ဇီဒန်းရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တူချယ်နဲ့ လိုင်လီ ၁ – ၂ ချဲလ်ဆီး ( Agg ၁ – ၄ ) ပွဲမှ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ပြင်သစ်မြေက ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲမှာ ဧည့်သည် ချဲလ်ဆီး အသင်းဟာ အိမ်ရှင် လိုင်လီကို အသင်းကို အဖွင့်ဂိုး အရင်ပေးခဲ့ရပေမယ့် ၊ နောက်ကနေ လိုက်ကစားပြီး comeback နိုင်ပွဲ ရခဲ့ကာ ၊ ၂ကျော့ပေါင်း ၄ – ၁ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

 

၁ ။ ပိတ်ဆို့ အရေးယူမှုတွေကို လုံးဝ မမှုနေတဲ့ ခြင်္သေ့ပြာ

ပြီးခဲ့့တဲ့ ရက်သတ္တပတ် တပတ်ခန့်ကပဲ လက်ရှိ အသင်းပိုင်ရှင် ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျကို ဗြိတိန် အစိုးရမှ စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ ဆက်တိုက် လုပ်လိုက်တဲ့ အတွက် ၄င်းရဲ့ ပိုင်ဆိုင်မှု တစိတ်တဒေသ အဖြစ်နဲ့ ချဲလ်ဆီးဟာလည်း ကွင်းပြင်ပမှာ ပြစ်ဒဏ် အမျိုးမျိုး ကျခံနေရပါတယ် ။

သို့ပေမယ့် ဗြိတိန် အစိုးရဖက်မှ ဘယ်လောက်ပဲ sanctions တွေ ချမှတ်ထားပါစေ ၊ ခြင်္သေ့ပြာတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကိုတော့ ဘယ်လိုမှ ပိတ်ဆို့ တားမြစ်ထားလို့ မရဘူးဆိုတာ နိုင်ပွဲဆက်နေခြင်းက သက်သေထူနေပါတယ် ။

မနေ့ည က ပွဲမှာလည်း ချဲလ်ဆီး ဟာ အိမ်ရှင်ကို ပင်နယ်တီကနေ တဆင့် ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပေမယ့် ၊ ကစားပုံ ထူးထူးခြားခြား မကောင်းတဲ့ ကြားက ၊ အတွေ့အကြုံ ရင့်ကျက်မှုနဲ့ ကမ္ဘာ့အဆင့် အရည်အသွေး ပိုင်ဆိုင်ထားမှုကြောင့် တဦးချင်း စွမ်းဆောင်ရည်ကောင်းတွေက တဆင့် လိုင်လီကို ပြန်ထိုးနှက်နိုင်ခဲ့ပါတယ် ။

၂ ။ ရှုံးထွက်ဖလားတွေမှာ မှတ်တမ်းကောင်းနေတဲ့ ချဲလ်ဆီးနဲ့ တူချယ်

အမှတ်ပေးဖလား ပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ခြင်း မရှိတော့ပေမယ့် ၊ ချဲလ်ဆီး အသင်း ဟာ လက်ကျန် ရာသီမှာ ရှုံးထွက်ဖလား ၂လုံး ဆွတ်ခူးခွင့် အပြည့်အဝ ရှိနေပါသေးတယ် ။ ပြီးခဲ့တဲ့ ရာသီက အက်ဖ်အေဖလား ဗိုလ်လုပွဲ ၊ ချန်ပီယံလိဂ် ဗိုလ်စွဲထားတဲ့ ချဲလ်ဆီး ဟာ ဒီရာသီမှာ ဥရောပ စူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလား ချန်ပီယံ ဖြစ်ထားပြီး ၊ ကာရာဘောင် ဖလား ဗိုလ်လုပွဲသို့ တက်ရောက်ထားနိုင်ခဲ့ပါတယ် ။

အခုအခါမှာလည်း ချဲလ်ဆီး ဟာ အက်ဖ်အေ ဖလားနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ် အဆင့် အထိ တက်လှမ်းထားပြီး ဖြစ်တာကြောင့် ၊ အောင်မြင်တဲ့ ရာသီ တခု ဖန်တီးဖို့ အပြည့်အဝ အခွင့်အရေး ရှိနေပါတယ် ။

တဖက်မှာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာလည်း ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံး ရှုံးထွက်ဖလား ဖိုင်နယ် ၇ကြိမ် အထိ တက်ရောက်ထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတဲ့ အတွက် လက်ကျန် ရာသီမှာ ၄င်းအနေနဲ့ ချဲလ်ဆီးကို နောက်ထပ် ဖိုင်နယ် ၂ခု ပို့ဆောင်ပေးနိုင်ဦးမလား ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။

၃ ။ ဟီးရိုးမှ ဗီလိန် ၊ ဗီလိန်မှ ဟီးရိုး ဖြစ်ခဲ့တဲ့ ဂျော်ဂျင်ဟို

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ လှပတဲ့ အဝေးဖန်တီးမှုနဲ့ အတူ အသင်း အတွက် အဖိုးတန် အနိုင် ၃မှတ် ရယူပေးတဲ့ နေရာမှာ တိုက်ရိုက် ပတ်သက်ခဲ့တဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ မနေ့ည က ပွဲမှာ ဆိုးရွားတဲ့ ဘောထိန်းပုံ အချို့နဲ့ အတူ ပထမပိုင်း ပြီးခါနီး ၈မိနစ် အလိုမှာ ပင်နယ်တီ ဧရိယာ အတွင်း လက်ထိဘောကတဆင့် အိမ်ရှင်ဖက်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ရပါတယ် ။

သို့ပေမယ့် ၄င်းဟာ ပထမပိုင်း နာကျင် အချိန်ပို ၃မိနစ် အရောက်မှာ ရှားပါးတဲ့ တိုက်စစ် အဖွင့်ကနေ မထင်မှတ်တဲ့ ပေးပို့ပုံနဲ့ ပင်နယ်တီ ဧရိယာထဲ အသင့် ပြေးတက်လာခဲ့တဲ့ ခရစ်တီယန် ပူလီဆစ်ကို ထိုးပေးနိုင်ခဲ့ပြီး ၊ ၄င်းက တည်ငြိမ်တဲ့ အဆုံးသတ်နဲ့ ဂိုးညာထောင့်ထဲ ကန်သွင်း အဆုံးသတ်နိုင်ခဲ့လို့ ၊ ပွဲအခြေအနေကို ပြန်လှည့်နိုင်ခဲ့ပါတယ် ။

၄ ။ ပေးဆပ်ဆဲ ၊ ပေးဆပ်မြဲ အပြာရောင် ကပ္ပတိန်

အရည်အသွေး အရ အရင်လို အကောင်းဆုံး ပုံစံမှာ မရှိနေပေမယ့် ၊ ဆီဆာ အက်ဇ်ပီလီကွီတာရဲ့ ချဲလ်ဆီး အတွက် ပေးဆပ် ကစားပုံကတော့ တစိုးတစိမှ မလျော့ခဲ့ပါဘူး ။ wing-back နေရာမှာ တာဝန် ကျေပွန်ခဲ့ပြီး ၊ တတ်နိုင်သလောက် အတက်အဆင်း ကစားပြနိုင်ခဲ့ပါတယ် ။

အနိုင်ဂိုး သွင်းယူတဲ့ နေရာမှာလည်း ယင်း စပိန် ဝါရင့် နောက်ခံလူ ဟာ တိုက်စစ်မှူး တဦးရဲ့ အမြင် ၊ အဆုံးသတ်တွေနဲ့ အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့ပါတယ် ။ လက်ကျန် ပွဲချိန်တွေမှာ ချဲလ်ဆီးတို့ သက်တောင့်သက်သာ ထိန်းချုပ် ကစားနိုင်ခဲ့ပေမယ့် ၊ အက်ဇ်ပီလီကွီတာရဲ့ pressing ကစားပုံ က လုံးဝ ကျသွားခြင်း မရှိခဲ့ပါဘူး ။

၅ ။ ဇီဒန်းရဲ့ ချန်ပီယံလိဂ် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တူချယ်

ရှုံ့းထွက်ဖလား မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တူချယ် ဟာ မနေ့ည က ပွဲမှာ နည်းပြ ဘဝ တလျှောက် ချန်ပီယံလိဂ် ပွဲပေါင်း ၅၀ ပြည့်မြောက်ခဲ့ပြီး ၊ ၃၂ပွဲ အထိ အနိုင်ရခဲ့တာကြောင့် ယခင် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းရဲ့ စံချိန် ဖြစ်တဲ့ အဖွင့် ပွဲ ၅၀ မှာ ၃၁ပွဲ အနိုင်ရခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR