ဂန်းနားတိုက်စစ်အတွက် အကြံပေးတဲ့ ဖာဒီနန် ၊ ဆီမီးမှာ ကြည့်ကောင်းနိုင်မယ့် FA Cup ၊ ပြန်စဦးမယ့် ဥရောပ စူပါလိဂ် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

FA Cup ရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ယမန်နေ့က မဲခွဲ ပြုလုပ်ခဲ့ပြီး အသင်းကြီးတွေ အချင်းချင်း ရှောင်လွှဲ နိုင်ခဲ့ကြ ပါတယ် ။ ဒါကြောင့် သူတို့ဟာ ဆီမီးဖိုင်နယ် မှာ ပြန်ဆုံဖို့ ရှိနေပြီး အဆိုပါ အဆင့်ကစလို့ အကျိတ်အနယ်ပွဲတွေကို ကြည့်ရတော့မှာ ဖြစ်ပါတယ် ။

ကွာတားဖိုင်နယ် မဲခွဲမှု မှာတော့ –

ခရစ္စတယ် ပဲလေ့စ် – အဲဗာတန်

နော်တင်ဟမ် ဖောရက်စ် ( သို့ ) ဟတ်ဒါဖီးလ် – လီဗာပူး

မစ်ဒယ်ဘရော့ – ချဲလ်ဆီး

ဆောက်သမ်တန် – မန်စီးတီး တို့ တွေ့ဆုံ ခဲ့ကြပါတယ် ။ အဆိုပါ ပွဲတွေကို မတ်လ ၁၉-၂၀ ရက်နေ့ တွေမှာ ကစားသွားကြမှာပါ ။

ရိုးမား အသင်းမှာ ကစားနေတဲ့ ဒေါ့မွန် ၊ မန်ယူနိုက်တက် နဲ့ အာဆင်နယ် ကွင်းလယ်ကစားသမားဟောင်း ဟင်းနရစ် မစ်ခီတာရန် ဟာ အာမေးနီးယား လက်ရွေးစင် ကစားသမား ဘ၀ ကနေ အနားယူ လိုက်ကြောင်း ယမန်နေ့ က ဆိုရှယ် မီဒီယာ ပေါ်ကနေ ပြောဆို အသိပေး သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ စကော့ မတ် တော်မီနေး ဟာ မနေ့က ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ ပြန်လည် ပါဝင် လာနိုင်ခဲ့တာကြောင့် မန်ချက်စတာ စီးတီး နဲ့ပွဲ မှာ ပြန်လည် ပါဝင်လာနိုင်ချေ ရှိလာခဲ့ ပါတယ် ။

PSG ခံစစ်မှူး ဆာဂျီယို ရာမိုစ့် ဟာ အသင်းဟောင်း ရီးရဲမက်ဒရစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ ကို လွဲချော်ဖို့ ရှိနေပြီး PSG ဒါရိုက်တာ လီယိုနာဒို က ရာမိုစ့် ဟာ သူတို့ရဲ့ မှားယွင်းခေါ်ယူမှု တခု လို့ ထုတ်ဖော် ဝန်ခံ သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး လီယိုနာဒို က သူတို့ဟာ လက်ရှိ နည်းပြ ပိုချက်တီနို ကို ဇီဒန်း နဲ အစားထိုးဖို့ အစီအစဉ် မရှိ သလို ပိုချက်တီနို ကို ရီးရဲမက်ဒရစ် က ကမ်းလှမ်း ထားတယ် ဆိုတာလည်း မဟုတ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် က အာဆင်နယ် အနေနဲ့ မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဟေဆူး ကို ခေါ်ယူဖို့ သင့်တယ်လို့ အကြံပြု တိုက်တွန်း သွားခဲ့ ပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူး တီမို ဗာနာ ဟာ သူ့ရဲ့ အနာဂါတ် ကို စဉ်းစား နေပြီး အသင်းနည်းပြ သောမတ်စ် တူချယ် နဲ့ တွေ့ဆုံ စကားပြောဆို ထားတယ်လို့ သိရ ပါတယ် ။

တီမိုဗာနာ ကို ဒေါ့မွန် အသင်းက စိတ်ဝင်စား နေပြီး ဒါဟာ အာလင်း ဟာလန်း ကို နွေရာသီမှာ လက်လွှတ် ရနိုင်တာကြောင့် ကြိုတင် ပြင်ဆင်တာ ဖြစ်တယ်လို့ သုံးသပ် ထားကြပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ မြူးနစ် ကို သွားရောက် ခဲ့ပြီး ဒေါ့မွန် တိုက်စစ်မှူးလေး ဟာလန်း နဲ့ တွေ့ဆုံကာ လာရောက် ကစားဖို့ ပြောဆို ဆွေးနွေး ခဲ့တယ်လို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းဟာ ဂျာမန် ကလပ် လိုက်ပ်ဇစ် ရဲ့ လူငယ် ကစားသမားလေး ဂျော့ကို ဗာဒီယို ကို စောင့်ကြည့် နေပြီး ခေါ်ယူ ပျိုးထောင်ဖို့ စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။

လွန်ခဲ့တဲ့ တနှစ် ခန့်က စတင် အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ပြီးမှ ပျက်ပြယ် သွားခဲ့တဲ့ ဥရောပ စူပါလိဂ် ကို ပုံစံသစ် နဲ့ လာမယ့် အပတ် ထဲမှာ ပြန်လည် စတင်ကြောင်း ကြေညာဖို့ ရှိနေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

ယူဗင်တပ် ၊ ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့ဟာ ဥရောပ စူပါလိဂ် အစီအစဉ် ကို လက်မလွှတ် သေးဘဲ ရအောင် အကောင်အထည်ဖော်ဖို့ စိတ်ပိုင်း ဖြတ်ထားကြတယ်လို့ သိရပါတယ် ။

UEFA ဥက္ကဌ ဆီဖာရင် ကတော့ အဆိုပါ ၃ သင်းကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပြီး သူတို့ဟာ ရုရှ အကြီးအကဲ ပူတင် ထက်တောင် အလိမ်အညာ စကားတွေ ပြောခဲ့ကြတယ်လို့ ရှံ့ချ သွားခဲ့ ပါတယ် ။

ယူကရိန်း ကျူးကျော်မှု နဲ့ ပတ်သက်ပြီး အနယ်နယ် အရပ်ရပ် က ရုရှ အားကစားသမားတွေ ဟာ ပြိုင်ပွဲတွေ ကနေ ပိတ်ပင်ခံ နေကြရ ပါတယ် ။

အခု နောက်ဆုံး ပိတ်ခံ ခဲ့ရသူ ကတော့ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား နီကီတာ မာဇီပင် ဖြစ်ပြီး ပြိုင်ပွဲတွေ မှာ ရုရှ အမှတ်အသားတွေ မပါဝင်ဘဲ တနှစ် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခံ ခဲ့ရတယ်လို့ သိရ ပါတယ် ။

မာဇီပင် လက်ရှိ မောင်းနှင် နေတဲ့ အသင်းကလည်း ရုရှ ပြိုင်ကားမောင်းသမား ကို ပြိုင်ပွဲဝင် အဖြစ် ကနေ လျှော့ချ ခဲ့ပြီး အခြားတယောက် ကို အစားထိုး ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ယူကရိန်း ကျူးကျော်မှုမှာ ပါဝင်ခဲ့တဲ့ ဘီလာရပ်စ် နိုင်ငံ ကိုလည်း UEFA က ဆန်ရှင် ချမှတ် ခဲ့ပြီး ဘီလာရပ်စ် လက်ရွေးစင် အသင်းအပါအဝင် နိုင်ငံ အခြေစိုက် ကလပ်တွေ ရဲ့ ဥရောပ အိမ်ကွင်း ပွဲစဉ်အားလုံးကို ကြားကွင်း တွေမှာသာ ကစားဖို့ အမိန့် ချမှတ် ခဲ့ ပါတယ် ။

ယူကရိန်း လက်ရွေးစင် အသင်းကတော့ မတ်လ ၂၄ ရက်နေ့မှာ ကစားဖို့ ရှိနေတဲ့ စကော့တလန် နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ကို ရွှေ့ဆိုင်း ပေးဖို့ ဖီဖာ ထံ တောင်းဆို ထားတယ်လို့ သိရပါတယ် ။

ရုရှ လက်ရွေးစင် အသင်းကတော့ ကမ္ဘာ့ဖလား နဲ့ ယူရို ပြိုင်ပွဲတွေ ကနေ ပါဝင်ခွင့် ပိတ်မှု အပေါ် အယူခံ ဝင်သွားမယ်လို့ သိရှိရ ပါတယ် ။

ဗြိတိန် အလုပ်သမား ဝန်ကြီး ကတော့ ယူကရိန်း ကို ရုရှ က ဗုံးတွေကြဲပြီး ကျူးကျော် နေချိန်မှာ ရုရှ ဘီလီယံနာ ရိုမန် အေဘရာမိုဗစ် နဲ့ ပျော်ရွှင်နေတဲ့ပုံ ( ဖလားရစဉ်က ) ကို တင်ခဲ့တဲ့ ချဲလ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီ ကို ဝေဖန်ပြောဆို သွားခဲ့ ပါတယ် ။

တယ်ရီ ဟာ ချဲလ်ဆီး ကို ရောင်းချ တော့မယ့် အေဘရာမိုဗစ်ချ် နဲ့ ပတ်သက်ပြီး အမှတ်တရဟောင်းတွေကို ပြန်ပြောင်းပုံဖော်ကာ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ် ။

ဗြိတိန် ရဲ့ အချမ်းသားဆုံး တယောက် ဖြစ်တဲ့ ဆာ ဂျင် ရတ်ကလစ် ကတော့ ချဲလ်ဆီး ကို ဝယ်ယူဖို့ အစီအစဉ် မရှိဘူးလို့ သိရ ပါတယ် ။

အသင်းကို ရောင်းထုတ် တော့မှာ ဖြစ်တာကြောင့် အေဘရာမိုဗစ် ဟာ လုပ်ပိုင်ခွင့် အ၀၀ ကို ချဲလ်ဆီး ပရဟိတ က ယုံကြည်ရသူများ ထံ လွှဲပြောင်းမယ့် အစီအစဉ် ကို ပယ်ဖျက်လိုက်ပြီလို့လည်း သတင်း ကြားသိရ ပါတယ် ။

ဆော်ဒီ ဘီလီယံနာတွေ နဲ့ အတူ နယူးကာဆယ် ကို ဝယ်ယူရာမှာ ပါဝင်ခဲ့ပြီး အသင်းရဲ့ အကြီးအကဲ အဖြစ် လုပ်ကိုင် နေတဲ့ အမန်ဒါ စတိဗ်လေ ကတော့ ရိုမန် အေဘရာမိုဗစ်ချ် ချဲလ်ဆီး ကို ထုတ်ရောင်းဖို့ ဖိအားပေး ခံရမှုဟာ မမျှတ တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ် ။

 

SPORTS MYANMAR