ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ ကြိုးစားလာတဲ့ ဆော်ဒီ မီဒီယာ အင်အားစု

ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း သူ ပိုင်ဆိုင်တာ အနှစ် ၂၀ နီးပါး ရှိလာတဲ့ ချဲလ်ဆီး အသင်းကို ရောင်းချမှာ ဖြစ်ကြောင်း ကလပ် တရားဝင် ဝက်ဘ်ဆိုက်မှတဆင့် statement တရပ် ထုတ်ကာ ၊ ကြေညာခဲ့ပါတယ် ။

ဒီ statement ထွက်လာတာ တပတ်ပြည့်တော့မယ့် အချိန်မှာ ၊ လက်ရှိ ကြားရတဲ့ သတင်းတွေ အရ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဓနရှင် ပါတီ ၁၀ခုကျော် ရှိနေပြီး ၊ ကမ္ဘာ တဝှမ်းမှ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စောင့်ကြည့်မှုလည်း အများအပြား ရရှိနေကြောင်း သိရပါတယ် ။

ချဲလ်ဆီးကို ဝယ်ယူချင်နေတဲ့ ငွေကြေး ဓနရှင်တွေ အနက် တော့ဒ်ဘိုလီနဲ့ ဟမ်းစ်ယော့ဝစ်ဆ်တို့ ဦးဆောင်တဲ့ အမေရိကန် – ဆွစ် စီးပွားရေး အင်အားစု ၊ တူရကီလူမျိုး စီးပွားရေး ဘီလျံနာ မူဆင် ဘေရက်ခ်တို့က ထိပ်ဆုံးက ပါဝင်နေကာ ၊ ၄င်းတို့ဟာ အေဘရာမိုဗစ်ခ်ျ မျှော်မှန်းထားတဲ့ ပေါင် ၃ဘီလီယံ တန်ကြေးကို ပေးချင်နိုင်ကြမယ့်သူတွေ ဖြစ်ပါတယ် ။

Goal သတင်းဌာနမှ အတည်ပြု ဖော်ပြချက် တရပ် အရ ဆော်ဒီ မီဒီယာ အင်အားစု တစုဟာလည်း ချဲလ်ဆီး အသင်းကို အေဘရာမိုဗစ်ခ်ျထံမှ ပေါင် ၃ဘီလီယံနဲ့ ဝယ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ် ။ ဒီ မီဒီယာ အင်အားစု ဟာ ကမ္ဘာတလွှား ကြော်ငြာ ၊ မီဒီယာနဲ့ အားကစား ကဏ္ဍတွေမှာ ကြီးကြီးမားမား ပါဝင် ပတ်သက်နေတဲ့ အင်အားစုလည်း ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ ယင်း မီဒီယာ အင်အားစုကို ဘယ်သူတွေက နောက်ကနေ တွန်းအားပေးနေလဲ ဆိုတာ မသိရသေးပါဘူး ။ နောက်ပြီး ၄င်းတို့ အဓိက ငွေကြေး ရှာဖွေပေးရတာ က pan-Arab အားကစား တိုက်ရိုက် ထုတ်လွှင့်တဲ့ စျေးကွက် အတွက် ဖြစ်ပါတယ် ။

ဒီ မီဒီယာ ကုမ္ပဏီ ဟာ ဒူဘိုင်း ၊ ယူအေအီးနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေမှာ ရုံးအခြေစိုက် တည်ရှိထားတယ်လို့ သိရပါတယ် ။ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ ၄င်းတို့ အတွက် ဖြစ်နိုင်တဲ့ တခုတည်းသော အတားအဆီး က နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ ပါတီ တခုထံမှ ငွေကြေး လက်ခံ ရရှိထားခြင်း ဖြစ်ပါတယ် ။

အေဘရာမိုဗစ်ခ်ျ ကတော့ လောလောဆယ်မှာ မတ်လ ၁၅ရက်နေ့ မတိုင်ခင် အထိ ကမ်းလှမ်းမှုတွေကို ဆက်တိုက် လက်ခံပေးသွားဖို့ ရှိပေမယ့် ၊ ရှေ့မှာ ရက်ကန့်သတ်မှုကို ဒီထက် ပိုပြီး တိုးချဲ့သွားဖို့ အစီအစဉ်လည်း ရှိကြောင်း သိရပါတယ် ။

ပြီးခဲ့တဲ့ အပတ် က ထုတ်ပြန်ခဲ့တဲ့ statement အရ အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်းကို ရောင်းချလို့ရတဲ့ ငွေကြေးတွေကို ပရဟိတ ဖောင်ဒေးရှင်း တခုမှတဆင့် လက်ရှိ ဖြစ်ပွားနေတဲ့ ရုရှား – ယူကရိန်း စစ်ပွဲမှ ယူကရိန်း ဒုက္ခသည်တွေ အတွက် ကူညီ ထောက်ပံ့မှုတွေ ပေးသွားမယ်လို့ သိရပါတယ် ။

တဖက်မှာ အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်းကို ပိုင်ဆိုင်လာတဲ့ အနှစ် ၂၀နီးပါး ကာလ အတွင်း ၄င်းထိန်းချုပ်ထားတဲ့ ဖော့ဒ်စတမ်း ကုမ္ပဏီ လီမိတက်မှ ကလပ်ထံ စိုက်ထုတ်ပေးခဲ့တဲ့ ငွေကြေး ပေါင် ၁.၅ ဘီလီယံ ရှိခဲ့ပေမယ့် ၊ ဒီငွေကြေး အားလုံးကို ယင်း ရုရှား သူဋ္ဌေးမှ ပြန်တောင်းမှာ မဟုတ်ဘူးလို့ ယင်း statement မှာ ဖော်ပြခဲ့ပါတယ် ။

တချိန်တည်းမှာပဲ အသင်း ပိုင်ရှင် အပြောင်းအလဲ ဖြစ်တော့မယ့် ချဲလ်ဆီး အသင်း အတွင်း ဘုတ်အဖွဲ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာလည်း ရာထူး အပြောင်းအလဲ လှုပ်ခတ်မှု ကောလဟလတွေ ပိုပိုပြီး ကြားလာရပါတယ် ။

ကြားသိထားသလောက် သတင်းတွေ အရ ပိုင်ရှင် အသစ် ရောက်လာတာနဲ့ ချဲလ်ဆီး ဥက္ကဋ္ဌ ဘရုစ်ဘတ်ခ် ၊ ကလပ် ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယားနဲ့ နည်းစနစ် ဒါရိုက်တာ ပီတာချက်တို့ဟာ လက်ရှိ ရာထူးတွေကနေ အသီးသီး စွန့်ခွာဖွယ် ရှိကြောင်း သိရပါတယ် ။

SPORTS MYANMAR