ဆာလာ ရဲ့ စာချုပ်သစ် က ဖြစ်လာမှာပါ #မိုက်ကယ် အိုဝင်

စာချုပ်ပါ အချက်အလက်တွေ အရ ဆာလာ ရဲ့ လက်ရှိ စာချုပ်သက် တစ်နှစ် ကျော်ကျော်လေးပဲ ကျန်တော့ပါတယ်။ ဒါကြောင့် လီဗာပူး အနေနဲ့ သူ့ကို စာချုပ် သက်တမ်းတိုးဖို့ မလုပ်ဆောင်နိုင်တော့ဘူး ဆိုရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်မလား ၊ ဒါမှ မဟုတ် နောက်ရာသီ အကုန်မှပဲ အလွတ်ကြေး နဲ့ ထွက်ခွာခွင့် ပေးမလား ဆိုတဲ့ အပိုင်းတွေကို စဉ်းစားရပါတော့မယ်။

ရာသီကုန်ဖို့ ချဉ်းနင်း ဝင်ရောက်လာတာ နဲ့ မီဒီယာတွေ ရဲ့ စာမျက်နှာထက်မှာ ဆာလာ ရဲ့ စာချုပ်သစ် ကိစ္စက တစ်ကျော့ပြန် နေရာယူလာပါတယ်။

ကလော့ပ် ကိုယ်တိုင် က လီဗာပူး ဘက်ကတော့ အစွမ်းကုန် လိုက်ရောပြီးပြီ ၊ မို ဆာလာ ကိုယ်တိုင် ဆုံးဖြတ်ချ ချရုံပဲ ကျန်တော့တယ် လို့ ပြောဆိုပြီးနောက်ပိုင်း ၊ ဆာလာ ရဲ့ အေးဂျင့် ဖြစ်သူ ဟာ ကမ္ဘာကျော် သတင်းထောက်ကြီး ဖာဘရီဇီယို ကနေ တဆင့် သတင်းတွေ ဆက်တိုက် လွှင့်လာပါတယ်။

လီဗာပူး နဲ့ နီးစပ်တဲ့ ဂျိမ်း ပီယာ့စ် ၊ ပေါလ် ဂျွိုက်စ် ၊ ပေါလ် ဂရော့စ် ၊ နီးလ် ဂျုံး တို့လို သတင်းထောက်တွေတောင် ဆာလာ ရဲ့ စာချုပ်သစ် အခြေအနေ ကို တိတိကျကျ ဖော်ပြနိုင်ခြင်း မရှိတဲ့ ကာလမျိုးမှာ ဖာဘရီဇီယို ကတော့ “ဒီဇင်ဘာ လ အတွင်းမှာ နှစ်ဖက် တာဝန်ရှိသူတွေ တွေ့ဆုံခဲ့တာ ဖြစ်ကြောင်း ၊ လက်ရှိ ကမ်းလှမ်းမှုကို ဆာလာ ဘက်က လက်ခံပေးမှာ မဟုတ်ကြောင်း” အတိအလင်း ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

တစ်ချိန်တည်းမှာ ဆာလာ ကို ခေါ်ယူဖို့ ဘာစီလိုနာ ၊ ယူဗင်တပ် အသင်းတွေကို စိတ်ဝင်စားတဲ့ အကြောင်းတွေ ပေါ်ထွက်လာသလို ၊ ပီအက်စ်ဂျီ ကလဲ အမ်ဘာပေ ကိုသာ ဆုံးရှုံး ရမယ် ဆိုရင် အဲဒီ နေရာကို အစားထိုးဖို့ ဆာလာ ကို စောင့်ကြည့်နေနိုင်တယ် ဆိုတာမျိုးတွေပါ သတင်းတွေမှာ ရေးသားလာခဲ့ပါတယ်။

လက်ရှိ အနေအထား အရတော့ ဆာလာ နဲ့ လီဗာပူး တို့ အကြား တိုးတက်မှု တစ်စုံတရာ မရှိတာ သေချာသလို ၊ အလားအလာကောင်းတွေလဲ မမြင်ရသေးတာ ပကတိ အမှန်တရားပါ။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ စာချုပ်သစ် ဆွေးနွေးကြတဲ့ အနေအထားမှာ စာချုပ် သက်တမ်းကာလ ထက် ၊ လစာ ပေးချေမှု အပိုင်းမှာ ပြသနာ ဖြစ်နေတယ်လို့ သိရပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ် အိုဝင် ကတော့ ဆာလာ ရဲ့ စာချုပ်သစ် ဟာ ဖြစ်လာနိုင်ချေတွေ ရှိနေဆဲ ဖြစ်တဲ့ အကြောင်းကို အခုလိုပဲ အကောင်းဘက်က မြင်ပြီး မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ဆာလာ သာ လီဗာပူး နဲ့ စာချုပ် သက်တမ်း မတိုးဖြစ်ဘူး ဆိုရင် ကျနော် ကတော့ တော်တော်ကြီး ကို အံ့အားသင့်မိမှာပါ။ လောလောဆယ် သူ့အတွက် ရွေးချယ်စရာက ဘာတွေလဲ ကြည့် ကြည့်ရအောင်ပါ။

သွားစရာ ဆိုလို့ မန်စီးတီး ကို ပြောင်းမလား ဒါမှ မဟုတ် အခြားတစ်နေရာကိုပဲ သွားမလား ဒါပဲ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ လောလောဆယ် ကမ္ဘာ့အကောင်းဆုံး အသင်းဆိုလို့ လီဗာပူး နဲ့ မန်စီးတီး တို့ပဲ မြင်ပါတယ်။

အဲတော့ နှစ်ဖက်စလုံးကို အချိန်ပေးပြီး စောင့်ကြည့်ရအောင်ပါ ၊ ဒါမျိုး ကိစ္စက နေ့ချင်းညချင်း ဖြစ်လာဖို့ မလွယ်ပါဘူး။

လီဗာပူး ဟာ ကမ္ဘာပေါ်မှာ အခမ်းနားဆုံး ကလပ်တွေထဲက တစ်ခုဖြစ်သလို ၊ ဆာလာ ကလဲ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ ထဲက တစ်ယောက် ဖြစ်ပါတယ်။ သူတို့ နှစ်ဦး နှစ်ဖက် အကြား အကြီးမားဆုံး စာချုပ်တစ်ခု ပေါ်ပေါက်လာဖို့ ဆွေးနွေးနေကြတာပါ။

ကျနော့် အမြင်မှာတော့ လက်ရှိ ဖြစ်နေတာတွေ အားလုံးဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်ပဲလို့ မြင်ပါတယ်။ တစ်ခါတစ်ခါ တိုးတက်မှု မရှိတာမျိုးလဲ တွေ့ရမှာပါပဲ။

ဒီနေရာမှာ ပရိသတ်တွေ အနေနဲ့ ဆာလာ လိုချင်သလောက် ပေးပြီး စာချုပ် သက်တမ်းတိုးလိုက်ရင် ပြီးရော ဆိုပြီး လက်လွှတ်စပါယ် ပြောလို့ မရပါဘူး။ အဲဒီ အတိုင်း လုပ်လိုက်ရင် တစ်သင်းလုံး ပြိုကွဲ သွားပါလိမ့်မယ်။

လီဗာပူး ဟာ စီးပွားရေး လုပ်ငန်း တစ်ခုကို လည်ပတ်နေတာပါ။ သူတို့ အနေနဲ့ အသင်းမှာ ရှိတဲ့ ကစားသမားတွေ လိုချင်တဲ့ အတိုင်း မပေးနိုင်ပါဘူး။ ပေးလိုက်ပြီ ဆိုတာ နဲ့ ကလော့ပ် ရဲ့ ရုံးတံခါးကို လာပြီး ၊ သူ့ကျတော့ ဒီလောက်ပေးထားတယ် ၊ ငါ့တော့ ဒီလောက် ဖြစ်သင့်တယ် ဆိုတာမျိုးတွေ ပေါ်လာတော့မှာပါ။

သူတို့ဟာ အသင်းရဲ့ လစာပေးချေမှု ပုံစံကို သေချာ ဂရုစိုက်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအနေအထားမှာ လီဗာပူး ဘက်ကလဲ အလေးအနက်ထား စဉ်းစားမှာ ဖြစ်သလို ၊ ဆာလာ ရဲ့ ကိုယ်စားလှယ်တွေကလဲ လုံး၀ လျှော့ပေးမှာ မဟုတ်ပါဘူး။ အဲဒီတော့ နှစ်ဖက် စလုံး လက်ခံနိုင်တဲ့ ပမာဏ တစ်ခု ပေါ်ပေါက်လာဖို့ပဲ မျှော်လင့်ရအောင်ပါ။ ကျနော် ကတော့ အဲဒီလိုပဲ မျှော်လင့်ထားပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM