ချဲလ်ဆီးကို ဝယ်ယူနိုင်ကြောင်း တရားဝင် ထုတ်ပြောလာတဲ့ ဆွစ်ဘီလျံနာ ဟမ်းစ်ယော့ဝစ်ဆ်

မနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ချဲလ်ဆီး အသင်းရဲ့ လက်ရှိ ပိုင်ရှင် ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ယင်းလန်ဒန်မြို့ခံ ကလပ်ကို ပိုင်ဆိုင်လာတဲ့ အနှစ် ၂၀ နီးပါး သက်တမ်း တလျှောက် ပထမဆုံး အကြိမ် အဖြစ် ရောင်းချဖို့ စဉ်းစားမှာ ဖြစ်ကြောင်း သိရပါတယ် ။

လတ်တလော ဖြစ်ပွားနေတဲ့ ရုရှား – ယူကရိန်း စစ်ပွဲကြောင့် အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်းကို တရားဝင် ဆက်လက် ပိုင်ဆိုင်ဖို့ အတွက် အလွန့်အလွန် အခွင့်အရေး နည်းပါးလာပြီး ၊ မကြာသေးခင်ကမှ ၄င်းရဲ့ အရိုက်အရာကို ချဲလ်ဆီး Trustees အဖွဲ့သို့ လွှဲပြောင်းကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါသေးတယ် ။

ဒီ statement နဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် တလွှား မကျေနပ်ချက်တွေ အများအပြား ထွက်ပေါ်လာခဲ့ကာ ၊ အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီးကို ဆက်လက် ပိုင်ဆိုင်ခွင့် ရဖို့ အတွက် ဒီလို ဝေ့လည်ကြောင်ပတ် ထုတ်ပြန်ချက်မျိုး ကြေညာခဲ့တာလို့ လူအများက ဝေဖန်ခဲ့ကြပါတယ် ။

အခုအခါမှာတော့ ယင်း ရုရှား သူဋ္ဌေး ဟာ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ အဆုံး ၊ သူ အရမ်း ချစ်ရတဲ့ ချဲလ်ဆီး အသင်းကို ပထမဆုံး အကြိမ် ထုတ်ရောင်းဖို့ စဉ်းစားလာရပြီ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အတွင်းကတည်းက ချဲလ်ဆီးကို ဝယ်ယူချင်တဲ့ ဥရောပနဲ့ အမေရိကမှ သူဋ္ဌေး အချို့ ရှိနေကြောင်း သိထားရပါတယ် ။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဆွစ်ဘီလျံနာ တဦး ဖြစ်တဲ့ ဟမ်းစ်ယော့ဝစ်ဆ် ဟာ ချဲလ်ဆီး အသင်းကို ဝယ်ယူဖို့ အလားအလာ များတဲ့ သူဋ္ဌေး တဦး ဖြစ်နိုင်ကြောင်း သိရပါတယ် ။ သတင်း အချက်အလက် ပြည့်ပြည့်စုံစုံ မထွက်သေးပေမယ့် ၊ အေဘရာမိုဗစ်ခ်ျ ချဲလ်ဆီးကို ရောင်းချမယ့် အခြေအနေ ဟာ အနှေးနဲ့ အမြန် ထွက်ပေါ်လာမှာ သေချာပါတယ် ။

လောလောဆယ် အမေရိကန် နိုင်ငံမှာ နေထိုင်နေတဲ့ ဟမ်းစ်ယော့ဝစ်ဆ် က အေဘရာမိုဗစ်ခ်ျ ကိုယ်တိုင် က ချဲလ်ဆီး အသင်းကို ရောင်းချဖို့ ၄င်း အပါအဝင် ဘီလျံနာ အချို့ကို ကမ်းလှမ်းထားကြောင်း ထုတ်ဖော်ရင်း ၊ ၄င်း ကိုယ်တိုင်လည်း ချဲလ်ဆီးကို ဝယ်ယူနိုင်ဖွယ် ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ် ။

Blick သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဝစ်ဆ် က ” အေဘရာမိုဗစ်ခ်ျ ဟာ ပူတင်ရဲ့ အနီးစပ်ဆုံး အကြံပေး ၊ မိတ်ဆွေ တဦး ဖြစ်ပါတယ် ။ တခြား ရုရှား သန်းကြွယ် သူဋ္ဌေးတွေလိုပဲ သူဟာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ၊ အကျပ်တွေ့နေပါတယ် ။ သူဟာ အင်္ဂလန်မှာ ရှိတဲ့ အိမ်ခြံမြေတွေကို ရောင်းချဖို့ ကြိုးစားနေပါတယ် ။ ”

” နောက်ပြီး ချဲလ်ဆီးကိုလည်း တတ်နိုင်သလောက် ခပ်မြန်မြန် ရောင်းချနိုင်ဖို့ အလိုရှိနေပါတယ် ။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ချဲလ်ဆီးကို ရောင်းချဖို့ အတွက် ကျွန်တော် အပါအဝင် တခြား သူဋ္ဌေး ၃ဦးထံ သူ ကမ်းလှမ်းမှု လုပ်ခဲ့ပါသေးတယ် ။ ချဲလ်ဆီးကို ဝယ်ယူဖို့ ? ဒါကို အတည်ပြုဖို့ အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့ အနေနဲ့ ၄ ၊ ၅ရက်လောက် စောင့်ရပါဦးမယ် ။ ”

” လောလောဆယ် အေဘရာမိုဗစ်ခ်ျ တောင်းတဲ့ကြေး က အရမ်း များလွန်းပါတယ် ။ ခင်ဗျားတို့ အားလုံး သိကြတဲ့ အတိုင်း ချဲလ်ဆီး ဟာ သူ့ဆီမှာ အကြွေး ၂ဘီလျံလောက် တင်နေပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးမှာ ဒါကို ပေးချေဖို့ ပိုက်ဆံ မရှိပါဘူး ။ ဆိုလိုတာ က ချဲလ်ဆီးကို ဝယ်ယူမယ်ဆိုရင် အေဘရာမိုဗစ်ခ်ျကို နစ်နာကြေး ပေးရမှာ ဖြစ်ပါတယ် ။ ”

” ဒီနေ့ အထိတော့ တိကျတဲ့ ရောင်းစျေးကို ကျွန်တော်တို့ မသိရသေးပါဘူး ။ ချဲလ်ဆီးကို ဝယ်ယူဖြစ်မယ်ဆိုရင်တော့ အစုရှယ်ယာအဖွဲ့ ပုံစံနဲ့ပဲ ဖြစ်မယ်လို့ ကျွန်တော် ယူဆရပါတယ် ။ ဒါပေမယ့် ယေဘူယျ အခြေအနေကို တချက် အရင် စစ်ဆေးရပါဦးမယ် ။ ”

 

” သေချာ ပြောနိုင်တာ တခု က ချဲလ်ဆီးကို ကျွန်တော် တဦးတည်းက ဝယ်ယူမှာ မဟုတ်ဘူး ဆိုတာပါပဲ ။ ချဲလ်ဆီးကို ဝယ်ယူဖြစ်ခဲ့ရင်တောင် တခြား ရင်းနှီးမြှုပ်နှံသူ ၆ဦးကနေ ၇ဦးအထိ ပါဝင်မယ့် အဖွဲ့ ပုံစံနဲ့ပဲ လှုပ်ရှားဖြစ်ပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR