ချဲလ်ဆီးစတားကို ခေါ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ တိုနီကတ်ကာရီနို

ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖြစ်သူ တိုနီကတ်ကာရီနိုက ခရစ်စတယ်ပဲလေ့စ်မှာ အငှား ကစားနေတဲ့ ကော်နာဂါလေဂါ နဲ့ လီဗာပူး တို့ဟာ ပြီးပြည့်စုံတဲ့ အတွဲအဖက် ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ ချဲလ်ဆီး ကွင်းလယ်လူဟာ ဒီရာသီ ခရစ်စတယ်ပဲလေ့စ် အသင်းမှာ အငှား ထွက်ကစားရင်းနဲ့ ခြေစွမ်းပြ ကစားလျက် ရှိနေပြီး နွေရာသီမှာ အငှား စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အခါ ၎င်းကို ခေါ်ယူချင်တဲ့ ကလပ်တွေ အများအပြား တန်းစီ နေပါတယ်။

ပဲလေ့စ် အသင်းကလည်း အသက် ၂၂ နှစ် အရွယ် ကွင်းလယ်လူကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် အပြင်းအထန် ကြိုးစားလျက် ရှိနေပြီး ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ဖြစ်သူ ကတ်ကာရီနို ကတော့ လီဗာပူး အသင်း အနေနဲ့ အင်္ဂလန် လက်ရွေးစင်ကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့်လည် ကတ်ကာရီနိုက ချဲလ်ဆီး အနေနဲ့ ဂါလေဂါ လို ကစားသမားမျိုးကို သူတို့ရဲ့ ပရီးမီးယားလိဂ် ဖလား ပြိုင်ဘက် အသင်းထံ ရောင်းသွားဖို့ မရှိဘူးလို့ ၀န်ခံသွား ခဲ့ပါတယ်။

ကတ်ကာရီနိုက “ကော်နာဂါလေဂါဟာ အမြဲတမ်းလိုလို ဂိုးသွင်းနိုင်တာ ဒါမှမဟုတ် ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်မယ့်ပုံ ရှိတဲ့ ထူးချွန်တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော် သူ့ကို နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့လိုမျိုး ကစားသမားဟာ သိပ်ပြီး များများစားစား မရှိလို့ ဖြစ်ပါတယ်။

လီဗာပူးသာ သူ့လို ကစာသမားမျိုးကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ဂါလေဂါဟာ front three ရဲ့ နောက်ကနေ ကောင်းကောင်း ထောက်ပံ့ပေးနိုင်မှာ ဖြစ်တဲ့ အပြင် သွင်းဂိုးတွေလည်း ရယူပေးနိုင်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ သူတို့ရဲ့ ကစားသမားကို လီဗာပူးထံ ဘယ်တော့မှ ရောင်းချသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူသာ လီဗာပူးကို ပြောင်းခဲ့မယ် ဆိုရင် အတော်လေးကို အလုပ်ဖြစ်နိုင်မှာပါ။

ကော်နာဂါလေဂါဟာ ဂိုးတွေကို ရယူပေးနိုင်တဲ့ သူပါ။ ချဲလ်ဆီးမှာ သူ့အနေနဲ့ အခွင့်အရေး ရှိနိုင်ပမလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ သူလုပ်ပြထားသလိုမျိုး ချဲလ်ဆီးမှာ ဘယ်သူမှ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သောမတ်တူချယ် အနေနဲ့ ဒီလို ကစားသမားမျိုးကို သူ့ System မှာ အလိုရှိသလား ဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော် ကတော့ သူ့ကို ချဲလ်ဆီးတို့ အခွင့်အရေး ပေးဖို့ပဲ မျှော်လင့်ထားပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြ သောမတ်တူချယ်ကတော့ အသင်းမှာ ဂါလေဂါရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ပြောထားခဲ့ခြင်း မရှိဘဲ ရာသီကြို ကာလမှာ ကစားသမား အနေနဲ့ သူ့ရဲ့ system နဲ့ ကိုက်မကိုက် ဆိုတာကို အရင် ကြည့်သွားဖို့သာ ဆန္ဒ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဂါလေဂါဟာ ပြီးခဲ့တဲ့ စနေနေ့က ဆွစ်ဇာလန်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန် အတွက် ခြေစွမ်းပြ ကစားခဲ့ပြီး နည်းပြ ဂါရက်ဆောက်ဂိတ် ကိုတော့ သဘောကျစေခဲ့ပါတယ်။

ဆောက်ဂိတ်က “ကျွန်တော် သူ ပဲလေ့စ်မှာ ဘာတွေ လုပ်ပြခဲ့သလဲ ဆိုတာ မြင်နေရပါတယ်။ သူ့ရဲ့ pressing တွေဟာ တအားကို ကောင်းလှပါတယ်။ သူ့မှာ တအားကို မြင့်မားတဲ့ စွမ်းအင်ရှိနေပြီး pressing လုပ်တဲ့အခါမှာ သူဟာ ပြိုင်ဘက်တွေရဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ရုံသာမကဘဲ ဘောလုံးကိုပါ အရယူပြီး တိုက်စစ်ပြန်ဆင်စေပါတယ်။

သူဟာ ဟယ်ရီကိန်း အတွက် အရမ်းကိုကောင်းတဲ့ ပေးပို့မှု တစ်ခုကို လုပ်ပေးခဲ့ပါတယ်။ တစ်ချို့ နေရာတွေမှာတော့ ဘောလုံးကိုင်ကစားရာမှာ ဒီထက် အနည်းငယ် ပိုပြီး သပ်ရပ်ခဲ့သင့်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ပွဲဦးထွက် အတွက် တကယ့်ကို ပျော်ရွှင်နေမှာပါ။” လို့ ဆိုခဲ့ပါတယ်။

SM