တီယာဂိုရဲ့ ဒဏ်ရာအခြေအနေနဲ့ ၀က်ဟမ်းနဲ့ပွဲကို သေချာပေါက် လွဲချော်သွားမယ့် ကစားသမား ၃ ဦးကို ထုတ်ဖော်လိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က နောက်ခံလူ ဂျိုရယ်မာတစ် အနေနဲ့ လာမည့် စနေနေ့ ၀က်ဟမ်းနဲ့ပွဲစဉ်မှာ ပါ၀င်သွားမှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။ ကင်မရွမ်းနောက်ခံလူဟာ ဒီရာသီ လီဗာပူး အတွက် ပုံစံကောင်းကို ပြသနေသူ ဖြစ်ပြီး ဖေဖော်ဝါရီလ အတွက် ပရီးမီးယားလိဂ် Player of the Month ဆု အတွက် ဆန်ကာတင် ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာတစ်ဟာ အဖျား ဝေဒနာကြောင့် ဟမ်းမား တို့နဲ့ အန်ဖီးမှာ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ၀င်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဉ် မတိုင်မီ ဒူးကောက်ကြော ဒဏ်ရာ ရခဲ့တဲ့ တီယာဂိုအယ်ကန်တာရာ နဲ့ ရော်ဘတ်တိုဖာမီနို တို့ကလည်း ၀က်ဟမ်းနဲ့ ပွဲစဉ်အတွက် အသင့် မဖြစ်သေးဘူးလို့ ကလော့က ဆိုခဲ့ပါတယ်။ ဒါ့ပြင် ကာတစ်ဂျုံး နဲ့ နာဘီကီတာ တို့ကလည်း ပါ၀င်ဖို့ မရေမရာ ဖြစ်နေတယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

ကလော့က “အသင်းရဲ့ လူစာရင်း တောင့်တင်းမှုဟာ တကယ့်ကို အရေးပါတယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ အထူးသဖြင့် ပြိုင်ပွဲစုံကို ယှဉ်ပြိုင်နေရတဲ့ အချိန်မျိုးမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ လာမည့် ပွဲစဉ်အတွက် available မဖြစ်တဲ့ ကစားသမားတွေ ရှိပါတယ်။ ဘယ်သူမှလည်း ကျွန်တော့်ကို နောက်တစ်မျိုး မပြောထားတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ မနေ့က လေ့ကျင့်ခန်း မဆင်းခဲ့လို့ပါ။ တီယာဂိုဟာ မနက်ဖြန် ပွဲစဉ် အတွက် ပါ၀င် ကစားနိုင်မှာ မဟုတ်ပါဘူး။

ကာတစ်ရဲ့ ဒဏ်ရာက သိပ်တော့ မဆိုးပေမယ့် မနက်ဖြန် ပွဲကို ၀င်ကစားဖို့ အတွက် လုံလောက်မှု ရှိသလား ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဂျိုရယ်မာတစ်ဟာ ဖျားနေပါတယ်။ ကိုဗစ် မဟုတ်ပါဘူး။ ဒါပေမယ့် သူ ပါ၀င် ကစားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကြားရက်က ခက်ခဲတဲ့ ပွဲစဉ်ကို ကစားခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးရဲ့ တုန့်ပြန်မှုတွေကို စောင့်ကြည့်သွားရအုံးမှာပါ။

ရုတ်တရက် ဆိုသလို ကွင်းလယ်လူ ၈ ယောက် ရှိရာကနေ…နာဘီရဲ့ အခြေအနေကလည်း မသိရသေးပါဘူး။ တစ်ပတ် အတွင်း ၃ ယောက် ၄ ယောက်ပဲ ရှိပါတော့တယ်။ ဒါမျိုးက လွယ်လွယ်ကူကူ ဖြစ်သွားနိုင်ပါတယ်။ တစ်နေ့မှာ ကြံ့ခိုင်မှု အပြည့် ဖြစ်နေတဲ့ လူစာရင်းကို ရနေပေမယ့် နောက်တစ်ရက်မှာ ဒါမျိုး မရနိုင်ပါဘူး။ အားလုံး တက်နိုင်သမျှ ကြံ့ခိုင်မှု ပြည့်ဝနေအောင် ကျွန်တော်တို့ လုပ်သွားဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ ဒီလမှာ ပွဲတွေ အများကြီး ကစားဖို့ ရှိနေလို့ပါ။” လို့ ဆိုလိုက်ပါတယ်။

ရော်ဘတ်တိုဖာမီနို နဲ့ နာဘီကီတာ တို့ရဲ့ အခြေအနေကို မေးမြန်းရာမှာ ကလော့က “နာဘီဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသင်းရဲ့ လူစာရင်းမှာ မပါ၀င်ခဲ့ပါဘူး။ ဘော်ဘီ (ဖာမီနို) ကလည်း အခြေအနေ ကောင်းနေပေမယ့် ဒီ Weekend အတွက်တော့ မလုံလောက်ပါဘူး။ အစီအစဉ် ကတော့ သူဟာ တနင်္ဂနွေနေ့က စပြီး ပထမဦးဆုံး အကြိမ် လေ့ကျင့်ခန်း အပြည့်အ၀ ဆင်းသွားမှာပါ။ ဒါ့ကြောင့် အင်တာနဲ့ ပွဲစဉ် အတွက် သူ ပါ၀င်နိုင်ခြေ ရှိနေပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM