ဆွစ်ဇာလန်နဲ့ ခြေစမ်းပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ ချဲလ်ဆီး အကယ်ဒမီ ကြယ်ပွင့်ကို ချီးမွမ်းခန်း ဖွင့်ခဲ့တဲ့ ဂျေမီ ရက်ဒ်နပ်

မနေ့ည က ကစားခဲ့တဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲ တပွဲမှာ အင်္ဂလန် အသင်းဟာ ဆွစ်ဇာလန် အသင်းကို အဖွင့်ဂိုး အရင် ခွင့်ပြုခဲ့ရပေမယ့် ၊ နောက်ကနေလိုက်ကစားပြီး ၊ မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှော ၊ တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ ၃ယောက်တန်း ခံစစ် အခင်းအကျင်းနဲ့ ချဉ်းကပ်လာခဲ့ပြီး ၊ ခရစ်စတယ် ပဲလေ့စ် ခံစစ်မှူး မာ့ခ်ဂွီဟီ ၊ ကွင်းလယ်လူ ကော်နာ ဂေါ်လဂါနဲ့ ဆောက်သမ်တန် ညာနောက်ခံလူ ကိုင်လ်ဝေါ်ကာ ပီတာစ် တို့ကို ပထမဆုံး လက်ရွေးစင် ပွဲထွက်ခွင့်တွေ ပေးခဲ့ပါတယ် ။

ဒုတိယပိုင်းမှာလည်း ခရစ်စတယ် ပဲလေ့စ် ဘယ်နောက်ခံလူ တိုင်ရစ်ခ် မစ်ချယ် ဟာ လူစားဝင်ခွင့်ကတဆင့် ပထမဆုံး လက်ရွေးစင် ကစားခွင့်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ ယခင်က အတူ တွဲဖက်လေ့မရှိတဲ့ ကစားသမားတွေ တွဲကစားခဲ့ရတာကြောင့် အင်္ဂလန်ရဲ့ ပထမပိုင်း ကစားပုံ က လျော့တိလျော့ရဲ ဖြစ်ခဲ့ပါတယ် ။

အဖွင့်ဂိုး အရင် ပေးခဲ့ရတာတောင် အင်္ဂလန်ရဲ့ တုန့်ပြန်မှုက အားရစရာမကောင်းပဲ ဟာကွက်တွေ များခဲ့ပါတယ် ။ သို့ပေမယ့် ပထမပိုင်း နာကျင်အချိန်ပိုမှာ ကော်နာ ဂေါ်လဂါရဲ့ ဖန်တီးမှုမှတဆင့် လုခ်ရှောရဲ့ အဆုံးသတ် ပိတ်သွင်းမှု က အင်္ဂလန် အတွက် ဒုတိယပိုင်းကို အေးအေးဆေးဆေး ချဉ်းကပ်ခွင့် ရစေခဲ့ပါတယ် ။

ပထမဆုံး အင်္ဂလန် လက်ရွေးစင် ပွဲထွက်ခွင့်မှာ ဂိုးဖန်တီးမှုတွေနဲ့ စတင်နိုင်ခဲ့တဲ့ ဂေါ်လဂါ အဖို့တော့ ဒီပွဲက ဘဝတလျှောက် မေ့လို့ ရမှာ မဟုတ်တဲ့ ပွဲတပွဲ ဖြစ်ခဲ့မှာ သေချာပါတယ် ။ လီဗာပူး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နပ်ကတော့ ပဲလေ့စ်သို့ အငှားထွက်နေတဲ့ ချဲလ်ဆီး အကယ်ဒမီ ကြယ်ပွင့် ဂေါ်လဂါရဲ့ ပထမဆုံး လက်ရွေးစင် ပွဲထွက်ခွင့်မှ ခြေစွမ်း အပေါ် အခုလိုပဲ ချီးမွမ်းခန်း ဖွင့်သွားခဲ့ပါတယ် ။

Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ ဂျေမီ ရက်ဒ်နပ် က ” ကျွန်တော်တို့ဟာ ပွဲမစခင်ကတည်းက ကော်နာ ဂေါ်လဂါ အကြောင်း ပြောနေခဲ့ကြသေးတာပါ ။ သူ ဒီလို လက်ရွေးစင် အဆင့် ၊ ကမ္ဘာ့အဆင့် စင်မြင့်ပေါ်ကို တက်လှမ်းနိုင်မလား ဆိုတာကိုပေါ့ ။ ”

” ဒီညပွဲမှာ သူ့ကို ကြည့်ရတာ နေအိမ်မှာ နေရသလို သက်တောင့်သက်သာ ရှိခဲ့ပါတယ် ။ အင်ပြည့်အားပြည့် ကစားပုံနဲ့ ဂိုးဖန်တီးနိုင်စွမ်းကို သူ ပြသသွားခဲ့ပါတယ် ။ ဒီအဆင့်မှာ ကစားနိုင်တဲ့ အကြောင်း သူ ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့တာပါ ။ ”

” အဝတ်လဲခန်း အတွင်း သူ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေပါလိမ့်မယ် ။ ဂါရတ် ဆောက်ဂိတ်ကိုလည်း ကွင်းလယ် ပွဲထွက်ခွင့် တနေရာ အတွက် သူ ပုစ္ဆာပေးနိုင်ခဲ့ပါတယ် ။ သူ့ရဲ့ ခြေစွမ်း အပေါ် ကျွန်တော် အထင်ကြီးမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အမျိုးသမီး ကွင်းလယ်လူဟောင်း ကယ်ရန် ကာနေးကလည်း ဂေါ်လဂါရဲ့ အင်္ဂလန် လက်ရွေးစင် ပွဲထွက် ခြေစွမ်းနဲ့ ပတ်သက်ပြီး ” ဂေါ်လဂါ ဟာ ပွဲရဲ့ အခြေအနေကို ဖတ်နိုင်စွမ်း အပြည့်ရှိပါတယ် ။ ဒီညမှာ သူ့ရဲ့ ခြေစွမ်းက အံ့သြဖွယ်ကောင်းခဲ့ပြီး ၊ အင်္ဂလန်ရဲ့ Man of the Match ဖြစ်ခဲ့တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR