ဂန်းနားတို့ရဲ့Top 4 ဝင်ခွင့်မျှော်လင့်ချက်ကို အရှိန်မြင့်ပေးတဲ့ ဆာကာ ၊ အက်စတွန်ဗီလာ ၀-၁ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူး နဲ့ ကစားပြီး နှစ်ရက် အကြာမှာပဲ အက်စတွန်ဗီလာ အသင်း အိမ်ကွင်းမှာ သွားရောက် ကစားရတဲ့ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ အဖိုးတန် နိုင်ပွဲ ရယူပြီး အဆင့် ငါးက မန်ယူနိုက်တက် ကို လေးမှတ် အထိ ဖြတ်လိုက်ပါတယ် ။

အက်စတွန်ဗီလာ နဲ့ ပွဲမှာ အာဆင်နယ် အသင်းရဲ့ လူစာရင်းဟာ အပြောင်းအလဲတွေ ရှိခဲ့ပြီး ရမ်စ်ဒေးလ် နဲ့ မာတင်နယ်လီ တို့ မပါဝင်နိုင်တာကြောင့် လီနို နဲ့ စမစ်ရို တို့ ပွဲထွက် ကစားခဲ့ပါတယ် ။

အာဆင်နယ် အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကို လူငယ် တောင်ပံ ကစားသမား ဆာကာ က ဂိုးဧရိယာ အပြင်ဘက်ကနေ volley ကန်ချက် နဲ့ သွင်းယူ ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးဟာ အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ဂိုး ၂၀၀၀ မြောက် ဖြစ်ပါတယ် ။

အက်စတွန်ဗီလာ ၀-၁ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ လီဗာပူး ကို ရှုံးနိမ့် ခဲ့ရမှုကနေ ရုန်းထ နိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းရဲ့ ကာလရှည်ကြာ ရှုံးပွဲမရှိ စံချိန်ဟာ ကြားရက်မှာ လီဗာပူး ကို ရှုံးနိမ့်ပြီး ရပ်တန့် ခဲ့ရပါတယ် ။ လီဗာပူး နဲ့ ပွဲအပြီး နောက်ထပ် ကစားရမယ့် လေးပွဲမှာ သုံးပွဲဟာ အဝေးကွင်း ဖြစ်နေတာကြောင့် အာဆင်နယ် အသင်း ရဲ့ထိပ်ဆုံး လေးသင်း ဝင်ခွင့် ကြိုးပမ်းမှု အပေါ် သံသယတွေ ရှိခဲ့ကြပါတယ် ။

ဒီကနေ့မှာတော့ အာဆင်နယ် အသင်းဟာ အက်စတွန်ဗီလာ အသင်းကို အနိုင်ယူပြပြီး သူတို့အပေါ်ရှိနေတဲ့ သံသယတွေကို ချေဖျက် နိုင်ခဲ့ပါတယ် ။ ဗီလာ နဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်းဟာ အနီးဆုံးပြိုင်ဘက် အဆင့် ငါးက မန်ယူနိုက်တက် ထက် တစ်ပွဲလျော့ကစားပြီး လေးမှတ် အထိ ဖြတ်ထားနိုင်ခဲ့ပါပြီ ။

၂ ။ ပွဲထွက်ခွင့် ပြန်ရတဲ့ လီနို

အာဆင်နယ် အသင်း ရဲ့ နံပါတ်တစ် ဂိုးသမား ရမ်စ်ဒေးလ် တစ်ယောက် လီဗာပူး နဲ့ ပွဲမှာ ရရှိခဲ့တဲ့ တင်ပါး ဒဏ်ရာကြောင့် အက်စတွန်ဗီလာ နဲ့ ပွဲကို မပါဝင်နိုင်ချိန်မှာ အာတီတာ ဟာ လီနို ကို အခွင့်အရေး ပြန်လည် ပေးခဲ့ပါတယ် ။

ပြီးခဲ့တဲ့ရာသီတွေမှာ အာဆင်နယ် အသင်းရဲ့နံပါတ်တစ် ဂိုးသမား ဖြစ်ခဲ့တဲ့ လီနို ဟာ ရမ်စ်ဒေးလ် ရောက်ရှိလာပြီးနောက် အရန်ခုံ ထိုင်နေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် လီနို ဟာ သူ့ရဲ့ အနာဂတ် အတွက်လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေသူလည်း ဖြစ်ပါတယ် ။

လီနို ဟာ ပွဲထွက်ခွင့် ပြန်ရချိန်မှာ အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ပြီး ဗီလာ အသင်းရဲ့ထောင့်ကန်ဘောတွေ ၊ နောက်ဆုံးမိနစ် ဂိုးပေါက် ကန်သွင်းမှုကို ကာကွယ် ဟန့်တားကာ Clean-Sheet ရယူ ပေးခဲ့ပါတယ် ။ ပွဲအပြီး အာဆင်နယ် အသင်းဖော်တွေ လီနို ကို ဝိုင်းဝန်း ဂုဏ်ပြုကြတဲ့ မြင်ကွင်းကလည်း တကယ့်ကို နှစ်လိုဖွယ်ရာပါပဲ ။

၃ ။ ဂန်းနားတို့ရဲ့Top 4 ဝင်ခွင့်မျှော်လင့်ချက်ကို အရှိန်မြင့်ပေးတဲ့ ဆာကာ

ပြီးခဲ့တဲ့ ရာသီ အာဆင်နယ် အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဆာကာ ဟာ ဒီရာသီမှာလည်း သူ့ရဲ့ကောင်းမွန်တဲ့ ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး အရေးပါတဲ့ သွင်းဂိုးတွေကို ဆက်လက် သွင်းယူ ပေးနေပါတယ် ။

ဆာကာ ဟာ အက်စတွန်ဗီလာ နဲ့ ပွဲမှာ အာဆင်နယ် အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့သလို တိုင်ရွန်မင်းစ် နဲ့ အက်ရှ်လေယန်း တို့ကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပါတယ် ။ ဆာကာ ဟာ BT Sport ရဲ့ Man of the Match အဖြစ်လည်း သတ်မှတ်ခံ ခဲ့ရပါတယ် ။

အက်စတွန်ဗီလာ နဲ့ ပွဲက ဆာကာ ရဲ့ စွမ်းဆောင်ရည်တွေကတော့ ဘောလုံးထိချက် ၄၉ ကြိမ် ၊ ပြိုင်ဘက် ဂိုးဧရိယာအတွင်း ဘောလုံးထိချက် ၁၁ ကြိမ် ၊ တစ်ဦးချင်း အသာရမှု ၄ ကြိမ် ၊ ဖြတ်တင်ဘော ၄ ကြိမ် ၊ ဂိုးကန်သွင်းမှု ၃ ကြိမ် ၊ ပြစ်ဒဏ်ဘော ရရှိမှု ၃ ကြိမ် ၊ အခွင့်အရေး ဖန်တီးမှု ၂ ကြိမ် ၊ ဘောလုံးဖျက်ထုတ်မှု ၁ ကြိမ် ၊ ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်တို့ပဲ ဖြစ်ပါတယ် ။

၄ ။ စူပါ ခြေစွမ်းတွေ ဆက်ပြနေဆဲ ပါတေး

အာဆင်နယ် အသင်း ရဲ့ Top 4 ဝင်ခွင့် ကြိုးပမ်းမှုဟာ ပါတေး ဟာ အဓိကကျတဲ့ ကစားသမား တစ်ဦးပါ ။ ပါတေး ရဲ့လက်ရှိ ​ခြေစွမ်းက ထိပ်တန်း အဆင့် ဖြစ်နေပြီး သူသာ ဒဏ်ရာ ကင်းစင်နေရင် အာဆင်နယ် အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က ပိုမို အားကောင်းနေမှာ အသေအချာပါပဲ ။

အက်စတွန်ဗီလာ နဲ့ ပွဲမှာလည်း ပါတေး ဟာ ခြေစွမ်း​ပြ နိုင်ခဲ့ပြီး ဘောလုံးထိချက် ၅၅ကြိမ် ၊ ဘောလုံးပေးပို့မှု တိကျနှုန်း ၈၈% ၊ ပြိုင်ဘက် ဂိုးဧရိယာအတွင်း ဝင်ရောက်နိုင်မှု ၉ ကြိမ် ၊ တစ်ဦးချင်း အသာရမှု ၅ ကြိမ် ၊ ပြိုင်ဘက်ကို ကျော်ဖြတ်ရန် ကြိုးပမ်းမှု ၃ ကြိမ်မှာ ၂ ကြိမ် အောင်မြင် ၊ ဘောလုံးကြားဖြတ်ရယူမှု ၂ ကြိမ် ၊ အခွင့်အရေး ဖန်တီးမှု ၁ ကြိမ် ၊ ဘောလုံးဖျက်ထုတ်မှု ၂ ကြိမ် ၊ ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်တို့ လုပ်နိုင်ခဲ့ပါတယ် ။

၅ ။ PLအဝေးကွင်း ငါးပွဲဆက်တိုက် နိုင်တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဗီလာ အသင်းကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး အဝေးကွင်း ၅ ပွဲဆက်တိုက် နိုင်ပွဲ ရယူ နိုင်တဲ့ အသင်း ဖြစ်လာပါတယ် ။ အာဆင်နယ် အသင်း နောက်ဆုံး ပရီးမီးယားလိဂ် အ​ဝေးကွင်း ၅ ပွဲ ဆက်တိုက် နိုင်ပွဲ ရခဲ့တာဟာ ၂၀၁၅ ခုနှစ်တုန်းက ဖြစ်ပြီး အဆိုပါ ရာသီမှာ အဆင့် ၃ ရခဲ့ပါတယ် ။

 

✅ 1-4 vs Leeds
✅ 0-5 vs Norwich
✅ 0-1 vs Wolves
✅ 2-3 vs Watford
✅ 0-1 vs Aston Villa

SM