တစ်နိုင်ငံတည်း ကနေ ချန်ပီယံလိဂ် ကစားခွင့် 6 သင်းအထိ ရယူနိုင်ချေရှိတဲ့ စည်းမျဉ်းမျိုးကို အပြောင်းအလဲ လုပ်တော့မယ့် ချန်ပီယံလိဂ်

ဥရောပ ဘောလုံး အဖွဲ့ချုပ်ဟာ 2024-2025 ဘောလုံးရာသီ က စလို့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကျင်းပပုံကို အပြောင်းအလဲ လုပ်တော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို စုစုပေါင်း 32 သင်း နဲ့ 4 သင်း တစ်အုပ်စုစီ ခွဲကာ စုစုပေါင်း 8 အုပ်စု နဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။ သို့သော် 2024-2025 ဘောလုံးရာသီ စလို့ အုပ်စုခွဲပြီး ယှဉ်ပြိုင်တဲ့ စနစ် ကို ဖျက်သိမ်းတော့မှာ ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ် ၊ လာလီဂါ တို့လို ပြည်တွင်း အမှတ်ပေး League ပုံစံမျိုး နဲ့ ပြောင်းလဲ ကျင်းပတော့မှာပါ။

စုစုပေါင်း ပြိုင်ပွဲဝင် အသင်းပေါင်းက 36 သင်း အထိ တိုးမြှင့်မှာ ဖြစ်ပြီး ၊ အမှတ်ပေး ဇယား တစ်ခုတည်းမှာတင် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်းတစ်သင်း ဟာ မတူညီတဲ့ ပြိုင်ဘက် အသင်းပေါင်း 10 သင်းစီ နဲ့ ကစားရမှာ ဖြစ်ကာ ၊ အဲဒီ 10 ပွဲမှာ 5 ပွဲက အိမ်ကွင်း ၊ ကျန် 5 ပွဲ က အဝေးကွင်း ကစားရမှာပါ။

လက်ရှိ ကျင်းပနေတဲ့ အုပ်စုတွင်း ပြိုင်ဘက် တစ်သင်းထဲကို အိမ်ကွင်း / အဝေးကွင်း နှစ်ကျော့ ကစားရတဲ့ ပုံစံမျိုး ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

အဲဒီလို 10 ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယား ကို ကြည့်မှာ ဖြစ်ပြီး ၊ ထိပ်ဆုံး 8 နေရာ ကို ရပ်တည်နိုင်တဲ့ အသင်းတွေက 16 သင်း ရှုံးထွက် အဆင့် ကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

အဆင့် 9 နေရာ ကနေ 24 အတွင်း ရပ်တည်နိုင်တဲ့ အသင်းတွေ က နောက်ထပ် 16 သင်း ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် Play Off ပုံစံ (အိမ်ကွင်း/ အဝေးကွင်း) စနစ် နဲ့ အဆုံးအဖြတ် ခံယူရမှာ ဖြစ်ပါတယ်။ အဲဒီ အဆင့်ကနေ တက်လာတဲ့ 8 သင်း + ထိပ်ဆုံး ကနေ ရပ်တည်ခဲ့တဲ့ 8 သင်း = စုစုပေါင်း 16 သင်းဟာ ရှုံးထွက် အဆင့်ကို ဆက်လက် ယှဉ်ပြိုင် ကစားကြမှာပါ။
အဲဒီနောက်ပိုင်းမှာတော့ လက်ရှိ ကျင်းပနေတဲ့ ပုံစံအတိုင်း ကစားရမှာ ဖြစ်ပါတယ်။

ထူးခြားချက်က အဆင့် 25 အောက် ရပ်တည်တဲ့ အသင်းတွေဟာ ယူရိုပါလိဂ် ကို ဆင်းပြီး ကစားခွင့်ရမှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ ချန်ပီယံလိဂ် ကနေ ဝင်ငွေရှာချင်တဲ့ အသင်းကြီးတွေ အနေနဲ့ မူလ အုပ်စု တွင်းပွဲစဉ် 6 ပွဲ ကစားနေခဲ့ရာကနေ ၊ မတူညီတဲ့ အသင်းတွေ နဲ့ချည်းပဲ 10 ပွဲ အထိ ကစားခွင့်ရမှာ ဖြစ်လို့ ရုပ်သံ ထုတ်လွှင့်တဲ့ အပိုင်းကနေ ဝင်ငွေတွေ ပိုပြီး ရရှိလာမှာ ဖြစ်ပါတယ်။

နောက်ထပ် ဘယ်လိုတွေ ပြောင်းလဲကြဦးမလဲ?

ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ကိုတော့ လက်ရှိ ပြည်တွင်းလိဂ်တွေ မှာ ကျင်းပနေတဲ့ ပုံစံ အတိုင်း ဆက်လက် ဆုံးဖြတ်ပေးသွားမှာပါ။ သို့သော် စုစုပေါင်း ပါဝင် ဆင်နွှဲတဲ့ အသင်းအရေ အတွက်ကို 32 သင်း ကနေ 36 သင်း အထိ တိုးမြှင့်လိုက်တာကြောင့် ၊ နောက်ထပ် 4 နေရာ ပိုပြီး ထွက်လာပါတယ်။ အဲဒီ 4 နေရာထဲက 2 ခုကိုတော့ ချန်ပီယံလိဂ် သမိုင်းအစဉ်အလာကြီးတဲ့ အသင်းတွေက တစ်သင်း နဲ့ အဆင့် 5 ရပ်တည်တဲ့ အသင်းတွေထဲက အကောင်းဆုံး အသင်းကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲ လုပ်ဖို့ အတွက်တော့ UEFA က တရားဝင် ပြဌာန်းခြင်း မရှိသေးပေမယ့် ၊ မနေ့က ဗီယင်နာ မှာ ကျင်းပခဲ့တဲ့ European Clubs Association အဖွဲ့ဝင်တွေ ၊ UEFA က တာဝန်ရှိသူတွေ အကြား တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ အဆိုပါက အချက်တွေကို အတည်ပြုဖို့ အားလုံးက သဘောတူခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို အဖွဲ့ဝင် ကလပ်အသင်းပေါင်း 247 နိုင်ငံ က တက်ရောက်ခဲ့ကြပြီး ၊ ယူကရိန်း စစ်ဘေး ဒုက္ခသည်တွေ အတွက် ယူရို တစ်သန်း လှူဒါန်းဖို့ပါ သဘောတူခဲ့ကြပါတယ်။ သို့သော် Super League ကျင်းပဖို့ တာစူနေတဲ့ ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ ၊ ယူဗင်တပ် အသင်းတွေ ကတော့ အစည်းအဝေးကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

UEFA ဟာ သူတို့ ကျင်းပနေတဲ့ ဥရောပ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင် ကစားနေတဲ့ ကလပ်အသင်းတွေ ရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး Coefficient အဆင့်သတ်မှတ်ချက်တွေကို တရာဝင် ထုတ်ပြန်လေ့ရှိပါတယ်။ အဲဒီ လို ထုတ်ပြန်ရာမှာ နောက်ဆုံး 5 နှစ် အပိုင်းအခြားအတွင်း ၊ နောက်ဆုံး 10 နှစ် အတွင်း စွမ်းဆောင်ရည်ဆိုပြီး ပုံစံ နှစ်မျိုး နဲ့ ဖော်ပြလေ့ရှိပါတယ်။

အကယ်၍ ချန်ပီယံလိဂ်မှာ ယခင်နှစ်တွေ က စွမ်းဆောင်ရည်တွေ ကောင်းမွန်ခဲ့ပြီး ၊ လက်ရှိ ရာသီတစ်ခုပဲ ခြေချော် လက်ချော် ဖြစ်သွားတဲ့ ကလပ်တွေ အနေနဲ့ ပြည်တွင်းလိဂ် စွမ်းဆောင်ရည်ကနေ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် မရခဲ့ဘူး ဆိုရင် Coefficient သတ်မှတ်ချက် ကနေ ဝင်ခွင့်ရဖို့ မျှော်လင့်ခွင့် ရှိနေပါတယ်။ တနည်း ဆိုရင်ရရင် သမိုင်း အစဉ်အလာ နဲ့ အားကောင်းတဲ့ ကလပ်အသင်းတွေ အတွက် ခြေချော်လက်ချော် ဖြစ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဥရောပ ထိပ်သီးလိဂ် တွေမှာ အဆင့် 4 အတွင်း ဝင်ရောက်နိုင်ခြင်း မရှိဘူး ဆိုရင်တောင် ၊ အကောင်းဆုံး အဆင့် 5 ဖြစ်ခဲ့ရင် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်နိုင်သေးတဲ့ အနေအထားမျိုး ကို ထပ်မံ ဖန်တီးပေးထားပြန်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲ အနေနဲ့ အထက်ဖော်ပြပါ 2 နေရာ စလုံးကို မျှော်လင့်ခွင့် ရှိနေတာကြောင့် ၊ အင်္ဂလန် တစ်နိုင်ငံထဲကနေ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်း 6 သင်း အထိ ဖြစ်လာချေတွေ ရှိလာတော့မှာလို့ ဆိုလို့ ရနေပါတယ်။

UEFA ဟာ ဒီအပြောင်းအလဲ ကို လာမယ့် ဧပြီလ အတွင်းမှာ ကျင်းပမယ့် အစည်းအဝေးမှာ တရားဝင် အတည်ပြုသွားတော့မှာပါ။ အဲဒီ အစည်းအဝေး ကနေပဲ FFP မူဝါဒသစ် ကိုလဲ ပြဌာန်းသွားမှာ ဖြစ်ပါတယ်။

SM