ချဲလ်ဆီး အသင်းပိုင်ရှင် အသစ် ဖြစ်လာမယ့်သူတွေ အတွက် မဖြစ်မနေ လိုက်နာရမယ့် အချက် ၂ချက်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ အာဆင်ဝင်းဂါး

ရုရှား သူဋ္ဌေး ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ သူ အနှစ် ၂၀ နီးပါး ပိုင်ဆိုင်လာတဲ့ ချဲလ်ဆီး အသင်းကို ရောင်းချဖို့ တရားဝင် statement တရပ် ထုတ်ပြန်ခဲ့ပြီးနောက် ၊ အခုအခါမှာ ယင်း လန်ဒန်အခြေစိုက် ကလပ်ကို ဝယ်ယူဖို့ တန်းစီနေကြတဲ့ ဘီလျံနာတွေ အမြောက်အမြား ရှိလို့ နေပါတယ် ။

၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီး အသင်းကို ပေါင်သန်း ၁၅၀ နဲ့ ဝယ်ယူခဲ့တဲ့ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ အခုအခါမှာ သူ ချစ်မြတ်နိုးတဲ့ ကလပ်ကို ပေါင် ၃ဘီလီယံနဲ့ ရောင်းချမှာ ဖြစ်ပြီး ၊ ဒီအထဲက အမြတ်ငွေ အားလုံးကို ရန်ပုံငွေ ဖောင်ဒေးရှင်း တခုကတဆင့် ရုရှား – ယူကရိန်း စစ်ပွဲကြောင့် ဒုက္ခခံစားနေရတဲ့ ယူကရိန်း ပြည်သူတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ် ။

အေဘရာမိုဗစ်ခ်ျ လက်ထက်မှာ ချဲလ်ဆီး အသင်း ဟာ ငွေကြေး ဓန အင်အားနဲ့ နေ့ချင်းညချင်း ကျိကျိတက် အောင်မြင်တဲ့ ကလပ် ဖြစ်လာပေမယ့် ၊ ၄င်းဟာ အောင်မြင်မှုကို ငွေကြေးနဲ့ ဝယ်ယူတယ်လို့လည်း ပရီးမီးယားလိဂ် တလွှား ယူဆနေကြသူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ၄င်းရဲ့ ဆယ်စုနှစ် ၂စုတာ ရိုမန် အင်ပါယာခေတ်ကြီးမှာ ချဲလ်ဆီး အသင်း ဟာ ရယူခွင့်ရှိတဲ့ ဆုဖလား အားလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ချဲလ်ဆီးကို ရောင်းချဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပေမယ့် ၊ ဒီ အောင်မြင်မှု အားလုံး ဟာ အေဘရာမိုဗစ်ခ်ျရဲ့ နှလုံးသားထဲမှာ တဘဝလုံး ရှိနေမှာ သေချာပါတယ် ။

တဖက်မှာ အနှေးနဲ့ အမြန် အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်လာတော့မယ့် ချဲလ်ဆီး အသင်း မှာ အနာဂတ် မရေရာတဲ့ ကစားသမားတွေ အပြင် ၊ အကြီးပိုင်းတွေထဲမှာလည်း ရာထူး မသေချာတဲ့ ပုဂ္ဂိုလ် အချို့လည်း ရှိနေပါတယ် ။ ဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပိုင်ရှင် အသစ် ဖြစ်လာမယ့်သူတွေ ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

အာဆင်နယ် ဂန္တဝင် နည်းပြဟောင်း အာဆင်ဝင်းဂါး ကတော့ ချဲလ်ဆီး အသင်း ပိုင်ရှင် အသစ် ဖြစ်လာမယ့်သူတွေ အနေနဲ့ ပထမဆုံး လိုက်နာရမယ့် အချက်က ဘဏ္ဍာရေး စည်းမျဉ်း လိုက်နာဖို့ ဖြစ်ပြီး ၊ ဒုတိယ တချက် အနေနဲ့ အလေအလွင့် မဖြစ်အောင် ကစားသမားသစ်တွေကို ဂရုတစိုက် ခေါ်ယူဖို့ အကြံပြုခဲ့ပါတယ် ။

beIN Sports ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ အာဆင်ဝင်းဂါး က ” ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ဂလေဇာ မိသားစု မရောက်လာခင် ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှု လာလုပ်သူ ဖြစ်ပါတယ် ။ ဒါဟာ ဘီလျံနာ ဖြစ်တဲ့ သူ့အဖို့ အရမ်းကောင်းတဲ့ ရွှေရောင်ခေတ် ကာလ ဖြစ်ခဲ့ပါတယ် ။ ”

” အဲဒီတုန်းက ဘဏ္ဍာရေး စည်းမျဉ်းဆိုတာ မရှိခဲ့သလို ၊ ငွေကြေးတွေကို ကြိုက်သလို သုံးစွဲပိုင်ခွင့် ရှိခဲ့ပါတယ် ။ ဒီနေ့ ဒီလို အချိန်မှာတော့ ဘဏ္ဍာရေး စည်းမျဉ်း အတည်တကျ ပြဋ္ဌာန်းထားတာကြောင့် ၊ တခြား တစုံတဦးကို မန်စီးတီး ၊ လီဗာပူး ၊ ချဲလ်ဆီးတို့ကို စီးပွားရေး အရ တည့်လာပြိုင်ဖို့ မတိုက်တွန်းလိုပါဘူး ။ ”

” သူတို့တွေဟာ တခြား အသင်းတွေထက် အလင်းနှစ်များစွာ အရှေ့ ရောက်နေကြပါပြီ ။ ပုံမှန်အတိုင်း အသင်းကောင်း တသင်း ဖြစ်အောင် အရင် တည်ထောင်ပါ ။ ဘာလို့လဲ ဆိုတော့ အခုအခါမှာ ခင်ဗျား အနေနဲ့ ငွေတွေကို ကြိုက်သလို ရင်းနှီးမြှုပ်နှံလို့ မရတော့လို့ပါ ။ ”

” ဒီနေ့ခေတ်မှာတော့ ဒီလို လုပ်ထုံးမျိုးနဲ့ ချဉ်းကပ်လို့ မရတော့ပါဘူး ။ ဒါပေမယ့် ရိုမန် ဟာ ရွှေရောင်ခေတ်ကာလမှာ အချိန်မှီ ရောက်လာခဲ့ပြီး ၊ ကိုယ်ပစ်မှတ်ထားတဲ့ အရာတွေကို ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ လုပ်စရာ ရှိတာ လုပ်သွားခဲ့တာ ဖြစ်လို့ ကျွန်တော် သူ့အပေါ် လေးစားမှု ထားပါတယ် ။ ”

” ရိုမန်လို ကိုယ်တိုင် အိတ်စိုက်ပြီး ကိုယ်လိုချင်တာ ဝယ်မယ့် ပိုင်ရှင်မျိုးက ရှားသွားပါပြီ ။ နောက်ပြီး ဒီခေတ်မှာ ငွေကြေး အဝင်အထွက် ကန့်သတ်လိုက်တာကြောင့် ချဲလ်ဆီး ဟာ နောက်ဆုံး ၃နှစ်မှာ ပေါင်သန်း ၂၀၀ ကျော်ပဲ သုံးစွဲခဲ့ပါတယ် ။ ဟိုးအရင်တုန်းကဆို ခင်ဗျား ဟာ တဘီလီယံလောက် သုံးလည်း ရပါတယ် ။ ”

” ကျွန်တော် ဟာ ရင်းနှီးမြှုပ်နှံသူတွေကို တချီတည်း တနှစ်တည်းမှာ ပေါင်သန်း ၅၀၀ သုံးမယ့် အစား ၊ တနှစ် ပေါင်သန်း ၁၀၀ သုံးဖို့ အမြဲ အကြံပေးပါတယ် ။ နောက်ပြီး တကယ် လိုအပ်တဲ့ ၊ မှန်ကန်တဲ့ နေရာတွေ အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ဖြစ်ပါတယ် ။ အခုအချိန် အထိ ချဲလ်ဆီး ဟာ ရိုမန် လက်ထက် လည်ပတ်မှုအား အရမ်းကောင်းတဲ့ ကလပ် တသင်း အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR