“တော့တင်ဟမ် ပီသပါပေတယ်” – မစ်ဒယ်ဘရော့ ကို ရှုံးနိမ့်တဲ့ စပါးကို ဝေဖန်ပြောဆိုခဲ့တဲ့ အလန်ရှီးယား

နယူးကာဆယ် နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယား ဟာ ယမန်နေ့ ညက FA Cup မှာ မစ်ဒယ်ဘရော့ အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ ရတဲ့ တော့တင်ဟမ် ဟော့စပါး အသင်းကို ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ဝါရင့် အလန်ရှီးယား က ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့ ဟာ စပါး ထက် ပိုကောင်းအောင် ကစားပြ နိုင်ခဲ့ပြီး အနိုင် ရလဒ်ကို ထိုက်တန်စွာ ရယူ သွားခဲ့တာ ဖြစ်တယ်လို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

အန်တိုနီယို ကွန်တီ ဟာ ဒီပွဲ အတွက် အကောင်းဆုံး လူစာရင်းကို ထုတ်သုံးခဲ့ ပေမယ့် စိတ်ပျက်စရာ ရလဒ် နဲ့သာ အဆုံးသတ်ခဲ့ရ ပါတယ် ။

မိနစ် ၉၀ အထိ ဂိုးမရှိ သရေကျ နေခဲ့တာကြောင့် အချိန်ပို ဆက်ကစားရာမှာတော့ မစ်ဒယ်ဘရော့ ဘက်က အနိုင်ဂိုး ရရှိ သွားခဲ့တာပဲ ဖြစ်ပါတယ် ။

“စပါး က အရင်က စပါး ပီသနေတုန်း ပါပဲ ။ ဘာမှ အပြောင်းအလဲ မရှိသေး ပါဘူး ။ ဒီလောက်နှစ်တွေ အကြာကြီး နည်းပြတွေပြောင်း ၊ ကစားသမားတွေ ပြောင်းသွား ပေမယ့် တော့တင်ဟမ် က အရင်က တော့တင်ဟမ် ဖြစ်နေတုန်း ပါပဲ ။

မစ်ဒယ်ဘရော့ ဟာ ပိုကောင်းတဲ့ အသင်းပါ ။ သူတို့ နောက်တဆင့်တက်ဖို့ ထိုက်တန်ခဲ့ ပါတယ်”

“စပါး အတွက်ကတော့ ဒီလို လူစာရင်းနဲ့ အနိုင် မယူ နိုင်ခဲ့တာ တကယ် ရှက်စရာ ပါပဲ” လို့ အလန်ရှီးယား က ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းမှာ ကစားခဲ့ ဖူးတဲ့ တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုး ကလည်း အသင်းဟောင်း အပေါ် စိတ်ပျက်မှုတွေကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ဘယ်လို ရှုထောင့်ကပဲ ကြည့်ကြည့် စပါး အတွက် စိတ်ပျက်စရာ ကောင်းလွန်းပါတယ် ။ ဒီလို ပြောတာက မစ်ဒယ်ဘရော့ ကို မလေးစား တာတော့ မဟုတ်ပါဘူး ။ စပါး က ပွဲကို စိုးမိုးပြီး အနိုင်ယူမယ် လို့ ထင်ထား ခဲ့ကြတာပါ ။

ဒါပေမယ့် တကယ် ကစားချိန် မှာတော့ မစ်ဒယ်ဘရော့ က ပိုကောင်း ၊ ပို သန်မာတဲ့ အသင်းဖြစ်တာကို ပြသ နိုင်ခဲ့ ပါတယ် ။ ဝင်လာတဲ့ လူငယ်လေးတွေ ကလည်း အသင်းအတွက် အားကိုးရတာကို ပြခဲ့ကြပါတယ်” လို့ ဒီဖိုး က ပြောဆို ခဲ့ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီ ကလည်း အသင်းဟာ ဒီရာသီ အတွက် ဖလား ရနိုင်ချေ ရှိသေးတဲ့ အကောင်းဆုံး အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးလိုက်ရပြီလို့ ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် တို့ နောက်ဆုံး ဖလား ရခဲ့တာဟာ ၂၀၀၉ တုန်းက ဖြစ်ပြီး လိဂ်ဖလား ( ခါရာဘောင် ဖလား ) ကို ရယူ နိုင်ခဲ့တာပါ ။

“အကြီးမားဆုံး အခွင့်အရေး ( ဖလားရဖို့ ) ကို ဆုံးရှုံး လိုက်ရ ပါပြီ ။ ပွဲတပွဲမှာ ပြိုင်ဘက် ကို သတ်ထားနိုင်ဖို့ အရေးကြီး ပါတယ် ။ ကိုယ့်ဘက်က အခွင့်အရေးတွေကို ကောင်းကောင်း အသုံးမချ နိုင်ဘူးဆိုရင် ၊ ကိုယ်က ဂိုးတွေ မသွင်းနိုင်ဘူး ဆိုရင်တော့ တချီချီ မှာ ပြန်သွင်း ခံသွားရ နိုင်ပါတယ် ။

သူတို့ ( မစ်ဒယ်ဘရော့ ) က နောက်တဆင့်ကို တက်ဖို့ ထိုက်တန်ခဲ့ ပါတယ် ။ သူတို့ကို ဂုဏ်ပြုပါတယ်” လို့ ကွန်တီ က ပြောဆို သွားခဲ့ ပါတယ် ။

စပါး ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ အဆင့် ၇ နေရာကို ရောက်နေပြီး လာမယ့် အပတ်မှာတော့ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ အဲ့ဒိ နောက်မှာတော့ စပါး ဟာ အိုးထရက်ဖိုဒ့် ကို သွားရောက်ပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR