ဂန်းနားတို့ နွေရာသီမှာ ကစားသမား ၅ ဦး ခေါ်ယူသင့်ကြောင်း အကြံပေးရင်း အာဆင်နယ် Vs လီဗာပူး ပွဲရလဒ်ကို ခန့်မှန်းလိုက်တဲ့ ဂလင်းဂျွန်ဆင်

ဂလင်းဂျွန်ဆင် က နည်းပြ အာတီတာ လက်ထက်မှာ အာဆင်နယ် အသင်းဟာ အကြီးအကျယ် တိုးတက် ကောင်းမွန်နေပြီး ၊ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ ဆိုရင်တော့ နွေရာသီမှာ ကစားသမား ၅ ဦးလောက် ခေါ်ယူဖို့ လိုအပ်ကြောင်း အကြံပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ရှိမှာ အမှတ်ပေး ဇယား အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး ဒီကနေ့ညမှာတော့ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ လီဗာပူး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ် ။

လီဗာပူး ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂလင်းဂျွန်ဆင် က Ladbrokes မှာ ” ပြီးခဲ့တဲ့ နှစ်လတုန်းကဆို အာဆင်နယ် အသင်း ဒီရာသီ ထိပ်ဆုံးလေးသင်း အတွင်း ဝင်မယ်လို့ ထောက်ခံ အားပေးမယ့်သူ မရှိခဲ့ပါဘူး ။ ”

” အာဆင်နယ် က ဆိုးရွားတဲ့ ရာသီအစ နဲ့ ကြုံတွေ့ ခဲ့ရပါတယ် ၊ဒါပေမယ့် အာတီတာ ကတော့ ချီးကျူး ဂုဏ်ပြုမှုတွေ အများကြီး နဲ့ ထိုက်တန်သူပါ ၊ သူက အသင်းမှာ ရှိနေတဲ့ ပန်းသီးပုပ်တွေကို ကောင်းကောင်း ရှင်းထုတ် နိုင်ခဲ့ပါတယ် ။ ”

” အဓိက ကစားသမား အချို့ အသင်းက ထွက်သွားကြတော့ တစ်ချို့က အံ့အားသင့်ကြပါတယ် ။ ကျွန်တော်တို့ သိထားရမှာက သူက သူ့အသင်းအကြောင်း ကျွန်တော်တို့ထက် အများကြီး ပိုသိပါတယ် ၊ အခုဆို တစ်ချို့ ကစားသမားတွေ မရှိတော့ ကွင်းတွင်း ကွင်းပြင်ပနှစ်ခုစလုံးမှာ ပိုကောင်းနေပါပြီ ။ ”

” လက်ရှိ အာဆင်နယ် အသင်းက ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့တော့ မဖြစ်နိုင်သေးပါဘူး ၊ သူတို့ အခု ရလဒ်ကောင်းနေတယ် ပုံစံကောင်း ရနေတယ် ၊ ဒါပေမယ့် ထိပ်ဆုံးလေးသင်း အတွင်း ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရမှ နောက်ထပ် တက်လှမ်းရမယ့် အဆင့်အကြောင်း စဉ်းစားရမှာပါ ။ ”

” ထိပ်က နှစ်သင်း သုံးသင်း နဲ့ ကွာဟမှု ကျဉ်းမြောင်းချင်တယ် ဆိုရင်တော့ အခုထက် ပိုတိုးတက် ကောင်းမွန်ဖို့ လိုသလို ကစားသမားသစ်တွေ ခေါ်ယူဖို့လည်း လိုပါတယ် ။ လာမယ့် နွေရာသီမှာ သူတို့ တိုက်စစ်မှူး တစ်ဦး ၊ ကွင်းလယ်လူ နှစ်ဦး နဲ့ ဗဟိုနောက်ခံလူ တွေ ခေါ်ဖို့ လိုအပ် နေပါသေးတယ် ။ ”

” အာဆင်နယ် မှာ သင့်တော် ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေပါတယ် ၊ ဒါပေမယ့် လိဂ်ပြိုင်ပွဲက အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားနိုင်လောက်တဲ့ အထိ လုံလောက်မှု မရှိသေးပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ နောက်ဆုံးလိဂ် ငါးပွဲဆက်တိုက် နိုင်ပွဲ ရယူ ထားနိုင်ပြီး ဒီကြားရက်မှာတော့ အကြီးမားဆုံး စမ်းသပ်မှု အဖြစ် လီဗာပူး နဲ့ ကစားရမှာ ဖြစ်ပါတယ် ။ ဂလင်းဂျွန်ဆင် ကလည်း အာဆင်နယ် Vs လီဗာပူး တို့ ပွဲရလဒ် ကို ခုလို ခန့်မှန်း သွားခဲ့ပါတယ် ။

” အခု အချိန်မှာတော့ လီဗာပူး က ပွဲစဉ်ဇယား ချောင်တယ်လို့ ပြောကောင်းပြောနိုင်ပါတယ် ၊ ဒီပွဲကို ပြီးခဲ့တဲ့ နှစ်လကသာ ကစားခဲ့ရင် လီဗာပူး အတွက် လွယ်ကူတဲ့ နိုင်ပွဲ တစ်ပွဲလို့ ဆိုကြမှာပါ ၊ ဒါပေမယ့် အခု အချိန်မှာတော့ အဲ့ဒီလောက် လွယ်မှာ မဟုတ်ပါဘူး ။ ”

” အာဆင်နယ် က ပုံစံကောင်း ရနေပြီး နိုင်ပွဲတွေဆက် ကစားပုံတွေ ကောင်းနေပါတယ် ၊ အဆင့်လေးနေရာကို တိတ်တဆိတ် ဖြည်းဖြည်းချင်း တက်လှမ်း လာတာပါ ၊ လီဗာပူး အတွက် တကယ့်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ် ၊ ရလဒ်ကို ပြောရမယ်ဆိုရင်တော့ လီဗာပူး အသင်း ၁-၂ နဲ့ ကပ်နိုင်သွားပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM