တိုက်စစ် ကို အားရပေမယ့် ခံစစ်ပိုင်းကိုတော့ အားရကျေနပ်မှု မရှိဘူးလို့ ဖွင့်ဟလာတဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ဝက်ဖိုဒ့် အသင်းကို ၂-၃ နဲ့ အနိုင်ယူပြီးနောက် အမှတ်ပေး ဇယား အဆင့် ၄ နေရာကို ရောက်ရှိ လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ အဆင့် ငါးက မန်ယူနိုက်တက်ထက် ၂ ပွဲလျော့ကစားပြီး ၁ မှတ်အသာ နဲ့ အဆင့် ၄ မှာ ရပ်တည် နေပါတယ် ။

အာဆင်နယ် အတွက် ဂိုးတွေကိုတော့ လူငယ် ကစားသမားတွေ ဖြစ်ကြတဲ့ အိုဒီဂတ် ၊ ဆာကာ နဲ့ မာတင်နယ်လီ တို့က သွင်းယူ ပေးခဲ့ကြတာပါ ။ ဝက်ဖိုဒ့် အသင်း အတွက် သွင်းဂိုး ၂ ဂိုးကိုတော့ ဟာနန်ဒက်စ် နဲ့ ဆစ်ဆိုကို တို့က သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ ဟာ ဝက်ဖိုဒ့် နဲ့ ပွဲမှာ ခြေစွမ်းပြ ခဲ့တဲ့ တိုက်စစ်ပိုင်း ချီးကျူး သွားခဲ့ပြီး ခံစစ်ပိုင်းကတော့ လိုအပ်ချက်တွေ ရှိနေကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

” ကျွန်တော်တို့ရဲ့ တိုက်စစ် ကစားပုံက အတော်လေး ကောင်းတယ် ဆိုရမှာပါ ၊ တိုက်စစ် ဆင်ရာမှာ အားအင်အပြည့် နည်းမှန် လမ်းမှန် နဲ့ ကစား နိုင်ခဲ့ပါတယ် ၊ ကျွန်တော်တို့ တကယ့်ကို ထူးခြား ကောင်းမွန်တဲ့ ဂိုး ၃ ဂိုး သွင်းနိုင်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ခံစစ်အပိုင်းမှာတော့ တိုက်စစ်မှာ ကစားသလိုမျိုး မကစား နိုင်ခဲ့ကြပါဘူး ၊ တူညီတဲ့ အားအင် ကြိုးစားအားထုတ်မှု မပြသ နိုင်ခဲ့ပါဘူး ၊ အဲ့ဒီလို မကစား နိုင်ရင်တော့ ကြေကွဲ ခံစားရမှာ အသေအချာပါပဲ ။ ”

” ချိန်သားကိုက် ရွှေ့လျားမှု ၊ ခပ်မြန်မြန် ရွေ့လျားမှုတွေမှာ ကျွန်တော်တို့ အရင်ကထက် ပိုကောင်းလာပါတယ် ။ ကျွန်တော်တို့ရဲ့ နေရာယူပုံ ဂိုးပေါက် ခြိမ်းခြောက်ပုံ အခွင့်အရေး ဖန်တီးပုံတွေက အရင်ကထက် ပိုကောင်းလာတာ အမှန်ပါပဲ ၊ ကျွန်တော်တို့ ဆက်လက် တိုးတက်အောင် လုပ်ဆောင် နေရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး အာတီတာ က လူငယ် ကြယ်ပွင့် ဆာကာ ကိုလည်း ခုလို ချီးကျူး သွားခဲ့ပါတယ် ။ ” ဘူကာရို က ပြီးခဲ့တဲ့ နွေရာသီတုန်းက ကစားသမား အတော်များများ မကြုံတွေ့ဖူးကြမယ့် အရာတစ်ခုနဲ့ ကြုံတွေ့ ခဲ့ရပါတယ် ၊ အဲ့ဒီ အဖြစ်အပျက် က ဆာကာ ရဲ့ ကစားသမား ဘဝ အတွက် သိပ်ကောင်းသွားခဲ့တယ်လို့ ထင်ပါတယ် ။ ”

” ဘာကြောင့်လဲဆိုတော့ ဘောလုံး ကမ္ဘာက လူတွေက သူ့ကို ဘယ်လောက်အထိ သဘောကျကြောင်း ဘယ်လောက်အထိ လေးစားကြောင်း ပြသ ခဲ့ကြတာကြောင့်ပါ ။ သူ့အတွက် ခက်ခဲတဲ့ အခိုက်အတန့်မှာ အဲ့ဒီလို ဝိုင်းဝန်း အားပေးခဲ့ကြတော့ အားတက်စရာ ဖြစ်ခဲ့ရပါတယ် ။ ”

” သူ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဖို့ နေရာလွတ်လေး တစ်ခု ရသွားသလိုပါပဲ ၊ သူ လုပ်ပြထားတဲ့ အရာတွေက ထူးခြားကောင်းမွန်ပြီးသားပါ ၊ အဓိကကတော့ ရေးသားချက်တွေကို သိပ်မဖတ်ဘဲ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်ဖို့ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM