ခြင်္သေ့ပြာတို့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ပွဲဆက် နိုင်ခဲ့တဲ့ မစ်ဒယ်ဘရော့ ၀ – ၂ ချဲလ်ဆီးပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ်ပွဲမှာ ပြီးခဲ့တဲ့ ရာသီရဲ့ finalist ချဲလ်ဆီး အသင်း ဟာ မန်ယူနိုက်တက် ၊ တော့တင်ဟမ်တို့ကို အရှေ့အဆင့်တွေမှာ ဖြုတ်ချလာခဲ့တဲ့ ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့ အသင်းကို အဝေးကွင်းမှာ ၀ – ၂ ရလဒ်နဲ့ သာသာယာယာ အနိုင်ရပြီး ၊ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

အိမ်ရှင်ဖက်က ဂိုးပေါက် တကြိမ်မှ မတည့်ခဲ့တာကြောင့် ၊ မန်ဒီ အတွက် ထူးထူးခြားခြား ကာကွယ်စရာ မလိုခဲ့ပဲ ၊ နောက်ထပ် Clean Sheet တခု ထပ်ရခဲ့ပြန်ပါတယ် ။

နောက်တန်း – အက်ဇ်ပီလီကွီတာ ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 8 ) ၊ မာလန်းဆား ( Rating – 6 )

၄ယောက်တန်း ခံစစ်ကို ပြောင်းလဲလိုက်ပေမယ့် ၊ နောက်တန်း က ပုံမှန်အတိုင်း ကျစ်လျစ်ဆဲ ဖြစ်ပြီး ၊ ဘိုရိုရဲ့ ဖိအားပေးမှု အချို့ကိုလည်း ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ခဲ့ပါတယ် ။ အထူးသဖြင့် ဆေးလ်ဗားနဲ့ ရူဒီဂါတို့ကို ဘိုရိုဖက်မှ တိုက်စစ် ကစားသမားတွေ အနားပင် သေသေချာချာ မကပ်နိုင်ခဲ့ပါဘူး ။

ဘောလုံး လမ်းကြောင်း ပိတ်ဆို့မှု ၊ ဘောလုံး ဖြတ်လုမှု ၊ ပြိုင်ဖက်ရဲ့ ကန်ချက် တားဆီးမှုတွေမှာ ထိုခံစစ် အတွဲက အထူး ကျစ်လျစ်မှု ရှိခဲ့ပြီး ၊ တိုက်စစ်ကို ဘောလုံးတည်တဲ့ နေရာမှာလည်း အတော်အသင့် ကောင်းမွန်ခဲ့ပါတယ် ။

wing-back ကနေ အစွန်နောက်ခံလူ အဖြစ် ပြန်ပြောင်း ကစားခဲ့ရတဲ့ စပိန် ဝါရင့် နောက်ခံလူ အက်ဇ်ပီလီကွီတာဟာလည်း ကြားရက်က ချန်ပီယံလိဂ်ပွဲ နည်းတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ၊ ညာတောင်ပံ တိုက်စစ်ကို ပိုမို အားပြုတဲ့ ဇီယက်ခ်ျ ၊ မေဆင်မောင့်တို့နဲ့ အတော်လေး အချိတ်အဆက် မိခဲ့သလို ၊ overlap လည်း လိုသလို တက်ကစားပေးနိုင်ခဲ့ပါတယ် ။

ဘယ်ခြမ်းမှာတော့ မာလန်းဆား ဟာ အတွေ့အကြုံပိုင်းမှာ အခြား နောက်ခံလူ ၃ဦးလောက် မရင့်ကျက်တာကြောင့် ၊ အချို့သော အခြေအနေတွေမှာ ဆုံးဖြတ်ချက် တွေဝေနေခဲ့တာတွေ ရှိခဲ့ပါတယ် ။ ခံစစ် ခုခံပုံတွေမှာ လိုအပ်ချက်တွေ ရှိခဲ့ပြီး ၊ ဘိုရိုရဲ့ ညာခြမ်းတိုက်စစ်မှ မျှောပေးမှု အချို့ကို အသားလွတ် ခွင့်ပြုခဲ့မိပါတယ် ။

ကွင်းလယ် – ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ မတ်တီယို ကိုဗာဆစ် ( Rating – 7 ) ၊ မေဆင်မောင့် ( Rating – 9 )

ကန်တေနဲ့ ဂျော်ဂျင်ဟို အတွဲ ပွဲမထွက်ရစဉ်မှာ ကိုဗာဆစ် – လော့ဖ်တပ်စ်ချိခ် အတွဲဟာ ဘိုရို ကွင်းလယ်ကို ယှဉ်ကစားဖို့ လုံလောက်မှု ရှိခဲ့ပါတယ် ။ ဂျော်ဂျင်ဟို မပါတာကြောင့် ၊ ကိုဗာဆစ် ဟာ ပုံမှန်လောက် တိုက်စစ်ကို တက်မကစားခွင့် မရခဲ့ပေမယ့် ၊ တချက်တချက် ၄င်းရဲ့ တကိုယ်တော် အတိုးအလှုပ် ဆွဲပြေးကစားပုံ က ထိရောက်မှု အတော်ရှိခဲ့ပါတယ် ။

လော့ဖ်တပ်စ်ချိခ် ကတော့ ဂျော်ဂျင်ဟိုရဲ့ အခန်းကဏ္ဍကို တာဝန်ယူခဲ့ရပြီး ၊ အချို့ အခိုက်အတန့်တွေမှာ ဘောထိန်းပုံ နမော်နမဲ့ ဖြစ်ခဲ့တာတွေ ရှိခဲ့ပေမယ့် ၊ ၄င်းရဲ့ တဦးချင်း တိုးအား ရုန်းအားကြောင့် ဘိုရိုဖက်က ကစားသမား ၂ဦး အဝါထိခဲ့ပါတယ် ။

ဖန်တီးရှင် နေရာရော ၊ ညာတောင်ပံ တိုက်စစ် နေရာမှာပါ ကစားခဲ့တဲ့ မေဆင်မောင့် ကတော့ ဒီပွဲရဲ့ Man of the Match ဖြစ်ခဲ့ပြီး ၊ အနိုင်ဂိုး ၂ဂိုးလုံးကို ဖန်တီးခဲ့ရုံသာမက ၊ ဘိုရို ပင်နယ်တီ ဧရိယာ အတွင်း ထိရောက်တဲ့ ဘောလုံး ပေးပို့မှု အများအပြား လုပ်နိုင်ခဲ့ပါတယ် ။

တိုက်စစ် – ဟာကင် ဇီယက်ခ်ျ ၊ ရိုမီလူ လူကာကူ ( Rating – 8 ) ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 6 )

Birthday boy ဟာကင် ဇီယက်ခ်ျ ကတော့ မွေးနေ့ အမှတ်တရ ဖြစ်စေမယ့် သွင်းဂိုးကို ပင်နယ်တီ ဧရိယာ ပြင်ပ ခပ်လှမ်းလှမ်းကနေ လှလှပပ သွင်းယူနိုင်ခဲ့ပြီး ၊ ခြင်္သေ့ပြာတို့ကို ပွဲထိန်းချုပ်ရာမှာ ပိုမို သက်တောင့်သက်သာ ဖြစ်စေခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းဆီကနေ key pass နည်းနည်းပါးပါး မြင်တွေ့ခဲ့ရပါတယ် ။

ကြားရက် ချန်ပီယံလိဂ်ပွဲမှာ ပြောင်မြောက်တဲ့ဂိုး သွင်းနိုင်ခဲ့ပေမယ့် ၊ မနေ့ည က ပွဲမှာ ပူလီဆစ်ရဲ့ ကစားပုံ က အတော်လေး လျော့တိလျော့ရဲဆန်ခဲ့ပါတယ် ။ ဘိုရိုရဲ့ ဘယ်နောက်ခံလူ ကို တဦးချင်း ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့သလို ၊ တိုက်စစ် အတွက် တစုံတရာ ဖန်တီးမှု လုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

နောက်ပိုင်းပွဲတွေရဲ့ ပွဲထွက်ခွင့် အစဉ်မှာ ကိုင်ဟာဗက်ဇ် အနောက်သာ ရောက်ခဲ့ရတဲ့ လူကာကူ ဟာ မနေ့ည က ပွဲမှာ အတော်လေး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။ အရေးပါတဲ့ အဖွင့်ဂိုးကို မေဆင်မောင့်ရဲ့ ဖန်တီးမှုမှတဆင့် ပိတ်သွင်းနိုင်ခဲ့သလို ၊ ပထမပိုင်းက အပိုင် ကန်ချက် တကြိမ်ဟာလည်း အံ့အားသင့်ဖွယ် ဂိုးစည်းပေါ်မှ ရှင်းထုတ်ခံခဲ့ရပါတယ် ။

လူစားဝင် ကစားသမား – တီမို ဗာနာ ၊ အန်ဂိုလို ကန်တေ ( Rating – 6 ) ၊ ကနေဒီ ၊ ဟာဗီဗေးလ် ( N/A )

SPORTS MYANMAR