တူချယ်ကို လိုချင်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတဲ့ နောက်ထပ် မန်ယူနိုက်တက် ဂန္တဝင် တဦး

ဗြိတိန် အစိုးရ ဟာ ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျကို စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့တာကြောင့် သူရဲ့ ပိုင်ဆိုင်မှု တစိတ်တပိုင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်း ဟာလည်း ဒဏ်ခတ် အရေးယူမှု များစွာ ခံထားရပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး အသင်းရဲ့ ဘဏ္ဍာရေး အင်အား ဟာ ပုံမှန်ထက် သိသိသာသာ လျော့ကျသွားပြီး ၊ ဝင်ငွေ ရရှိမှု လုပ်ငန်း ၊ အခန်းကဏ္ဍ အားလုံးလည်း ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် အသင်းပိုင်ရှင် အပြောင်းအလဲ မဖြစ်မီ အကြားမှာ ချဲလ်ဆီး အသင်းသား အချို့ အပါအဝင် ဝန်ထမ်း အများအပြား ဟာလည်း မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ် ကြောင့်ကြနေကြပါတယ် ။

သို့ပေမယ့် ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းက ကောင်းမြဲကောင်းဆဲ ဖြစ်သလို ၊ အခုလို ခက်ခဲ ရှုပ်ထွေးနေတဲ့ ကာလမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ရဲ့ ကွင်းတွင်း ကွင်းပြင် စွမ်းဆောင်မှု ၊ မီဒီယာပိုင်း ကိုင်တွယ်မှု ၊ ပါးနပ်လိမ္မာမှု အစရှိတဲ့ အရည်အချင်းကောင်းတွေကြောင့် ချီးကျူးမှုတွေ ပိုပြီး ရရှိလို့နေပါတယ် ။

အခြား တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ကျန် ရာသီကို ယာယီ နည်းပြ ရပ်လ်ဖ် ရန်းနစ်နဲ့ ဖြတ်သန်းနေရပေမယ့် ၊ လာမယ့် ရာသီ အတွက် နည်းပြသစ် ရှာပုံတော်ကို ဆက်ဖွင့်နေရဆဲ ဖြစ်ပါတယ် ။ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲမှာ အက်သလက်တီကိုကို ရှုံးကာ ထွက်ခွာလာခဲ့ရပြီးနောက် ၊ ထိုအကြောင်း လူပြောပိုများလာပါတယ် ။

ရန်းနစ် ယာယီ နည်းပြ ဖြစ်လာပြီးနောက် ၊ မန်ယူနိုက်တက် ဟာ လာမယ့် ရာသီ နည်းပြသစ် ခန့်အပ်ဖို့ အတွက် ၊ လက်ရှိ ပီအက်စ်ဂျီ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ အေဂျက်ဇ် နည်းပြ အဲရစ် တမ်ဟတ် တို့အနက် တဦးဦးကို ခေါ်ယူ တာဝန်ပေးဖို့ ကြိုးပမ်းလျက်ရှိပါတယ် ။

သို့ပေမယ့် မန်ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ပေါလ်စခိုးလ်တို့ဟာ အနာဂတ် မသေချာနေတဲ့ ချဲလ်ဆီး အသင်းမှ နည်းပြ သောမတ်စ် တူချယ်ကို လိုချင်တဲ့ အကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ကိုယ်စီ ထုတ်ဖော် ဝန်ခံထားကြပါတယ် ။

အခုတခါ နောက်ထပ် မန်ယူနိုက်တက် ဂန္တဝင် တဦး ဖြစ်တဲ့ ရီယို ဖာဒီနန် ဟာလည်း ဖြစ်နိုင်ရင် တူချယ်ကိုပဲ ယူနိုက်တက် နည်းပြ ဖြစ်လာစေချင်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံရင်း ၊ ၄င်းရဲ့ ကောင်းကွက်နဲ့ အရည်အချင်းတွေကို အခုလိုပဲ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ် ။

FIVE YouTube ချန်နယ်မှာ ဖာဒီနန် က ” ကျွန်တော် ဘာမှ ဂရုစိုက်မနေပါဘူး ။ တူချယ်ကို ကျွန်တော် လိုချင်ပါတယ် ။ ချဲလ်ဆီးမှာ သူဟာ ရာသီ အကုန်မှာ မန်နေဂျာ အဖြစ် ဆက်ရှိဖို့ မသေချာဘူးလို့ သတင်းတွေ ကြားထားပါတယ် ။ ဒီအတိုင်းသာ ဖြစ်မယ်ဆိုရင် မန်ယူနိုက်တက် ကို တူချယ်နဲ့ လက်တွဲစေချင်ပါတယ် ။ ”

” တူချယ် ဟာ ယူနိုက်တက် အတွက် မှန်ကန်တဲ့ မန်နေဂျာ တယောက် ဖြစ်ပါလိမ့်မယ် ။ သူ့မှာ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မှတ်တမ်းရပ်ရာကောင်းတွေ ရှိထားပြီးသားပါ ။ ဒါကို ပရီးမီးယားလိဂ်ဆီ ရောက်လာပြီးကတည်းက သူ သက်သေပြထားပါတယ် ။ ”

” ဒီလိဂ်နဲ့ သူ ချက်ချင်း အသားကျအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ် ။ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးခဲ့ပြီး ၊ စုစည်းမှု အပြည့်ရှိတဲ့ အသင်း တသင်း ဖြစ်အောင် တည်ဆောင်ပြထားပါတယ် ။ သူဟာ ယူနိုက်တက် ကစားသမားတေကို ခြေမှန်ရအောင် ပံ့ပိုးပေးနိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR