ချဲလ်ဆီး ဟာ လက်ရှိ အင်္ဂလန်ရဲ့ ဂုဏ်ဆောင် ကလပ် ဆိုတာ မမေ့ဖို့ ဗြိတိန် အစိုးရထံ သွယ်ဝိုက် သတိပေးရင်း ၊ ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ တောင်းဆိုလိုက်တဲ့ လန်ဒန် မြို့တော်ဝန်

မနေ့က ညနေပိုင်းလောက်မှာ ဗြိတိန် အစိုးရဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ရုရှား – ယူကရိန်း စစ်ပွဲနဲ့ စပ်လျဉ်းပြီး ၊ ချဲလ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ အပါအဝင် အခြားသော ရုရှား ဓနရှင် ၆ဦးကို စီးပွားရေး အရ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

မတ်လ ၁၅ ရက်နေ့ နောက်ဆုံး လျာထားပြီး ချဲလ်ဆီးကို ရောင်းချဖို့ ကြိုးစားနေတဲ့ အေဘရာမိုဗစ်ခ်ျ အတွက်လည်း ဒီ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် အတော်လေး အကျပ်ရိုက်သွားတဲ့ပုံ ပေါ်သလို ၊ ချဲလ်ဆီး အသင်းရဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဝင်ငွေကဏ္ဍ အပေါ်လည်း ကြီးမားတဲ့ သက်ရောက်မှုတွေ သေချာပေါက် ဖြစ်လာဖို့ ရှိနေပါတယ် ။

အခုလို sanctions တွေ ချမှတ်လိုက်တဲ့ အတွက် ချဲလ်ဆီး အသင်း အပေါ် အနီးစပ်ဆုံး ရိုတ်ခတ်လာတာ က လက်မှတ် အသစ် ရောင်းချမှု ပိတ်ပင်ခံရခြင်း ဖြစ်ပြီး ၊ ဒီကနေ ဝင်ငွေ လည်ပတ်ခွင့် မရှိတော့တဲ့အပြင် ၊ ကွင်းတွင်း ပရိသတ် ဝင်ရောက်မှု သိသိသာသာ လျော့ကျလာဖို့ ရှိနေပါတယ် ။

နောက်ဆက်တွဲ အခြား အကျိုးဆက်တွေမှာတော့ ကစားသမားသစ် ခေါ်ယူခွင့် မရှိတော့သလို ၊ စာချုပ်သစ် ချုပ်ဆိုခွင့် အပိတ်ခံရပြီး ၊ ဝင်ငွေရနိုင်တဲ့ အခန်းကဏ္ဍတွေက ငွေကြေး အားလုံး အသုံးပြုခွင့် မရှိတော့တာတို့ ပါဝင်နေပါတယ် ။ နောက်ထပ် တိုးချဲ့ အရေးယူမှုတွေ ဆက်လုပ်မလား ၊ ပြစ်ဒဏ် လျှော့ပေါ့ပေးမလား ဆိုတာကတော့ ဗြိတိန် အစိုးရ အပေါ်မှာပဲ မူတည်နေပါတယ် ။

ဒီလို ပိတ်ဆို့ အရေးယူမှုတွေကြောင့် တကယ်တမ်း ကြားထဲမှာ မြေစာပင်လို ဖြစ်မယ့်သူတွေက ကလပ် ဝန်ထမ်းတွေနဲ့ ပရိသတ်တွေပဲ ဖြစ်ပါတယ် ။ မနေ့ည က ကစားခဲ့တဲ့ နောဝှစ်ခ်ျနဲ့ ပွဲအထိတော့ ချဲလ်ဆီးတို့ အဆင်ပြေပြေ ဖြောင့်ဖြောင့်ဖြူးဖြူး ဖြတ်သန်းနိုင်ခဲ့ပေမယ့် ၊ အနာဂတ်မှာ ၄င်းတို့ရဲ့ အလားအလာ ဘယ်လိုရှိမယ် ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး ။

လန်ဒန် မြို့တော်ဝန် ဖြစ်တဲ့ ဆာဒစ်ခမ်း ကတော့ ချဲလ်ဆီး အသင်း ဟာ လက်ရှိ ဥရောပနဲ့ ကမ္ဘာ့ ချန်ပီယံ ဖြစ်သလို ၊ ယခင်ကသာမက ၊ အနာဂတ်မှာလည်း ကြီးကျယ်တဲ့ ကလပ် တသင်း ဖြစ်လာမှာ သေချာကြောင်း သုံးသပ်ရင်း ၊ အပြစ်မရှိတဲ့ ပရိသတ်တွေကို စာနာထောက်ထားတဲ့ အနေနဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ စဉ်းစားသင့်ကြောင်း ဗြိတိန် အစိုးရထံ သွယ်ဝိုက် တိုက်တွန်းလိုက်ပါတယ် ။

PA News Agency နဲ့ တွေ့ဆုံခဲ့ရာမှာ ဆာဒစ်ခမ်း က ” ချဲလ်ဆီး ဟာ ကြီးကျယ်တဲ့ ပရီးမီးယားလိဂ် ကလပ် တသင်း ဖြစ်ပါတယ် ။ သူတို့ဟာ လက်ရှိ ဥရောပ ချန်ပီယံ ၊ ကမ္ဘာ့ကလပ် ချန်ပီယံ ဖြစ်ပါတယ် ။ လက်ရှိ အသင်းပိုင်ရှင် မတိုင်ခင်ကတည်းက သူတို့ဟာ ကြီးကျယ်တဲ့ ကလပ် ဖြစ်ခဲ့သလို ၊ နောင်မှာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်သွားရင်လည်း ကြီးကျယ်တဲ့ ကလပ် အဖြစ် ဆက်လက် ရပ်တည်နေဦးမှာပါ ။ ”

” ချဲလ်ဆီး အသင်းရဲ့ အခြေအနေနဲ့ ယူကရိန်းမှာ ဖြစ်နေတဲ့ အရာတွေကို ကွဲကွဲပြားပြား သိဖို့ အရေးကြီးပါတယ် ။ ပူတင်နဲ့ ဆက်စပ်နေတဲ့ ရုရှား ဓနရှင်တွေဟာ လန်ဒန်မှာ ရှိတဲ့ နေအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းကို အသုံးချပြီး ၊ ငွေကြေး ရှာဖွေနေကြတာ အချိန် အတော်ကြာခဲ့ပါပြီ ။ ”

” ပူတင်နဲ့ နီးစပ်တဲ့ ရုရှားသူကြွယ်တွေကို ဗြိတိန် အစိုးရဖက်က ပိတ်ဆို့ အရေးယူခြင်း ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ တဖက်မှာ ဒီ ရုရှား ဓနရှင်တွေကို သူတို့ ပိုင်ဆိုင်ထားတဲ့ ဗြိတိန်မြေက နေအိမ်တွေနဲ့ လုပ်ငန်းတွေကို တက်သုတ်ရိုက် ရောင်းချရာကနေ ငွေရှာပြီး ပူတင်ဆီ ထောက်ပံ့လို့ မရအောင် လုပ်ဖို့ကလည်း အရေးကြီးပါတယ် ။ ”

” ဒီလို ပိတ်ဆို့ အရေးယူမယ့်အစား ၊ တချို့သော နေအိမ်တွေကို ယူကရိန်း စစ်ဘေး ဒုက္ခသည်တွေ နေထိုင်ဖို့ လှူဒါန်းစေချင်ပါတယ် ။ နောက်ပြီး တချို့သော စည်းစိမ်ဥစ္စာတွေကို ရောင်းချလို့ရတဲ့ ငွေကြေးတွေကိုလည်း ယူကရိန်းကို စွန့်ခွာပြေးနေရတဲ့ ပြည်သူတွေဆီ ထောက်ပံ့စေချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR