စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေတဲ့ ဆာလားကို မက်ဆေ့ခ်ျပေးသွားခဲ့တဲ့ ပီတာခရောက်နဲ့ မက်မာနာမန်

လီဗာပူး တိုက်စစ်မှုးဟောင်း ဖြစ်သူ ပီတာခရောက်ခ်ျက မိုဟာမက်ဆာလား အနေနဲ့ သတ်မှတ် လစာနှုန်းထားစနစ် (wage structure) အတွင်းမှာ အလုပ်လုပ်နေတဲ့ လီဗာပူး အသင်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ကာ စာချုပ်သစ် ကမ်းလှမ်းမှုကို လက်ခံသွားသင့်တယ်လို့ ယုံကြည်နေပါတယ်။ ဆာလားနဲ့ လီဗာပူး တို့ရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ လာမည့် ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး အန်ဖီးကလပ်ဟာ အီဂျစ်စတားကို ကာလရှည် စာချုပ်ချုပ်ဆိုဖို့ အလိုရှိနေပါတယ်။

ဒါပေမယ့်လည်း မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရကတော့ အီဂျစ်စတားဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာက လီဗာပူးရဲ့ နောက်ဆုံးကမ်းလှမ်းမှုကို ပယ်ချထားခဲ့ကာ ကလပ်နဲ့ ကစားသမားရဲ့ ကိုယ်စားလှယ် တို့ကြား ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။ ခရောက်ခ်ျ ကတော့ ဆာလားကို လီဗာပူး တို့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ တအားကို ဆန္ဒ ရှိနေပေမယ့်လည်း သတ်မှတ်လစာနှုန်းထားထက် တအားကို ပိုမိုတဲ့ ကမ်းလှမ်းမှုဟာ ကလပ်အတွင်းမှာ မတည်မငြိမ် ဖြစ်စေမှာ ဖြစ်ပြီး ဗန်ဒိုက် အလီဆွန် နဲ့ ဟန်ဒါဆန် တို့လို အဓိက ကစားသမားတွေ အတွက်လည်း စိတ်မကျေမနပ် ဖြစ်စရာ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ခရောက်ခ်ျက “အကယ်၍ ခင်ဗျား အနေနဲ့ ဆာလားကို သူ အလိုရှိတဲ့ အတိုင်း လစာပေးလိုက်မယ် ဆိုရင် ဗန်ဒိုက် ကလည်း သူ့လိုမျိုး အရေးပါပါတယ်။ အလီဆွန် ကလည်း ဒီအတိုင်းပါပဲ။ ပြီးတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ကလည်း အရေးပါလှတဲ့သူပါ။ ဒါဆိုရင် ဆုံးတော့မှာ မဟုတ်ပါဘူး။ ဒါဟာ ပြသနာ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ သူ့ကို အသင်းမှာ ဆက်နေစေချင်တဲ့ အပြင် သူ အလိုရှိတာကို ပေးချင်ကြပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လီဗာပူးတို့ ပေးနိုင်တဲ့ အမြင့်ဆုံး ပမာဏကိုတော့ လက်ခံသွားဖို့ လိုအပ်ပါတယ်။

သူ့ကို လစာ အမြင့်ဆုံး ရတဲ့ ကစားသမား ဖြစ်စေလိုက်ပါ။ ဒါပေမယ့် အမြင့်ဆုံး သတ်မှတ်လစာနှုန်းထားကိုတော့ ကျော်ပြီး ပေးလို့ မရပါဘူး။ လီဗာပူး ဆိုတဲ့ ဘောလုံးအသင်းဟာ အမြဲတမ်း ကစားသမားထက် ကြီးကြယ်နေမှာပါ။ သူတို့ အဓိက ကစားသမား တစ်ဦးကို ရောင်းချခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဒီကစားသမား မရှိရင် ဘယ်လိုများ ခရီးဆက်မလဲ ဆိုပြီး ကျွန်တော်တို့ တွေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ အမြဲတမ်း recover လုပ်နိုင်ခဲ့ပါတယ်။ ဆွာရက် ၊ တောရက်စ် ၊ ကော်တင်ညို တို့က ဥပမာတွေ ပါပဲ။” လို့ ပြောသွားပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်း ဖြစ်သူ စတီဗီမက်မာနာမန် ကလည်း ကလပ် အနေနဲ့ ဒီထက် ပိုပြီး အလျော့မပေးရန် တိုက်တွန်းသွားခဲ့ပါတယ်။

မက်မာနာမန်က “လူတွေက ဆာလားကို သူ အလိုရှိတဲ့ အတိုင်း ပေးသင့်တယ်လို့ ပြောနေကြပါတယ်။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် လီဗာပူး ဘက်က ‘ဒါဟာ ငါတို့ ပေးနိုင်တဲ့ အမြင့်ဆုံး ပမာဏပဲ’ လို့ ပြောရမယ့် အမှတ်တော့ ရှိလာမှာပါ။ လီဗာပူး အနေနဲ့ ဆာလား အတွက်နဲ့ အသင်းရဲ့ လစာနှုန်းထားစနစ်ကို အပြောင်းအလဲ လုပ်သွားမယ်လို့ ကျွန်တော် မထင်ပါဘူး။

သူ့ရဲ့ အခြေအနေကို ကျွန်တော်တို့ အနေနဲ့ ကီလီယန်အမ်ဘက်ပေ နဲ့ သွားပြီး နှိုင်းယှဉ်လို့ မရပါဘူး။ ဒါဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဗာဂျယ် ကလည်း လိုချင်မှာ ဖြစ်သလို အလီဆွန် နဲ့ ဂျော်ဒန်ဟန်ဒါဆန် တို့ကလည်း ဒါမျိုး လိုချင်ကြမှာပါ။ လီဗာပူး ဘက်က ဆုံးဖြတ်ချက် ချရမယ့် အချိန် ဒါမှမဟုတ် မိုဆာလား ဘက်က ဆုံးဖြတ်ချက် ချသွားရမယ့် အချိန်ကတော့ ရောက်လာပါလိမ့်မယ်။” လို့ ပြောလိုက်ပါတယ်။

SM