စီးတီး အနား ပြန်ကပ်လာတဲ့ လီဗာပူး ၊ ရာသီအကုန်မှာ PSG ကနေပြန်ထွက်ခွာ နိုင်တဲ့ စတား ၊ ပေါ့ဘာကို ချိတ်ဆက်မယ့် အသင်းဟောင်းတို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ လီဗာပူး ဟာ ဝက်စ်ဟမ်း အသင်းကို ၁-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၁ က မန်စီးတီး နဲ့ ၃ မှတ် အကွာကို ရောက်ရှိလာခဲ့ ပါတယ် ။

ချဲလ်ဆီး ကလည်း ဘန်လေ ကို အဝေးကွင်းမှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး ကိုင်ဟာဗက် ၂ ဂိုး ၊ ပူလီဆစ် ၁ ဂိုး နဲ့ ဒဏ်ရာက ပြန်သက်သာလာတဲ့ ရစ်ဆီ ဂျိမ်းစ် တို့က ၁ ဂိုး သွင်းယူ ပေးခဲ့ကြပါတယ် ။

ပရီးမီးယားလိဂ် ဟာ ဒီတပတ် ပွဲစဉ် အားလုံးမှာ ယူကရိန်း နဲ့ အတူ ရှိကြောင်း အားပေးထောက်ခံမှုတွေ ပြုလုပ် သွားခဲ့ပြီး အသင်း ခေါင်းဆောင် အားလုံးဟာ ယူကရိန်း အလံ အရောင်ပါ လက်ပတ်တွေကို ဝတ်ဆင် ခဲ့ကြပါတယ် ။

လီဗာပူး နဲ့ ဝက်စ်ဟမ်း တို့ ပွဲကစားနေချိန် အတွင်းမှာတော့ ကြောင်ချစ်သူတွေဟာ ‘Cats lives Matter’ ဆိုတဲ့ စာတမ်းကို လေယာဉ်နဲ့ ချိတ်ဆွဲကာ ကွင်းပေါ်က ဖြတ်ပျံစေပြီး ကြောင်ကို ကန်ကျောက် ခဲ့တဲ့ ဝက်စ်ဟမ်း ခံစစ်မှူး ဇူးမား ကို ထိုးနှက်သွားခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ရိုးမား ဟာ အတ္တလန်တာ ကို ၁-၀ နဲ့ အနိုင်ရပြီး တိုက်စစ်မှူး အေဘရာဟမ် က တလုံးတည်းသော ဂိုးကို သွင်းယူပေး ခဲ့ပါတယ် ။ ဒီပွဲမှာလည်း ရိုးမား နဲ့ အတ္တလန်တာ က တယောက်စီ အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲ မက်ဒရစ် ဟာ အိမ်ကွင်းမှာ ရီးရဲ ဆိုဆီဒက် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 4-1 နဲ့ အနိုင် ရခဲ့ပါတယ် ။

ပြင်သစ် လီဂူး မှာတော့ PSG ဟာ နိုက်စ် အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန် က လေဗာကူဆင် နဲ့ ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဘရိုက်တန် အသင်းရဲ့ ကွင်းလယ် ကစားသမားလေး တိုဘီ ကိုလီယာ ကို လူငယ် အသင်းအတွက် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရ ပါတယ် ။

ပေါလ် ပေါ့ဘာ ရဲ့ အသင်းဟောင်း ယူဗင်တပ် ဟာ နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကနေ စာချုပ်ပြည့်လို့ အလွတ်နဲ့ ထွက်လာ နိုင်တဲ့ ပေါ့ဘာ ကို ခေါ်ယူ နိုင်ဖို့ အတွက် အေးဂျင့် မီနို ရွိုင်းအိုလာ နဲ့ ချိတ်ဆက်နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်စီးတီး အမျိုးသမီး အသင်းဟာ မနေ့ညက ချဲလ်ဆီး အမျိုးသမီး အသင်းကို ၃-၁ နဲ့ အနိုင် ရရှိပြီး ကွန်တီဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။

ရီးရဲ နဲ့ စာချုပ်ကုန်ချိန်မှာ PSG ကို ပြောင်းလာခဲ့တဲ့ ဝါရင့် ခံစစ်မှူးကြီး ဆာဂျီယို ရာမိုစ့် ကတော့ တရာသီ အကြာ မှာပဲ ပြင်သစ် ကနေ ကနေ ပြန်လည် ထွက်ခွာဖို့ ရှိနေပြီလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရာမိုစ့် ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန် နေရပြီး PSG မှာ ပွဲ မကစားရဘဲ ရှိနေခဲ့ ပါတယ် ။

ယူဗင်တပ် တိုက်စစ်မှူးလေး ပေါ်လို ဒိုင်ဘားလား ရဲ့ အေးဂျင့်ဟာ ယူဗင်တပ် တာဝန်ရှိသူတွေ နဲ့ လာမယ့် ရက်အနည်းငယ် အတွင်း တွေ့ဆုံကာ စာချုပ်သစ် ကိစ္စ ကို ဆွေးနွေးသွားမယ်လို့ သိရှိရ ပါတယ် ။

ဆီဗီးလား ဟာ မန်ချက်စတာ ယူနိုက်တက် ကနေ အငှား ခေါ်ယူထားတဲ့ တိုက်စစ်မှူး အန်တိုနီ မာစီရယ် ကို အပြီးသတ် ဝယ်ယူဖု့ိ စိတ်မဝင်စား ဘူးလို့လည်း သတင်း ကြားသိရ ပါတယ် ။

စပိန် လာလီဂါ ကလပ် အက်သလက်တီကို မက်ဒရစ် ကတော့PSG မှာ အဆင်မပြေဘူးလို့ သတင်းထွက် နေတဲ့ လီဗာပူး ကွင်းလယ်လူဟောင်း ဝိုင်နယ်ဒမ် ကို နွေရာသီမှာ ကမ်းလှမ်းဖို့ စဉ်းစား နေတယ်လို့ သိရပါတယ် ။

ဒိန်းမတ် ခံစစ်မှူး ခရစ်ရှန်ဆန် ဟာ ရာသီအကုန်မှာ ချဲလ်ဆီး ကနေ စာချုပ်ပြည့် အဖြစ် နဲ့ ထွက်ခွာဖို့ သေချာ နေပြီး ဘိုင်ယန် နဲ့ ဘာစီလိုနာ တို့ အနက်က တသင်းသင်းကို ရောက်ဖို့ အလားအလာ ကောင်းနေပါတယ် ။

ခရစ်ရှန်ဆန် ကို ပရီးမီးယားလိဂ် အသင်းတွေက ကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီး ကို လေးစားသောအားဖြင့် ပယ်ချခဲ့တယ် လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR