“တတိယ တခု ရချင်ပါသေးတယ်” – ကမ္ဘာ့ဖလား အိပ်မက်အကြောင်း ထုတ်ပြောလိုက်တဲ့ ပေါ်တူဂီ နည်းပြကြီး ဆန်းတိုစ့်

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ နည်းပြကြီး ဖာနန်ဒို ဆန်းတိုစ့် က သူဟာ လာမယ့် ကာတာ ကမ္ဘာ့ဖလား မှာ အောင်မြင်မှု ကို ရယူ သွားလိုကြောင်း မြောက်မက်ဆီဒိုးနီးယား နဲ့ ကစားခဲ့တဲ့ Play-off Final အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ပေါ်တူဂီ ဟာ အိမ်ကွင်းမှာ မြောက်မက်ဆီဒိုးနီးယား အသင်းကို ဘရူနို ဖာနန်ဒက်စ် ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ဝင်ခွင့် လက်မှတ်ကို ရယူ နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါဟာ ပေါ်တူဂီ အသင်းကို ကမ္ဘာ့ဖလား ၅ ကြိမ်ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင် နိုင်စေခဲ့တာ ဖြစ်ပြီး လက်ရွေးစင် အသင်းရဲ့ သမိုင်းမှာ အရှည်ကြာဆုံး မှတ်တိုင် အဖြစ် စိုက်ထူ နိုင်ခဲ့ပါတယ် ။

ပေါ်တူဂီ ဟာ ကမ္ဘာ့ဖလား မှာ အောင်မြင်မှု မရဖူး သေးဘဲ ၁၉၆၆ တုန်းက တတိယ ဆုသာ အမြင့်ဆုံး အဖြစ် ရရှိခဲ့ ဖူးပါတယ် ။

ဖာနန်ဒို ဆန်းတိုစ့် ရဲ့ လက်ထက် မှာတော့ ပေါ်တူဂီ ဟာ ၂၀၁၆ ဥရောပ ချန်ပီယံရှစ် ( ယူရို ) နဲ့ ဥရောပ နေးရှင်းလိဂ် ဖလားတွေကို ရယူ ပိုင်ဆိုင် ထားနိုင်ခဲ့ပါတယ် ။

လက်ရှိ မှာ ပေါ်တူဂီ ရဲ့ လူစာရင်းဟာလည်း တောင့်တင်းတဲ့ အနေအထားမှာ ရှိနေပြီး အရင် ပြိုင်ပွဲတွေကထက် ပိုကောင်းမယ့် အလားအလာ ကို ဆန်းတိုစ့် က မျှော်လင့် နေပါတယ် ။

“ပေါ်တူဂီ နဲ့ ကျွန်တော် ဖလား ၂ လုံး ရပြီးပါပြီ ။ တတိယ တခုကို ရဖို့ မျှော်လင့် နေပါတယ် ။

ဒီပွဲကို ကစားသွား ခဲ့တဲ့ ကစားသမားတွေရဲ့ စိတ်ဓါတ် နဲ့ ခံယူချက် ကို ကျွန်တော် ဂုဏ်ပြု ချင်ပါတယ် ။ ပွဲ အစ ၁၀ မိနစ်လောက်က ထင်ထားသလို မဖြစ်လာခဲ့ ပါဘူး ။ မြောက်မက်ဆီဒိုးနီးယား က ကျွန်တော်တို့ကို ဘယ်လို ကစားရမယ် ဆိုတာ သိနေပုံပါပဲ ။ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ အစ ဖြစ်ခဲ့ ပါတယ်”

“ဒါပေမယ့် အသင်းသားတွေရဲ့ အနိုင်လိုချင်တဲ့ စိတ်ဓါတ် တွေ ၊ ကွင်းထဲက ပရိသတ်တွေရဲ့ အားပေးမှုတွေ က ထိုက်တန်တဲ့ နိုင်ပွဲ တပွဲ ဖြစ်လာအောင် တွန်းပို့ ပေးခဲ့ပါတယ် ။

မြောက်မက်ဆီဒိုးနီးယား ဘက်က အခွင့်အရေး ဘယ်နှစ်ကြိမ် ရခဲ့သလဲဆိုတာ ကျွန်တော် မမှိတ်မိပါဘူး ၊ ကျွန်တော် သိတာက ကျွန်တော်တို့တွေ အခွင့်အရေး ရခဲ့တယ် ၊ အဲ့ဒိ အခွင့်အရေး ကနေ ဂိုးသွင်း နိုင်ခဲ့တယ် ဆိုတာပါပဲ”

“အခု ပေါ်တူဂီသားတွေဟာ ကမ္ဘာ့ဖလား မှာ ပေါ်တူဂီ ကို မြင်တွေ့ နိုင်ကြတော့မှာပါ” လို့ ဖာနန်ဒို ဆန်းတိုစ့် က ပြောဆို သွားခဲ့ ပါတယ် ။

ကမ္ဘာ့ဖလား ကို ဆွတ်ခူးဖို့ မျှော်လင့် ထားသလား ဆိုတဲ့ မေးခွန်း ကိုတော့ “အချိန်က စကားပြောသွားမှာပါ ။ ကမ္ဘာ့ဖလား မတိုင်ခင်မှာ ပြိုင်ပွဲတွေ ရှိနေပါသေးတယ် ။ လောလောဆယ် အဲ့ဒါတွေ အတွက် အရင် အာရုံစိုက် သွားမှာပါ ။ ပြီးရင်တော့ ကမ္ဘာ့ဖလား အတွက် ပြင်ဆင် ကြတာပေါ့” လို့ ဖြေကြား သွားခဲ့ ပါတယ် ။

ဒီနှစ် ကမ္ဘာ့ဖလား ဟာ အိမ်ရှင် ကာတာ နိုင်ငံရဲ့ ပြင်းထန်လှတဲ့ အပူချိန်ကြောင့် ပုံမှန် ကျင်းပ နေကျ ဇွန်လ ကနေ နိုဝင်ဘာ လ ကို ရွှေ့ပြောင်း ကျင်းပ သွားမှာပဲ ဖြစ်ပါတယ် ။

ပေါ်တူဂီ ဟာ ဇွန်လ ထဲမှာတော့ တတိယ အကြိမ်မြောက် ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲ ကို ကစားရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ ကမ္ဘာ့ဖလား အတွက် ပြင်ဆင်ရင်း ခြေစမ်းပွဲတွေကို ကစား သွားမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR