ချဲလ်ဆီး တိုက်စစ် ကြယ်ပွင့် ၃ဦးဟာ စပါယ်ရှယ် အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ မေဆင်မောင့်ကို ယှဉ်မနိုင်ဘူးလို့ သုံးသပ်လိုက်တဲ့ ဂတ်စ်ပိုယက်

ယခင် ကလပ် ဂန္တဝင်ဟောင်း ဖရန့် လမ်းပတ်ရဲ့ လက်ထက်မှာ မြေတောင်မြှောက်ခြင်း ခံခဲ့ရတဲ့ ချဲလ်ဆီး အကယ်ဒမီထွက် ကွင်းလယ်လူ မေဆင်မောင့် ဟာ အခုအခါမှာ ပရီးမီးယားလိဂ် ပွဲပေါင်း ၉၅ ပွဲအထိ ပါဝင် ကစားပေးထားပြီး ၊ သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ် အထိ ပြုလုပ်ထားပြီး ဖြစ်ပါတယ် ။

မောင့် ဟာ ဒီရာသီမှာလည်း အသင်းရဲ့ ဒေါက်တိုင် ကစားသမား တဦး အဖြစ် ဆက်ရှိနေကာ ၊ ညာခြမ်း တိုက်စစ်ကို အဓိက တာဝန်ယူရတာ များပါတယ် ။ ဒီရာသီ အတွင်း ၄င်းရဲ့ ခြေစွမ်း အတောက်ပဆုံး အချိန်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ကာလ ဖြစ်တယ်လို့ ဆိုရမှာပါ ။

လက်ရှိ ချဲလ်ဆီး အသင်းမှာ တိုက်စစ် ကစားသမား အများအပြား ရှိနေပေမယ့် ၊ မေဆင်မောင့် ဟာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ရဲ့ အားအထားရဆုံး ကစားသမား တဦး အဖြစ် ဆက်ရှိနေဆဲ ဖြစ်သလို ၊ အသင်းရဲ့ ပွဲအများစုကို ဆက်လက် ကစားခွင့် ရထားဆဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂတ်စ်ပိုယက် ကတော့ စပါရှယ် အရည်အသွေးမျိုးတွေ ပိုင်ဆိုင်ထားတဲ့ မေဆင်မောင့်ကို အခြား ချဲလ်ဆီး တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ တီမို ဗာနာနဲ့ ခရစ်တီယန် ပူလီဆစ်တို့ ယှဉ်မရ ဖြစ်နေကြောင်း သုံးသပ်လိုက်ပါတယ် ။

Ladbrokes နဲ့ တွေ့ဆုံခဲ့ရာမှာ ပိုယက် က ” လက်ရှိ ဖြစ်ပျက်ထားသမျှ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေကို ကြည့်လိုက်တဲ့အခါ ၊ ချဲလ်ဆီး အသင်း ဟာ အမှတ်ပေးဇယားကို ထိပ်က ၂သင်း ပြီးရင်း ၊ အကောင်းဆုံး ပရီးမီးယားလိဂ် ကလပ် ဖြစ်တယ် ဆိုတာ ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး ။ ”

” သူတို့ဟာ လာမယ့် နှစ်အနည်းငယ် အတွင်း ဒီထက် ပိုပိုပြီး တိုးတက် ကောင်းမွန်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ သူတို့ဟာ မတူညီတဲ့ အရည်အသွေးမျိုးတွေနဲ့ ကစားသမားကောင်း အများအပြားကို ပိုင်ဆိုင်ထားပါတယ် ။ ”

” ဒါပေမယ့် အရိုးသားဆုံး ဝန်ခံရရင် မေဆင်မောင့်သာ ပွဲတပွဲ အတွင်း ခြေစွမ်း အထွတ်အထိပ် တရပ်မှာ ရှိမနေရင် ၊ ချဲလ်ဆီး အသင်း အတွင်း ဖန်တီးမှုအား နည်းနေတတ်တယ်လို့ ကျွန်တော် မြင်ပါတယ် ။ မောင့်သာ သူ့ရဲ့ ပုံမှန် ခြေစွမ်း မရနေရင် ချဲလ်ဆီး ဟာ သာမန်ထက် အနည်းငယ် ပိုခန့်မှန်းရ လွယ်ကူနေတတ်ပါတယ် ။ ”

” ခရစ်တီယန် ပူလီဆစ် ၊ တီမို ဗာနာ ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း အကြောင်းတွေကို ခင်ဗျားတို့ သိကြလား ? ကျွန်တော် ကတော့ သူတို့ ပွဲအတွင်း ဘာလုပ်မယ် ဆိုတာ ပြိုင်ဖက် ကစားသမားတွေက ကောင်းကောင်း သဘောပေါက်ကြပါတယ် ။ ဒီတော့ ဒီ နာမည်တွေ ချဲလ်ဆီး အသင်းရဲ့ ပွဲထွက်စာရင်းမှာ ပါလာရင် ၊ ပြိုင်ဖက်တွေဟာ သူတို့ကို ဘယ်လို တားဆီးရမယ် ဆိုတာ ပြင်ဆင်ပြီးသား ၊ အလွတ်ရပြီးသား ဖြစ်နေကြပါတယ် ။ ”

” ဒါပေမယ့် မောင့်ကတော့ ဒီနေရာမှာ စပါယ်ရှယ် အရာတွေကို ဖန်တီးနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ သူ့ရဲ့ ချိန်သားကိုက် ကစားနိုင်ခြင်း ၊ နေရာယူနိုင်ခြင်း ၊ နားလည်မှု ရှိခြင်း စတာတွေက အရမ်း ကောင်းပါတယ် ။ သူဟာ ပြိုင်ဖက်တွေ အတွက် ရင်ဆိုင်ရခက်တဲ့ ကစားသမား တယောက် ဖြစ်ပါတယ် ။ ”

” ကစားရတဲ့ ပွဲအရေအတွက် ၊ ပွဲထွက်စာရင်း အလဲအလှယ် လုပ်တာတွေကြောင့် သောမတ်စ် တူချယ် ဟာ မေဆင်မောင့်ကို ပွဲတိုင်း ထုတ်သုံးဖို့ ရွေးချယ်ခွင့် မရှိပါဘူး ။ ဒီတော့ သူ မပါတဲ့ ပွဲတိုင်းမှာ ချဲလ်ဆီး အသင်း အတွင်း ဖန်တီးမှု ပျောက်ဆုံးနေတတ်ပါတယ် ။ ”

” ပုံမှန်ဆိုရင် ကျွန်တော် ဟာ ကိုင်ဟာဗက်ဇ်ကို မေဆင်မောင့်ရဲ့ ဖန်တီးမှု အခန်းကဏ္ဍကို ပူးတွဲ ရယူဖို့ မျှော်လင့်တတ်ပါတယ် ။ ဒါပေမယ့် လူကာကူရဲ့ ပြဿနာကြောင့် သူဟာ အထောင် တိုက်စစ် နေရာကို အစားထိုး တာဝန်ယူရပြီး ၊ ဒီနေရာမှာ ခင်ဗျားဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို မြင်လေ့မြင်ထ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR