ဒဏ်ရာကြောင့် အနားယူနေရတဲ့ အဓိက ကစားသမား သုံးယောက်စလုံး လေ့ကျင့်ခန်း ပြန်ဆင်းပြီလို့ ပြောဆိုလိုက်တဲ့ ယာဂန် ကလော့ပ်

လီဗာပူး ဟာ ဒီတစ်ပတ်မှာတော့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ပွဲစဉ် အဖြစ် အင်တာ မီလန် အသင်းကို အိမ်ကွင်း အန်ဖီးလ် မှာ ဧည့်ခံ ကစားရမှာပါ။ ပထမ အကျော့မှာ ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာ 2-0 နဲ့ အနိုင်ရထားတာ ဖြစ်လို့ ၊ လီဗာပူး အတွက် ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက်ဖို့ ရာခိုင်နှုန်းများနေတယ်လို့ ပြောလို့ ရပါတယ်။

သို့သော် အင်တာ မီလန် ကလဲ ဒီတစ်ပတ် ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ 5 ဂိုး အထိ သွင်းပြီး တိုက်စစ်ခြေစွမ်းပြခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာ မြင့်မားလျှက် ရှိနေပါတယ်။

ဒုတိယ အကျော့ကိုပါ ဆက်ပြီး လွဲချော်ရမယ့် ဘာရယ်လာ ကတော့ သူတို့ အနေနဲ့ လီဗာပူး ကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ဆိုလိုက်သလို ၊ အန်ဖီးလ် လို သမိုင်းဝင် ကွင်းကြီးထဲမှာ ကစားရမယ့် အခွင့်အရေးကို မိမိရရ အသုံးချသွားမယ်လို့ ကြွေးကြော်ထားပါတယ်။

လီဗာပူး နည်းပြ ကလော့ပ် ကတော့ စီးရီးအေ ချန်ပီယံ အသင်းကို အိမ်ကွင်းမှာ လက်ခံ မကစားမီ ဒဏ်ရာ ပြသနာကြောင့် အနားယူနေရတဲ့ သူ့ ကစားသမား 3 ယောက် ဖြစ်တဲ့ ဘော်ဘီ ဖာမီနို ၊ တီယာဂို အယ်ကန်တရာ ၊ ဂျိုရယ် မာတစ် တို့ဟာ လေ့ကျင့်ခန်းတွေ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပရိသတ်တွေ ကို အသိပေးသွားခဲ့ ပါတယ်။

“ မနေ့က ကစားသမားတွေ အားလုံး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တယ် ထင်ပါတယ်။ အရိုးသားဆုံး ပြောရရင် ကျနော်လဲ အတိအကျကြီး မသိသေးပါဘူး ဘာလို့လဲ ဆိုတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ကစားသမားတွေ ရဲ့ တုန့်ပြန်မှု အခြေအနေက ဘယ်လိုမှန်း မသိသေးဘူးလေ။

အဲဒီတော့ တီယာဂို ဟာ တစ်ပတ်လောက်ပဲ နားလိုက်ရတာမို့ ပြန်ပြီး အဆင်ပြေလောက်ပြီ ထင်ပါတယ်။ စောင့်တော့ ကြည့်ရဦးမှာပါ။

ဂျိုရယ် ကတော့ 3-4 ရက် လောက်ပဲ နားခဲ့ရတာပါ။ ကျနော့် အမြင်မှာ သူကတော့ OK နေမယ် ထင်ပါတယ်။

ဘော်ဘီ က အားလုံးထဲမှာ အချိန်အကြာဆုံး နားထားရသူပါ။ မနေ့က သူ့ရဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ် ဖြစ်ပါတယ်။ ဒီကြားထဲမှာလဲ နည်းစနစ်ပိုင်း ဆိုင်ရာတွေပဲ အားပြုနေရလို့ ၊ အပြင်းအထန်ကြီး လေ့ကျင့်ခိုင်းခြင်း မရှိသေးပါဘူး။ သူ့ အတွက်တော့ နားရက်လေး ပိုပေးသင့်ရင် ပေးရဦးမှာပါ။

ဒါပေမယ့် အားလုံး လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဆိုတာ ပြောလို့ ရပါတယ်” လို့ အသိပေး သွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အုပ်စုပွဲစဉ်တွေ ကနေ စလို့ အခုချိန်ထိ 100% နိုင်ပွဲ ရယူထားပြီး ၊ ဒီနှစ် ဘောလုံးရာသီ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် ထင်ကြေး ပေးခံရလျှက် ရှိနေပါတယ်။

ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ပွဲမှာတော့ အသင်းရဲ့ ခံစစ် ကစားပုံဟာ ထင်မထားလောက်အောင် ကို အပေါက်တွေ များခဲ့ပြီး ၊ ဧည့်သည် အသင်း ရဲ့ အကြိမ်ကြိမ် ဂိုးပေါက် ခြိမ်းခြောက်မှု ကို ခံခဲ့ရတာပါ။ သို့သော် စိတ်ဓါတ်ပိုင်း ဆိုင်ရာ မြင့်မားတဲ့ အသင်းဖြစ်တာနဲ့ အညီ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ၊ အနိုင်ရလာဒ် ကိုလဲ ခက်ခက်ခဲခဲ ရယူထားခဲ့ ပါတယ်။

ကလော့ပ် ဟာ ပြိုင်ပွဲ ပေါင်းစုံ နောက်ဆုံး ကစားခဲ့တဲ့ 12 ပွဲ ဆက်တိုက် အနိုင်ယူပြထားကာ ၊ ပေးဂိုး မရှိခဲ့တဲ့ ပွဲက 8 ပွဲတောင် ရှိခဲ့တာပါ။

SM