလုပ်နေတာက အဲဒီ အတိုင်းပါပဲ။

သူတို့ Super League အကြောင်း ဖတ်လိုက်ရတိုင်း ကျနော် က အမြဲတမ်း ဆန့်ကျင့်ခဲ့တာပါ။ သူတို့ ရဲ့ ပုံစံက ပူတင် ထက်တောင် အမှန်တရားကို ဖုံးကွယ်ထားတာတွေ ပိုများနေပါတယ်။ ဒီ စီမံကိန်းကြောင့် ပြည်တွင်းလိဂ်တွေ ကို ထိခိုက်မှာ မဟုတ်ဘူးလို့ တသွင်သွင်ပြောနေသည့်တိုင်တောင် ၊ ကျနော်တို့လို လိဂ် ဥက္ကဌတွေကလဲ အရူးတွေ မှ မဟုတ်ပဲ။

ဒီ Super League ဟာ ပြည်တွင်း ပြိုင်ပွဲတွေကို သေချာပေါက် အထိနာစေမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

UEFA ဥက္ကဌ စီဖာရင် ကတော့ “ သူတို့ အနေနဲ့ ကိုယ်ပိုင်လိဂ် ဖန်တီးချင်တယ် ဆိုရင် ဖန်တီးလို့ ရပါတယ်။ ဒါပေမယ့် အဲဒီလိဂ်မှာပဲ ကစာမယ် ဆိုရင်တော့ ၊ ကျနော်တို့ ပြိုင်ပွဲတွေမှာ လာပြီး ပတ်သက်စရာ အကြောင်းမရှိပါဘူး။

ပထမ တုန်းကတော့ သူတို့ဟာ ကိုဗစ် အသဲအသန် ဖြစ်နေတဲ့ ကာလကြီးမှာ ဒီအိုက်ဒီယာကို ဆွဲထုတ်ခဲ့တယ် ၊ အခု ကမ္ဘာစစ်ကြီး ဖြစ်နေဆဲမှာပဲ နောက်တစ်ကြိမ် ပေါ်လာပြန်ပါပြီ။

ကျနော်တို့ က လူတွေကို ကူညီဖို့ ကြိုးစားနေချိန်မှာ သူတို့ကတော့ ဒါမျိုး ပရောဂျက်တွေကို အကောင်ထည်ဖော်ဖို့ စိုင်းပြင်းနေကြပါတယ်” လို့ ထိုးနှက်သွားခဲ့ ပါတယ်။

SM