တောင်ကိုးရီးယား ပင်စင် ၊ နည်းပညာ ၊ ဂိမ်းကုမ္ပဏီတွေရဲ့ ထပ်တိုး ရင်းနှီးမြှုပ်နှံမှုနဲ့ အတူ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ ကြေးတိုးမြှင့်ကမ်းလှမ်းနိုင်ခဲ့တဲ့ နစ်ခ်ကန်ဒီ

ပြီးခဲ့တဲ့ ၃ရက် အလိုလောက်ကပဲ ရုရှား ရေနံ ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ သတ်မှတ်ထားတဲ့ ချဲလ်ဆီး အသင်းကို ကမ်းလှမ်းဖို့ Deadline Day ပြည့်သွားခဲ့ပေမယ့် ၊ ကမ်းလှမ်းပြီးသား စီးပွားရေး လုပ်ငန်းရှင် အင်အားစုတွေထဲက ထပ်တိုး ကမ်းလှမ်းမှုတွေ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း သိရပါတယ် ။

 

 

မနေ့ကဆို ချဲလ်ဆီး အသင်းရဲ့ အမာခံ ပရိသတ် တဦးလည်း ဖြစ်တဲ့ ဗြိတိန် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းရှင် နစ်ခ်ကန်ဒီ ဦးဆောင်တဲ့ Blue Football အင်အားစုမှ ကနဦး ကမ်းလှမ်းထားတဲ့ ပေါင် ၂ဘီလီယံထက် ပိုမြင့်မားတဲ့ နောက်ထပ်ကြေးအသစ် တခု ထပ်တင်လိုက်တယ်လို့ အင်္ဂလိပ် မီဒီယာ အများအပြား က ဖော်ပြထားကြပါတယ် ။

 

ဒါဟာ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ အရင်ဆုံး စိတ်ဝင်စားမှု ပြသခဲ့ကြတဲ့ အမေရိကန်မှ စီးပွားရေး လုပ်ငန်းရှင် အင်အားစု အဖွဲ့ တချို့ကို မျက်ခုံးလှုပ်စေခဲ့ပါတယ် ။ နစ်ခ်ကန်ဒီဖက်ကတော့ အခုလို နောက်ကျမှ ကြေးတိုးမြှင့် ကမ်းလှမ်းမှု လုပ်လိုက်ခြင်း က ၄င်းနဲ့ လုပ်ငန်းမိတ်ဖက်တွေကို ခြေတလှမ်း ပိုဦးစေနိုင်ဖို့ ယုံကြည်နေပါတယ် ။

 

 

 

တောင်ကိုးရီးယားမှ C&P Sports အင်အားစုရဲ့ စီအီးအို ဖြစ်သူ ကတ်တယ်လီနာကင်မ် ဟာ ချဲလ်ဆီး အသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ နစ်ခ်ကန်ဒီနဲ့ စီးပွားရေး အရ အကျိုးတူ ပူးပေါင်းထားတာ ဖြစ်လို့ ၊ ၄င်းတို့ထံမှ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အကူအညီနဲ့ အခုလို ကြေးတိုးမြှင့် ကမ်းလှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။

 

ကင်မ်ရဲ့ အဆိုအရ ” ကျွန်မတို့ဟာ နောက်ထပ် ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပတ်သက်ပြီး အလွန်ပဲ ဝမ်းသာ ကျေနပ်ရပါတယ် ။ ဒါဟာ တောင်ကိုးရီးယား က အကြီးမားဆုံး ဘဏ္ဍာရေး ကော်ပိုရေးရှင်း တခု ဖြစ်ပြီး ၊ သူတို့ဟာ တခြားသော လုပ်ငန်းခွဲ ၁၃ ခု ဖြစ်တဲ့ ဘဏ် ၊ လုံခြုံရေး ၊ အာမခံ ၊ ခရက်ဒစ်ကတ် ၊ အိမ်ခြေမြေ အရောင်းအဝယ် ၊ ဒေတာ စနစ် အစရှိတာတွေလည်း ပိုင်ဆိုင်ထားပါတယ် ။ ”

 

” နောက်ပြီး သူတို့မှာ တမူထူးခြားတဲ့ ၊ အားကစားနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ မှတ်တမ်းကောင်းတွေလည်း ရှိပါတယ် ။ အသစ် ထပ်ပြီး ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှု ဟာ ကလပ် အတွက် တိကျပြီး ရည်ရွယ်ချက် ရှိတဲ့ မိတ်ဖက် စီးပွားရေး လုပ်ငန်းရှင်တွေဆီက ဖြစ်ပါတယ် ။ ” လို့ ဆိုခဲ့ပါတယ် ။

Goal သတင်းဌာနမှ ချဲလ်ဆီး ဂျာနယ်လစ် နစ်ဇာ ကင်ဆဲလာရဲ့ အဆိုအရ နစ်ခ်ကန်ဒီရဲ့ Blue Football အင်အားစုမှာ ထပ်မံ ပူးပေါင်းလာတဲ့ ရင်းနှီးမြှုပ်နှံသူတွေ အထဲ တောင်ကိုးရီးယားရဲ့ နိုင်ငံပိုင်ပင်စင်လုပ်ငန်း တခု ပါဝင်နေပြီး ၊ ယင်းလုပ်ငန်း ဟာ ကမ္ဘာပေါ်မှာ တတိယ အကြီးမားဆုံး အဆင့် ရှိကာ ၊ ပေါင် ၈၀၀ ဘီလီယံ အထိ တန်ကြေး ရှိနေပါတယ် ။

 

နောက်ထပ် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေထဲမှာ တောင်ကိုးရီးယားမှ နာမည်ကြီး နည်းပညာနဲ့ ဂိမ်းကုမ္ပဏီတွေ ဖြစ်ကြတဲ့ Samsung ၊ LG ၊ Hyundai ၊ SK ၊ E-Land ၊ Kakao အုပ်စု ၊ Krafton ၊ Lotte ၊ GS ၊ NC Soft ၊ Smilegate အုပ်စုတွေလည်း ပါဝင်နေကြောင်း သိရပါတယ် ။

လောလောဆယ် အချိန် အထိတော့ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုတွေ အထဲမှာ နစ်ခ်ကန်ဒီ အပြင် ၊ အမေရိကန် ဘီလျံနာတွေ ဖြစ်ကြတဲ့ တော့ဒ်ဘိုလီ ၊ ရစ်ကတ်စ် မိသားစု ၊ ဝူဒီ ဂျွန်ဆင် ၊ ဆော်ဒီ မီဒီယာ အင်အားစုတို့ အပြိုင် ဖြစ်နေကြပြီး ၊ လာမယ့် ရက်ပိုင်း အတွင်း ဘယ်သူတွေက ချဲလ်ဆီး အသင်းပိုင်ရှင်သစ် ဖြစ်လာဖို့ အလားအလာ ပိုကောင်းတယ် ဆိုတာ သိရတော့မှာ ဖြစ်ပါတယ် ။

 

 

 

 

SPORTS MYANMAR